ဒီပဲယင်း ၈ နှစ်ပြည့်ပြီ

E-mail Print
လွန်ခဲ့သည့် ၈ နှစ်က ဖြစ်ပွားခဲ့သည့် ဒီပဲယင်းဒေသ အကြမ်းဖက်မှုတွင် သေဆုံးသွားသူများအား ရည်စူးသည့် ဆွမ်းကပ် အမျှပေးဝေခြင်းကို ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက မန္တလေးမြို့တွင် ယနေ့ ပြုလုပ်ကြသည်။

ချမ်းအေးသာဇံမြို့နယ် အနောက် ခေမကန် ကျောင်းတိုက်၊ သူဌေးကျောင်းတွင် ကုသိုလ် ပြုခဲ့ကြကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က ဧရာဝတီကို ပြောသည်။

“ဒီနေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး ပထမဆုံးလုပ်တဲ့  ဒီပဲယင်း ၈ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်တယ်။ မနက် ၇ နာရီက သံဃာတော် ဆွမ်းကပ်ပြီး နေ့လယ်ပိုင်းမှာ ဒီပဲယင်း အောက်မေ့ဖွယ် အခမ်းအနား တခုကို လုပ်ခဲ့တယ်” ဟု ဦးသိန်းတန်က ရှင်းပြသည်။

ဒီပဲယင်း လုပ်ကြံမှု မျက်မြင်သက်သေများ ဖြစ်ကြသော စစ်ကိုင်းတိုင်းမှ ဦးကျော်အေး၊  မန္တလေးတိုင်းမှ ဦးလှမြင့် တို့က တွေ့ကြုံခဲ့ရသည်များကို ပြန်လည် ပြောပြကြသည်ဟု သိရသည်။ ထိုစဉ်က သေဆုံးသွားသူတို့၏ မိသားစုဝင်များလည်း ယနေ့ ကျရောက်သည့် နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်သည်ဟု ဆိုသည်။

“မိသားစုတွေကို အခု အားပေးနှစ်သိမ့် စကားတွေ ပြောကြတယ်။ ထောက်ပံ့တဲ့ အနေနဲ့ တမိသားစုကို ၂၀၀၀၀ (ကျပ်) စီ ပေးအပ်ခဲ့တယ်” ဟု မန္တလေးတိုင်း NLD မှ ကိုမျိုးနိုင်က ဧရာဝတီကို ပြောသည်။

ဒီပဲယင်း အဖြစ်အပျက်တွင် သေဆုံးသူပေါင်း ၈၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသော်လည်း စာရင်း အတိအကျ ကောက်ယူရေး အတွက် ခက်ခဲနေကြောင်း၊ ယခင် စစ်အစိုးရကလည်း ဒီပဲယင်းဖြစ်ရပ်ကို ဖော်ထုတ် စုံစမ်းမှုများ မလုပ်ခဲ့ကြောင်း၊ လက်ရှိ အာဏာပိုင်တို့ လက်ထက်တွင် လွတ်လပ်သော စုံစမ်းမှုများလုပ်သင့်ကြောင်း ကိုမျိုးနိုင်က ပြောသည်။

အကြမ်းဖက်ခံရသူများ၊ သေဆုံးသွားသူတို့၏ မိသားစုများကို နစ်နာကြေး ပေးပြီး အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မပေါ်စေရေးအတွက် ယခု အစိုးရသစ်က လုပ်ဆောင်သင့်ကြောင်း ကိုမျိုးနိုင်က ဆက်ပြောသည်။

ယနေ့ ပြုလုပ်သည့် ၈ နှစ်မြောက် အစီအစဉ်သို့ ဦးနိုင်းနိုင်း၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊  ဒေါ်ခင်ဌေးကြွယ်၊ ကိုမျိုးညွန့်၊ မဖြူဖြူသင်း စသည့် ရန်ကုန်မှ NLD ခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်များ တက်ရောက်ကြောင်း၊ NLD ၏ စစ်ကိုင်းတိုင်း စည်းရုံးရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ် ဖြစ်သောကြောင့် တက်ရောက်လာသူ ၁၅၀ ခန့် ရှိကြောင်း သိရသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က NLD ခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့၏ ယာဉ်တန်း ဒီပဲယင်းမြို့နယ်၊ ကျည်ရွာသို့ ရောက်ရှိစဉ် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ပြီး စောင့်ဆိုင်းနေသည့် လူ ၅၀၀၀ ခန့်က ၀ိုင်းဝန်း တိုက်ခိုက်ကြသည်။

ထိုလုပ်ကြံမှုမှ အသက်မသေဘဲ လွတ်မြောက်သွားသော NLD ခေါင်းဆောင် ၂ ဦးသည် နှစ် အတန်ကြာ ထိန်းသိမ်းခံလိုက်ရသည်။

ယမန်နှစ်က ပြန်လည် လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်သည် နယ်သို့ ခရီး ထွက်မည် ဟူသော သတင်းကြောင့် ဒီပဲယင်းတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမျိုးနှင့် ထပ်မံ ကြုံတွေ့မည်ကို အများက စိုးရိမ်နေကြသည်။

“နယ်ထွက်တယ် ဆိုတာ နိုင်ငံရေးအရ လူထုနဲ့ တိုက်ရိုက် ထိတွေ့တာဖြစ်တယ်။ ဒါပေမယ့် ဒီပဲယင်း အိပ်မက်ဆိုးက အခုထိ မက်နေဆဲ၊ ဒေါ်အောင်ဆန်းစုကြည် အတွက် အသက်အန္တရာယ်ကို ကျမတို့ စိုးရိမ်နေဆဲပဲ” ဟု ယနေ့ နှစ်လည် အစီအစဉ်သို့ တက်ရောက်သော မန္တလေးသူတဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်