ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းများ ဖျက်သိမ်းကြဖွယ်ရှိ

E-mail Print
မြန်မာ အလုပ်သမားများကို နိုင်ငံရပ်ခြားသို့ တရားဝင် ပို့ဆောင်ပေးနေသည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနေနှင့် ယခုနှစ်တွင် လုပ်ငန်းလိုင်စင် သက်တမ်း ဆက်မတိုးတော့ဘဲ ဖျက်သိမ်းကြဖွယ် ရှိကြောင်း ရန်ကုန်အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များက ပြောသည်။

ယခုအခါ နိုင်ငံရပ်ခြားသို့ မြန်မာ အလုပ်သမားများ ပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ လုပ်ငန်းများ ရပ်ဆိုင်းနေရသည့် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၃၂ ခုအနက် ထက်ဝက်ခန့်မှာ လုပ်ငန်းလိုင်စင် ဖျက်သိမ်းကြရန် စီစဉ်နေကြောင်း ရန်ကုန်၊ ကျောက်တံတား မြို့နယ်မှ ပြည်ပ အလုပ်အကိုင် အေဂျင်စီပိုင်ရှင် တဦးက ပြောသည်။ ထိုလုပ်ငန်းများ အားလုံး အလုပ်သမား ၀န်ကြီးဌာနတွင် တနှစ်တကြိမ် လုပ်ငန်းလိုင်စင် သက်တမ်း တိုးရကြောင်း ၎င်းကဆက် ပြောသည်။

“မနှစ် နိုဝင်ဘာလောက် ကတည်းက ပြည်ပအလုပ် ခေါ်တာတွေ အရမ်းနည်းလာတယ်။ ဒီဇင်ဘာလ မှာလည်း ပိုပြီး နည်းလာတယ်။ ခုတော့ လုံးဝကို အလုပ်ခေါ်စာ မရှိတောဘူး” ဟု ကမာရွတ် မြို့နယ်ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တခုမှ ၀န်ထမ်းတဦးက ရှင်းလင်း ပြောပြသည်။

ယခင်က အေဂျင်စီ တခုအနေနှင့် မလေးရှားသို့ တလလျှင် လုပ်သား ၃၀ နှင့် ၄၀ အကြား စေလွှတ်နိုင်ခဲ့ သော်လည်း ယခုအခါ ၃ ဦးမှ ၁၀ ဦးခန့် အထိသာ စေလွှတ်နိုင်ပြီး တချို့သော လများတွင် အလုပ်ခေါ်စာ မရှိသည့် အတွက် လုပ်သားများ လုံးဝ စေလွှတ်နိုင်ခြင်း မရှိကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဈေးကွက်မှ သိရှိရသည်။

ရန်ကုန် အခြေစိုက် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၃၂ ခုတွင် မလေးရှား နိုင်ငံသို့ အဓိကထားကာ လုပ်သား ပို့ဆောင်နေသည့် အေဂျင်စီ အရေအတွက်မှာ ၇၀ ကျော်ရှိပြီး စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ ဒူဘိုင်းနှင့် တခြားသော နိုင်ငံများသို့ ပို့ဆောင်သည့် အေဂျင်စီ အရေအတွက်မှာ ၄၀ နီးပါးရှိသည်။ ယခု အနေအထားတွင် မလေးရှားနိုင်ငံမှ အလုပ်ခေါ်ဆိုမှု အလွန့််အလွန် ကျဆင်းနေသည့် အတွက် စီးပွားရေး အဆင်မပြေ တော့ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသိုင်းအ၀န်းမှ သိရသည်။

မြန်မာလုပ်သားအများအပြား တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မလေးရှား နိုင်ငံမှ အလုပ်သမား ခေါ်ယူမှုမရှိသကဲ့သို့ စင်ကာပူနိုင်ငံသည်လည်း လုပ်သားခေါ်ယူမှု အလွန်အမင်း လျော့ကျနေသည့်အတွက် အလုပ်အကိုင်အေဂျင်စီများတွင် မြန်မာလုပ်သား အများစု ရာထောင်ချီ သောင်တင်စုပြုံနေကြောင်း ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမကြီးအနီးရှိ  ပြည်ပအလုပ်အကိုင် အေဂျင်စီတခု၏ ပိုင်ရှင်ကပြောဆိုသည်။

