ဂန်ဘာရီ မြန်မာပြည် သွားဦးမည်

Monday, 26 January 2009 20:19
Print
ကမ္ဘာ့ ကုသမဂ္ဂ၏  မြန်မာ နိုင်ငံဆိုင်ရာ အထူး အကြံပေး အရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ယခု လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အေပီ သတင်းဌာနတွင် ဖော်ပြထားသည်။

မစ္စတာ ဂန်ဘာရီသည် ယခုလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့သွားရောက်မည် ဖြစ်ကြောင်း အမည်မဖော် လိုသည့် သံတမန်တဦးက ပြောကြားသော်လည်း တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မပြုသေးကြောင်း သိရသည်။

၎င်း၏ ခရီးစဉ်အတွင်း စစ်အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် စေ့စပ်ဆွေးနွေးရန် ကြိုးစားသွားမည် ဟုလည်း အေပီက ရေးသားထားသည်။

ကုလသမဂ္ဂ၏ မြန်မာ့အရေးနှင့် ပတ်သက်၍ ကြားဝင် ဆောင်ရွက်ပေးရေးနှင့် ပတ်သက်ပြီး ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) ၏ ဥက္ကဌ ဦးအောင်မိုးဇော်က “အသုံးဝင်တယ်လို့တော့ ထင်တယ်။ ဒါပေမယ့် အခု အနေအထားကတော့ မျှော်လင့်ချက် အတော်နည်းတယ်။ သူတို့နောက်က ရပ်တည်မယ့် နိုင်ငံတွေကြားမှာ ကွဲပြားနေတယ်။ အားရစရာ မကောင်းဘူး။ ပြောထားတာတွေ ထိထိရောက်ရောက် ဖြစ်အောင် မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် ပိုပြီး ကြိုးစားသင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လထဲတွင် မစ္စတာဂန်ဘာရီ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုများ အလုပ်မဖြစ်၊ လက်ဆုပ် လက်ကိုင်ပြနိုင်သည့် တိုးတက်မှု တစုံတရာ မရှိဟူ၍ ပြည်ပအခြေစိုက် ဒီမိုကရေစီ အင်အားစုများနှင့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကြေညာချက် ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။

မစ္စတာ ဂန်ဘာရီအပေါ် အတိုက်အခံနှင့် စစ်အစိုးရ နှစ်ဘက်လုံး၏ ယုံကြည်မှုရှိ မရှိဆိုသည်နှင့် ပတ်သက်၍ လည်း ဦးအောင်မိုးဇော်က “ သူလုပ်ခဲ့ တဲ့ ကိစ္စတွေနဲ့ပဲ ဆိုင်တယ်။ သူ့ခရီးစဉ်တွေ ပြီးတော့ မပြီးသေးဘူး။ အောင်မြင်တယ်လို့ ပြောလို့ မရသေးဘူး” ဟု ပြောကြားသည်။

မစ္စတာ ဂန်ဘာရီသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်း တနှစ်တည်းတွင် စုစုပေါင်း ၄ ကြိမ်တိုင်တိုင် သွားရောက်ခဲ့သည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ရန်ကုန်အခြေစိုက် အေအက်ဖ်ပီ သတင်းဌာနကို “ကျနော်တို့ အနေနဲ့ မစ္စတာ ဂန်ဘာရီကို နောက်ထပ် ကြိုဆိုပါတယ်။ ဒါပေမယ့် သူ့ခရီးစဉ်ကနေ ရလဒ်ကောင်း တွေ ထွက်လာလိမ့်မယ် မထွက်လာဘူး ဆိုတာကိုတော့ ကျနော်တို့အနေနဲ့ သေချာပေါက် မသိနိုင်ဘူး” ဟု ပြောသည်။