မြန်မာဘက်သို့ ပို့မည့် လက်နက်များ ထပ်မိ

Friday, 11 March 2011 18:01
Print
ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၁ ဦးကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ယနေ့ ဖမ်းဆီး လိုက်သည်။

weapon-mm-shanထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှ ချင်းစန်မြို့သို့သွားရာ ကားလမ်းမဘေးရှိ ဟိုတယ်တခုတွင် တည်းခိုနေသော ဒေသခံ ထိုင်းနိုင်ငံသား ၁ ဦးကို ထိုင်းရဲများက သတင်းအရ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သက်သေခံ ပစ္စည်းများအဖြစ် လက်နက်ကြီး ကျည်ဆန် ၆၇ ခုနှင့် M-16 သေနတ် ကျည်ဆန် ၄ ဖာ တို့ကို သိမ်းဆည်း ရမိကြောင်း ယင်းသတင်းက ဆိုသည်။

အဖမ်းခံရသူ၏ ထွက်ဆိုချက်အရ လက်နက်များကို တာချီလိတ်မြို့နယ်ရှိ အမည်မသိ လူတဦးအား ပို့ပေးရန် ဖြစ်ကြောင်း၊ ယခု လက်နက် ပစ္စည်းများကို မူးယစ်းဆေးဝါးနှင့် လဲလှယ်ရန် ဟိုတယ်၌ ဖုန်းစောင့်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း၌လည်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အတွက် လက်နက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ထိုစဉ်က သက်သေခံ ပစ္စည်းများအဖြစ် ရောင်းချထားပြီးသား ၉ မမ ပစ္စတို သေတ္တာ ၅၆ သေတ္တာ၊ သေနတ်ပြောင်းရှည် ၂ လက်နှင့် M 60 သေနတ်ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။