“မလေးရှားသွားချင်တဲ့ သူကများတယ်။ အားလုံးကနယ်ကချည်းပဲ။ သွားချင်တဲ့လူက များပြီး အလုပ်ခေါ်စာက နည်းတော့ လူတွေစုပြုံ တိုးနေကြတာ။ လယ်သမားတွေ၊ ရာဘာခြံ လုပ်သားတွေ အများကြီးပဲ။ စင်ကာပူ သွားချင်တဲ့ လူတွေလည်း ပုံနေပေမယ့် မလေးရှား သွားချင်တဲ့ လူလောက်တော့ မများဘူး” ဟု ၎င်းကပြောပြသည်။

ကာတာ၊ ယူအေအီးနှင့် ဒူဘိုင်း နိုင်ငံများသို့ လုပ်သားစေလွှတ်နိုင်သော အေဂျင်စီ အနည်းငယ်မှာမူ အလုပ်ဖြစ်နေသေးသော်လည်း တခြား အေဂျင်စီအများစုမှာ အလုပ်မဖြစ် တော့ဘဲ စီးပွားရေး အဆင်မပြေကြောင်း သိရှိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် ယခုအခြေအနေတွင် စီးပွားရေးကြပ်တည်းသည့်
ပြဿနာများ ရင်ဆိုင်နေရသကဲ့သို့ တနှစ်လျှင် လုပ်သား ၃၀၀ ပြည်ပသို့ စေလွှတ်နိုင်မှသာ အေဂျင်စီ လိုင်စင်သက်တမ်းတိုးပေးမည် ဆိုသော အလုပ်သမားဝန်ကြီးဌာန၏ ကန့်သတ်ချက် ကြောင့် အခက်တွေ့နေရကြောင်း ကြားသိရသည်။

“ပြည်ပအလုပ်တွေ ရှားသွားတော့ အေဂျင်စီတော်တော်များများ မနှစ်ကတည်းက လုပ်သား ၃၀၀ ပြည့်အောင် မပို့နိုင်တော့ဘူး။ စီးပွားရေးမကောင်းတဲ့ အချိန်မှာ အလုပ်သမား ၀န်ကြီး ဌာနရဲ့ သတ်မှတ်ချက် ကြောင့် လုပ်ငန်းလိုင်စင် ဖျက်သိမ်းကြဖို့ များတယ်” ဟု ကမာရွတ် မြို့နယ်မှ ပြည်ပအလုပ်ကိုင် အေဂျင်စီ လုပ်ငန်းရှင်ကဆိုသည်။

အလုပ်သမားဝန်ကြီးဌာန၏ ကန့်သတ်ချက်ကို လျှော့ချပေးသည့်တိုင် စီးပွားရေးပြန်လည် ကောင်းမွန်မည့် အခြေအနေ မရှိသည့်အတွက် အေဂျင်စီများသည် ၂၀၀၉ ခုနှစ်အတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးကြဖွယ် မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ အေဂျင်စီပိုင်ရှင်တဦးက သုံးသပ်သည်။

လက်ရှိအနေအထားအရ မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားခေါ်ဆိုမှု လုံးဝမရှိတော့ဘဲ စားသောက်ဆိုင်နှင့် တခြားဝန်ဆောင်မှုလုပ်ငန်း အနည်းငယ်မှ လုပ်သားခေါ်ယူမှု အနည်းငယ်သာရှိနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီ ဈေးကွက်မှ သိရှိရသည်။

“အလုပ်ရုံ စက်ရုံတွေက လုပ်သားခေါ်စာ လုံးဝမရတော့ဘူး။ စားသောက်ဆိုင်နဲ့ ကားရေဆေးတို့လို ၀န်ဆောင်မှု လုပ်ငန်းတွေကတော့ လုပ်သားနည်းနည်း ခေါ်တယ်” ဟု ကျောက်တံတားမြို့နယ် အေဂျင်စီတခု၏ မန်နေဂျာ တဦးက ပြောပြသည်။

