ရင်းနှီးမြုပ်နှံမှု ကော်မရှင် အသစ်ပြန်ဖွဲ့

E-mail Print
သမ္မတ ဦးသိန်းစိန်က အစိုးရထိပ်တန်း အဆင့်မြင့်အရာရှိ ၁၆ ဦးပါဝင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC)ကို အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

Tin_Naing_Thein400ယင်း MIC ပြင်ဆင်ဖွဲ့စည်းမှုကို ပြီးခဲ့သည့် ဧပြီလ၂၀ ရက်က အမိန့်ကြေညာချက် အမှတ် ၃၃/၂၀၁၁ ဖြင့် ထုတ်ပြန်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးတင်နိုင်သိန်း ကို ဥက္ကဌ အဖြစ်ခန့်အပ်လိုက်ကြောင်း ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ပြောသည်။

“ဦးတင်နိုင်သိန်းက ဥက္ကဋ္ဌ။ ရထားပို့ဆောင်ရေး ဒုဝန်ကြီး သူရဦးသောင်းလွင်က ဒု ဥက္ကဋ္ဌ။ အတွင်းရေးမှူးအဖြစ် အမျိုးသား စီမံကိန်း နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာကံဇော်ကို ခန့်တယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေက ဒု ၀န်ကြီးတွေ၊
ညွှန်ကြားရေးမှူးချုပ်တွေ ပါတယ်။ ကော်မရှင်မှာ ၀န်ကြီးတဦး၊ ဒုဝန်ကြီး ၁၁ ဦး၊ ညွှန်ကြားရေးမှူးချုပ် ၄ ဦး စုစုပေါင်း ၁၆ ဦးပါတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးက ပြောပြသည်။

ယခုပြင်ဆင်ဖွဲ့စည်းလိုက်သော MIC သည် ယခင်နှင့်မတူဘဲ ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံလိုသူများကို အဆင်ပြေစေရန် ညှိုနှိုင်း ဆောင်ရွက်ပေးရမည်ဟု သမ္မတဦး သိန်းစိန် က ညွှန်ကြားထားပြီး အထူးသဖြင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံ အပါအ၀င် အာရှနိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုများ ပိုမိုရရှိရန် လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

“ပုံစံရော၊ မူရောက အရင်နဲ့မတူဘူး။ မြန်ရမယ်၊ မှန်ရမယ်၊ ရင်းနှီးမြုပ်နှံမှုတွေကို တိုးမြှင့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။နောက်ပြီး ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ညွှန်ချုပ် ဦးအေးကို ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့တွဲဖက် အတွင်းရေးမှူး အဖြစ် ခန့်ထားတော့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအားလုံးနဲ့ ရင်းနှီးမြုပ်နှံမှုတွေအားလုံးက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ထိန်းချုပ်မှု အောက်ကို အလိုလိုရောက်သွားတယ်”ဟု နေပြည်တော်ရှိ အစိုးရအရာရှိတဦးက ဆိုသည်။

ယခင် ကုန်သွယ်မှုကောင်စီ က သွင်းကုန်၊ ပို့ကုန် လိုင်စင်များအား စိစစ် ချထားပေးခဲ့ပြီး ယခုအခါ MIC က ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများကို စိစစ်ရုံသာမက သွင်းကုန်လိုင်စင်များ ချထားပေးမှုရှိကြောင်း သိရှိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင် တဦး ကမူ အစိုးရ သစ်အနေနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းမှုများပြုလုပ်ရုံနှင့် စီးပွားရေးတိုးမြှင့်နိုင်မည်မဟုတ်ဘဲ မူဝါဒပိုင်း ဆိုင်ရာ ပြုပြင်းပြောင်းလဲမှု အဆက်မပြတ်ပြုလုပ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

ထိုသို့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးတင်နိုင် သိန်းကို တာဝန်ပေးအပ်သည် ဆိုသော်လည်း အဓိကကျသည့် ဆုံးဖြတ်ချက်များတွင် ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး  ဆက်လက်ပါဝင်နေသည်ကို တွေ့မြင်ရဆဲ ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

“အခုရက်ပိုင်း ရင်းနှီးမြှပ်နှံခွင့်တွေနဲ့ ပတ်သက်ရင် ခွင့်ပြုတယ်၊ မပြုဘူးဆိုတဲ့ မှတ်ချက်တွေ လက်မှတ်တွေက ဦးတင်အောင်မြင့်ဦး  နာမည်တွေနဲ့ ချည်းပဲ တွေ့နေရသေးတယ်”ဟု ၎င်းက ဆိုသည်။

ယခုအစိုးရသစ်လက်ထက်တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံမှုများနှင့်ပတ်သက်လျှင် သမ္မတ ဦးသိန်းစိန်မှ မှတ်ချက်ချစိစစ်ပေး သည်ဟု သိရှိရပြီး ယခင် စစ်အစိုးရလက်ထက်က ဖျက်သိမ်းခဲ့ပြီးဖြစ်သော ကုန်သွယ်မှု မူဝါဒကောင်စီ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟောင်း သီဟ သူရ ဦးတင်အောင်မြင့်ဦးက ဆုံးဖြတ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်က ရှင်းပြသည်။

လေ့လာသူများ အဆိုအရ သမ္မတ ဦးသိန်းစိန်နှင့် သီဟ သူရ ဦးတင်အောင်မြင့်ဦးတို့ အကြား၌ ပဋိပက္ခ အားပြိုင်မှုများ ရှိနေပြီး ဦးသိန်းစိန် အနေဖြင့် သီဟ သူရ ဦးတင်အောင်မြင့်ဦး၏ လုပ်ပိုင်ခွင့်များကို လျှော့ချလိုမှု ရှိနေကြောင်း သိရသည်။

ယခု ဖွဲ့စည်းသည့် MIC တွင် သွင်းကုန်ထုတ်ကုန်လိုင်စင်များကို ချထားပေးသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့် ပါဝင်ခြင်း ရှိမရှိကိုမူ မသိရသေးပေ။

MIC သည် ယခုအထိ မူဝါဒပိုင်းပြောင်းလဲမှု သိသိသာသာမရှိသေးကြောင်း၊ ဈေးကွက်သဘောအတိုင်း လွတ်လပ်စွာ ဖွင့်ပေးမှုမရှိ ဘဲ ထိန်းချုပ်မှုများနှင့် တင်းကျပ်စွာ လုပ်ကိုင်နေသေးကြောင်း UMFCCI ဗဟိုအလုပ်အမှု ဆောင်က ပြောသည်။

ယခင်က MIC ၏ ဥက္ကဋ္ဌ အဖြစ် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်းက ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံက စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း အစိုးရတရားဝင် ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်