NLD နိုင်ငံရေးသိပ္ပံသင်တန်း အစီအစဉ် ပျက်

Wednesday, 08 June 2011 19:30
Print
ရန်ကုန်တွင် ယခုလအတွင်း ပြုလုပ်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေးသိပ္ပံ သင်တန်း ၂ခု သည် အာဏာပိုင်တို့၏ ဖိအားပေးမှုကြောင့် အစီအစဉ် ပျက်သွားကြောင်း သိရသည်။

လူမှုသိပ္ပံဘာသာရပ်များ သင်ကြားသည့် ဗေဒါ သင်တန်းကျောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး တို့တွင် နိုင်ငံခြားပါမောက္ခများ ပို့ချရန် စီစဉ်ထားသည့် သင်တန်းများ ဖြစ်သည်။

“ဇွန် ၆ ရက်နေ့က ဗေဒါမှာ သင်တန်း စဖွင့်တော့ ဆရာတွေ တယောက်မှ ပေါ်မလာဘူး။ ဒါနဲ့ ဖုန်းဆက်မေးတော့ သူတို့နောက်ကို အာဏာပိုင်တွေက တကောက်ကောက် လိုက်နေလို့ မလာရဲဘူး ဆိုတဲ့ ပုံစံမျိုးပြောတယ်။ NLD မှာ ပေးဖို့ စီစဉ်ထားတဲ့ သင်တန်းကလည်း မဖြစ်တော့ဘူးပေါ့” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သည့် ဦးဝင်းထိန်က ဧရာဝတီကို ရှင်းပြသည်။

ဗေဒါကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်းကလည်း “ကျနော်တို့ ဒီသင်တန်းအတွက် မတ်လ ကတည်းက စ ညှိနှိုင်းထားခဲ့တာ။ သင်တန်း စဖွင့်တဲ့  ဇွန်လ  ၆ ရက်နေ့မှာ ကျနော့်ကို  ဒေါက်တာ ကျော်ရင်လှိုင်က ဒီအခြေအနေမှာ သူ သင်လို့ မရတော့ဘူး။ အစိုးရက ဖိအားပေးလို့ ဆိုပြီး  ပြောတယ်” ဟု ပြောသည်။

ဒေါက်တာ ကျော်ရင်လှိုင်သည် ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည့် ရန်ကုန်မှ မြန်မာအီးဂရက်စ် (Myanmar Egress) အဖွဲ့၏ ဒါရိုက်တာ အဖွဲ့ဝင် တဦး ဖြစ်သည်။

ထိုသင်တန်း ၂ ခု ပျက်သွားသော်လည်း အာရှတက္ကသိုလ်များမှ ပါမောက္ခတို့က မြန်မာအီးဂရက်စ်ကျောင်းတွင် သင်ကြားနေဆဲဖြစ်သည်ဟုသိရကြောင်း ဗေဒါကျောင်းမှ ကိုမျိုးရန်နောင်သိန်းက ပြောသည်။

ဗေဒါတွင် တက်ရောက်နေသည့် ကိုထိုက်ဇော်ဦးကလည်း “၃လ ၄လ လောက်ကတည်းက ကျောင်းသားတွေ အားလုံးက ဒီသင်တန်း တက်ဖို့ ဆိုပြီး ကြိုးစားခဲ့တာတွေ ၊ မျှော်လင့်ခဲ့တာတွေကို ဆရာတွေ ဘက်က လွယ်လွယ်လေးနဲ့ ဖျက်သွားတယ် ဆိုပြီး ခံစားရတယ်။ သင်တန်း လာပေးတော့မယ် ဆိုတုန်းက ကျောင်းသားတွေက ၀မ်းသာပြီး ကြိုးစားခဲ့တာ။ တချို့ ငိုတောင် ငိုတယ်” ဟု  ဧရာဝတီကို ပြောပြသည်။

သင်တန်းအစီအစဉ်ပျက်ရခြင်းအကြောင်းကို မေးမြန်းရန် ဧရာဝတီက ဒေါက်တာ ကျော်ရင်လှိုင်ထံ ဆက်သွယ်သော်လည်း အဆက်အသွယ် မရသေးပေ။

ဒေါက်တာ ကျော်ရင်လှိုင်က သူ၏ မြန်မာ နိုင်ငံကူးလက်မှတ် သိမ်းဆည်း၊ ပယ်ဖျက်ခံရခြင်း ကဲ့သို့သော  အရေးယူခံရမှုမျိုးကို စိုးရိမ်နေဟန် ရှိကြောင်း၊ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ယခင်ကကဲ့သို့ ဖိနှိပ် ခြိမ်းခြောက်မှုများရှိနေဆဲဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

“ဒေါက်တာ ကျော်ရင်လှိုင်က သမ္မသစ်ရဲ့ မိန့်ခွန်းတွေ ကြားပြီး တက်ကြွလာတယ်။ အီးဂရက်စ်မှာ လုပ်နေရင်းနဲ့ NLD မှာလည်း သင်တန်းတွေ ပေးချင်တယ် ဆိုပြီး ကမ်းလှမ်းလာတယ်။ သင်ပေးမယ့် ဆရာတွေက  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရမယ်၊ ဆွေးနွေးလို့ရမယ် ထင်ပြီး တက်ကြွပြီး လာကြတာ အခုတော့ အပ်နဲ့ ပူဖောင်းကို ဖောက်လိုက်သလို ဖြစ်ကုန်တာပေါ့” ဟု ဦးဝင်းထိန်က ရှင်းပြသည်။