ပြည်ပနိုင်ငံမှ အလုပ်အကိုင်ခေါ်ဆိုမှု နည်းပါးနေသော်လည်း အလုပ်အကိုင် ပြန်လည် ကောင်းမွန်ချိန်တွင် လုပ်သားခေါ်ယူမှုများ ပြန်လည်စတင်ပါက အဆင်သင့် ဖြစ်ရန် မလေးရှားနိုင်ငံအတွက် လုပ်သား ၁၅၀၊ စင်ကာပူနိုင်ငံအတွက် လုပ်သား ၆၀၀ ကျော် စုဆောင်းနေကြောင်း ရန်ကုန်မြို့မှ နာမည်ကျော် သုခစုစံပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီ ၀န်ထမ်းတဦးက ရှင်းပြသည်။

သုခစုစံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွင် မလေးရှားနှင့် စင်ကာပူ အလုပ်အကိုင် အတွက် စာရင်းပေးသွင်းသည့် လုပ်သားများ အလုပ်ရရှိရန် ၃လ၊ ၅လ သို့မဟုတ် ပြည်ပအလုပ်များမှ လုပ်သား လိုအပ်ကြောင်း အလုပ်ခေါ်စာ ပေးပို့သည့်အချိန်ထိ စောင့်ဆိုင်းကြရကြောင်း ၎င်းက ပြောပြသည်။

မြန်မာအလုပ်သမားအများစု သွားရောက်အလုပ်လုပ်နေသော မလေးရှားနိုင်ငံတွင် တရုတ် နှစ်သစ်ကူးအပြီး အလုပ်သမား ၄၅၀၀၀ ကို လျှော့ချမည်ဖြစ်ရာ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းများအတွက် နိုင်ငံခြားသား လုပ်သားများ ခေါ်ယူမှုရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း မလေးရှား လူ့အရင်းအမြစ် ၀န်ကြီး အက်စ်ဆူဗရာမာနီယန်က ပြောကြားခဲ့ပြီး ယခုအချိန်သည် နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းရမည့် အချိန်မဟုတ်ဘဲ ပထမဆုံး လျှော့ချရမည့် အလုပ်သမားများသည် နိုင်ငံခြားသားများသာ ဖြစ်သင့်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောကြားသည်ဟု ဇန်န၀ါရီ ၂၂ ရက်နေ့ နယူး စထရိတ်တိုင်းမ်(စ်) သတင်းစာတွင် ဖော်ပြထားသည်။

ထိုသတင်းဖော်ပြချက်များကြောင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းမပြုဘဲ ဖျက်သိမ်းရန် စီစဉ်နေသည့် ရန်ကုန် ပြည်ပ အလုပ်အကိုင်အေဂျင်စီများ အတွက် ယခုနှစ် လုပ်ငန်းများခေတ္တရပ်နားရန် ပိုမိုသေချာလာစေသည်ဟု ကမာရွတ်မြို့နယ်မှ လုပ်ငန်းရှင်က သုံးသပ်သည်။

“မလေးရှားအလုပ်အတွက် စောင့်နေတာ သုံးလလောက်ရှိပြီ။ ခုထက်ထိ မရသေးဘူး” ဟု တာမွေမြို့နယ် အတွင်းရှိ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုနှင့် ဆက်သွယ်ပြီး မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန် စီစဉ်နေသူ အသက် ၂၇ နှစ်အရွယ် ရန်ကုန်သား တဦးက ဆိုသည်။

ယခုနှစ် စပါးဈေးနှုန်းနှင့် ပဲဈေးနှုန်းများ ကျဆင်းခဲ့ရာ တောင်သူ လယ်သမားများ အရှုံးပေါ်လျက်ရှိသောကြောင့် ဧရာဝတီတိုင်းမှ တချို့သော လယ်သမားများမှာ လယ်ယာလုပ်ငန်း ပြန်လည် လုပ်ကိုင်ရန် စိတ်မ၀င်စားတော့ဘဲ မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း ဧရာဝတီတိုင်း၊ ကျောင်းကုန်း မြို့နယ်မှ လယ်သမားများက ပြောကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်