အိုဘားမားမိန့်ခွန်း ဆင်ဆာထိ

E-mail Print
ရန်ကုန် အခြေစိုက် သတင်းဂျာနယ်များတွင် အမေရိကန် သမ္မတသစ် အိုဘားမား၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြခွင့် မရှိကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။

“တခြား သတင်းတွေ ဖော်ပြလို့ ရတယ်၊ အိုဘားမားရဲ့ မိန့်ခွန်းကိုတော့ ကောက်နုတ်ချက်ပဲ ခွင့်ပြုတယ်။ တပုဒ်လုံး မပေးဘူး” ဟု သတင်းဂျာနယ် တစောင်မှ အယ်ဒီတာ တဦးက ပြောသည်။

ရန်ကုန် အခြေစိုက် ဂျာနယ် တစောင်သည် မျက်နှာဖုံးတွင် အိုဘားမား၏ မိန့်ခွန်းကို အပြည့်ရေးပြီး စာပေ စိစစ်ရေးသို့ တင်ရာ ခွင့်မပြုသဖြင့် ဂျာနယ် မျက်နှာဖုံးတွင် ရောင်စုံများချယ်၍ တခါမှ မထွက်ဘူးသည့် ပုံစံဖြင့် ထွက်လာသည်ကို တွေ့ရကြောင်း ရန်ကုန် စာပေ အသိုင်းအဝန်းမှ ကြားသိရသည်။

“ဘာလို့လဲလို့ မေးကြည့်တော့ အိုဘားမား မိန့်ခွန်းထဲမှာ အစိုးရက သူတို့မကြိုက်တဲ့ အချက်တချို့ ပါနေလို့ လို့ ပြောတယ်။ နောက်တခု ကျနော်တို့ ကြားတာကတော့ ခွင့်ပြုလိုက်ရင် အိုဘားမားကို မြန်မာ မီဒီယာတွေက ပွင့်ပွင့်လင်းလင်း ကြိုဆိုခွင့် ရသွားပြီဆိုတဲ့ ပုံစံမျိုးဖြစ်မှာစိုးလို့ ဆိုပြီး ကြားတယ်။ ဗိုလ်မှူးတင့်ဆွေတို့ ကိုယ်တိုင်က အိုဘားမားကို စောင့်ကြည့်နေတုန်း။ ဘယ်ခြေလှမ်းမှန်း မသိသေးလို့ ခွင့်မပြုသေးတာလို့ ပြောတယ်” ဟု နာမည်ကြီး မီဒီယာတခုမှ အယ်ဒီတာ တဦးကပြောသည်။

တခြားသော သတင်းဂျာနယ် များသည်လည်း အိုဘားမား၏ မိန့်ခွန်းထဲမှ ကောက်နုတ်ချက် တချို့ကိုသာ ခွင့်ပြုပြီး အပြည့်အဝ ခွင့်မပြုကြောင်း အိုဘားမား မိန့်ခွန်းကို ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခွင့်ရရန် ကြိုးစားခဲ့သည့် ဂျာနယ် အယ်ဒီတာများထံမှ ကြားသိရသည်။

အမေရိကန် သမ္မတ အိုဘားမား ကျမ်းသစ္စာ ကျိန်ဆိုသည့်နေ့က မြန်မာပြည်သူ အများအပြားသည် ညဥ့်နက်သည်ထိ အိပ်ရေးပျက်ခံကာ ရုပ်သံမှတဆင့် စောင့်ကြည့်ကြကြောင်း ကြားသိရသည်။

မြန်မာပြည်သူ အများစုမှာ အိုဘားမားကို သဘောကျကြပြီး ၎င်း၏ “အဂတိလိုက်စားမှုတွေ၊ လိမ်ညာမှုတွေနဲ့ အာဏာကို ဖက်တွယ်နေကြသူတွေ၊ အတိုက်အခံအသံတွေကို တိတ်အောင် ပြုပြီး အာဏာကို ဖက်တွယ်ထားတဲ့သူတွေ၊ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားယွင်းနေတဲ့ဘက်မှာ ရှိနေကြတယ်ဆိုတာ သိရမယ်” ဟူသည့် မိန့်ခွန်းသည် မြန်မာစစ်အာဏာရှင်များကို ပြောနေခြင်းဖြစ်သည်ဟု ထင်မြင်ယူဆသူများရှိသည်။

“အိုဘားမားရဲ့ မိန့်ခွန်းက နအဖကို တိုက်ရိုက်ပြောနေသလိုပဲ ဆိုတော့ မြန်မာပြည်သူတွေကို မဖတ်စေချင်တာ ဖြစ်မယ်” ဟု ဂျာနယ်များတွင် အိုဘားမား၏ မိန့်ခွန်းထည့်သွင်းခွင့် မပြုခြင်းနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် ကုမ္ပဏီဝန်ထမ်း လူငယ်တဦးက သုံးသပ်သည်။

အိုဘားမား၏ မိန့်ခွန်းကို နားထောင်လိုက်ရသည့် မြန်မာပြည်သူ များအနေနှင့် ပြည်သူလူထုက တင်မြှောက်သည့် ခေါင်းဆောင်တယောက် ရလိုစိတ် ထက်သန်လာပြီး သမ္မတသစ် မိန့်ခွန်းမှာလည်း မြန်မာပြည်သူများကို တိုက်ရိုက် ရည်ရွယ်ပြောဆိုနေကြောင်း ခံစားကြရသည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

စစ်အစိုးရပိုင် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်မူ သမ္မတဟောင်း ဘုရှ်၏ “အမျိုးသမီးများ ကိုယ်ဝန် ဖျက်ချမှု ရန်ပုံငွေထည့်ဝင်ခြင်း ပိတ်ပင်ထားမှု” ကို သမ္မတသစ် အိုဘားမားက ပြန်လည်ရုပ်သိမ်းသည့် သတင်းနှင့် “ဂွမ်တာနာမို အကျဉ်းစခန်းပိတ်သည်ဟူသော အိုဘားမား၏ ဆုံးဖြတ်ချက်ကို ကုလအထွေထွေ အတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုသည်” ဟူသည့်သတင်းများသာ ဖော်ပြထားကြောင်း တွေ့ရှိရ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်