ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ အာဏာဆက်လက် ချုပ်ကိုင်နိုင်

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာသွား သော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ၀ါရင့် နိုင်ငံရေးသမားကြီးများက ပြောကြားလိုက်သည်။

Than-Shwe-March-30-2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူယူထားသော ကာကွယ်ရေးဦးစီးချုပ် ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်သည်။

သံတမန်ဟောင်း၊ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “သူတို့က ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေးရာထူးတွေ ယူထားတာ မတွေ့ရတော့ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ထူးဆောင်အနေနဲ့ ဆက်နေမယ်ထင်တယ်။ နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သားအစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာ အာဏာမျက်နှာစာတွင် ရာထူးတစုံတရာ ယူထားခြင်းမရှိသော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်ဟု အများက သံသယ ရှိကြသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း၏ သင်ခန်းစာ ရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အာဏာအရှိဆုံးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင် က “အစိုးရသစ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရဆိုတော့ အစိုးရသစ်ဆိုပေမယ့် ပုလင်းအဟောင်းနဲ့အသစ် ပြောင်းလိုက်ရုံပဲ။ ဘာမှ ပြည်သူတွေအတွက် အကျိုးပြုမယ့်အစိုးရသစ် ဖြစ်လာမှာမဟုတ်ဘူး။ ဒီဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ဘာမှ ဖော်ဆောင်ထားတာ မရှိဘူး။ အစိုးရသစ်လို့ ပေါ်လာပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ နောက်ကွယ်က အာဏာကို ဆက်လက်ကိုင်စွဲသွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြုလိုက်ကတည်းက ဒီလိုလုပ်လာမယ်ဆိုတာ အားလုံးကြိုသိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ်တပုဒ်လို့ပဲ ထင်တယ်” ဟု ပြောသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်မည်ဟု သမ္မတသစ် ဦးသိန်းစိန်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး မိန့်ခွန်းရှည်တွင် ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်ကို အကောင်းဆုံး အကောင်အထည်အဖော်ရန် အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားသည်။

သခင်ချန်ထွန်းက “အရင်က ဗိုလ်ချုပ်နေ၀င်းက ဦးနေ၀င်းကို အာဏာလွှဲပေးတာ လုပ်ခဲ့တယ်။ အခုကျတော့ သူက ဦးသိန်းစိန်ကို လွှဲပေးပြီး အာဏာစွန့်တဲ့ပုံ။ သူက သမိုင်းရေးနေတာလေ။ သူဘာလုပ်ခဲ့တယ်ဆိုတာကို ရေးနေတာ။ ထွင်တာပေါ့။ ဟိုတုန်းက ဖဆပလ က လုပ်တဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ ဦးနေ၀င်းလုပ်ခဲ့တဲ့ပုံစံလည်း မဟုတ်ဘူး။ တမျိုးထွင်တာပေါ့။ လုပ်နေတာက သမိုင်းမှတ်တမ်းမှာ သူအာဏာအားလုံး စွန့်တဲ့ပုံပေါ့” ဟု ပြောသည်။

သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင် အစိုးရသစ်ကို အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်လည်း အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဦးအေးသာအောင်က “မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေး အဖြေရှာမှ ရမှာ။ အခုလွှတ်တော်ကလည်း ဘာမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူး။ အဲဒီ လွှတ်တော်ကနေပြီး ထွက်ပေါ်လာတဲ့ အစိုးရသစ်က အရင်အစိုးရက လူတွေပဲ၊ ဘာမှ မပြောင်းလဲဘူး။ ဒီတော့ အစိုးရသစ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လုပ်မယ်လို့ မထင်ဘူး” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကမူ “ဒီနေ့ ကြေညာတယ်ဆိုတာပဲ သိရတယ်။ အပြည့်အစုံတော့ ကျနော်တို့က မသိသေးဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲတခု ဖြစ်တယ်ဆိုရင်တော့ ကြိုဆိုရမယ်။ ဒါပေမယ့် သတိနဲ့တော့ ကြိုဆိုတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ စောင့်ကြည့်သွားရမှာပါပဲ” ဟု ဆိုသည်။

ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်တွင် ဝန်ကြီး ၃၀ က ဝန်ကြီးဌာန ၃၄ ခု ကို ကိုင်တွယ်သွားကြမည်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်