ပုဂံမြို့ဟောင်းကို ရှေးမူမပျက် ပြုပြင်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Monday, 11 July 2011 16:04
Print
ပုဂံမြို့ဟောင်းရှိ ရှေးဟောင်း အမွေအနှစ်များအား မူရင်းလက်ရာမပျက် ထိန်းသိမ်းရေးနှင့် ပြုပြင်ရေးများ ပြုလုပ်ရန် လိုအပ်နေကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ATW2july11-01ပုဂံဒေသရှိ ရှေးဟောင်း ဘုရားပုထိုးစေတီများအား ပြုပြင်ရာတွင် မူလအတိုင်း မပျက်မစီးရှိစေရန် အချိန်ယူပြုပြင် သင့်ကြောင်း၊ လက်ရှိ ပြုပြင်မှုများကြောင့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးနိုင်ကြောင်း သူက ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းရှိ ၎င်း၏ နေအိမ်တွင် ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။

သူ့အနေဖြင့် ပုဂံသို့ ဘုရားဖူးခရီးစဉ် သွားရောက်ခဲ့စဉ် လိုအပ်ချက်များ၊ ဒေသခံများ၏ ဘ၀တိုးတက်ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ရမည့် အချက်များကို တွေ့ရှိခဲ့သောကြောင့် ပညာရှင်များ၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့်တကွ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က ရှင်းပြသည်။

“နီပေါမှာဆိုရင် ရှေးဟောင်း အဆောက်အအုံတွေ ထိန်းသိမ်းတဲ့နေရာမှာ အချိန်ယူပြီး လုပ်တယ်။ ဥပမာ- အဆောက် အအုံတွေမှာ အုတ်တွေဘာတွေ အစားထိုးမယ်ဆိုရင် သေသေချာချာ ပညာရှင်တွေနဲ့ လေ့လာပြီးမှ အဲဒီ ရှေးဟောင်း အုတ်အတိုင်း ဖုတ်ပြီးပြုပြင်တယ်။ အဲဒီလိုမျိုးလုပ်ရမယ်။ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းတယ် ဆိုပြီး ထုံးသုတ်လိုက်လို့ မရဘူး။ မွမ်းမံတာက လွယ်တယ်၊ မွမ်းမံလိုက်တဲ့ဟာကို ပြုပြင်ဖို့ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။

ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်ဖြစ်သော ပုဂံမြို့ဟောင်းရှိ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ပုဂံဒေသခံများ၏ ဘ၀အခြေအနေများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကုလသမဂ္ဂ အပါအ၀င် အစိုးရမဟုတ်သော INGO၊ NGO အဖွဲ့အစည်းများ အားလုံးပါဝင်သည့် “Friends of Bagan” ဆိုသည့် အဖွဲ့တဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သူက ဆိုသည်။

“Friends of Bagan ဖွဲ့ဖို့က သက်ဆိုင်ရာ ပညာရှင်တွေ၊ UNအဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ရဦးမယ်။ တိုင်ပင်ရုံနဲ့လည်း မပြီးသေးဘူး။ ရန်ပုံငွေ ရှိဖို့၊ ရဖို့လည်း လုပ်ရမယ်။ ဒီဒေသမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ဖို့ လိုအပ်နေတာကို တွေ့ရတယ်။ တခုတော့ ကျမ အားတက်တယ်။ ကျမတို့ လုပ်လို့ရှိရင် အစိုးရက နောက်က ၁၀ ဆ လိုက်လုပ်တတ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

၁၉၉၆ ခုနှစ် (မြန်မာ့ခရီးသွားနှစ်) က အဓမ္မ လုပ်အားပေး ခိုင်းစေမှုများရှိခဲ့ခြင်း၊ ရှေးဟောင်း အမွေအနှစ်များကို ပြုပြင်ရာတွင် UNESCO ၏ ကန့်ကွက်မှုများ ရှိနေခြင်းအပါအ၀င် အကြောင်းအရာ များစွာကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များ မလာရေးကိစ္စအား တရားဝင်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ခရီးသွား လုပ်ငန်းကြောင့် ဒေသခံများ အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ သို့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးသည် အလွန်အရေးကြီး ကြောင်း သူက ဆိုသည်။

“ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ ပြည်သူတွေလည်း အကျိုးဖြစ်နိုင်တယ်၊ တိုင်းပြည် အတွက်လည်း အကျိုးဖြစ်နိုင်တဲ့ အတွက် NLD ကနေ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သဘောထားကို တရားဝင် ထုတ်ပြန်ထားတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

monk_walks_temple_in_baganအညာဒေသတွင် ဒေသခံများသည် ထန်းလျက်ချက်သည့် လုပ်ငန်းနှင့် အဓိက အသက်မွေး ကြသည့်အတွက် ထင်း လောင်စာကို အသုံးပြုကြကြောင်း၊ ထင်းလောင်စာ အသုံးပြုကြသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးသဖြင့်
အစားထိုး လောင်စာသုံးစွဲနိုင်သော အစီအမံများ ရှိရန်လိုအပ်ကြောင်းလည်း သူက ရှင်းပြသည်။

Friends of Bagan အဖွဲ့လုပ်ဆောင်ရာတွင် အစိုးရက ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ၎င်းတို့ဘက်ကလည်း ပြန်လည် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပုဂံအာနန္ဒာဘုရားနှင့် မြစေတီကို ဖူးမြော်ရခြင်းမှာ ကျန်စစ်သား၏ သစ္စာစောင့်သိမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းမှုများကို လေးစား အားကျ၍ ဖြစ်ကြောင်း၊ အကျဉ်းစံဘုရင် တည်ထား သော မနူဟာ ဘုရားကိုလည်း သွားရောက် ဖူးမြော်ခဲ့ခြင်းမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် NLD အဖွဲ့ဝင်များမှာ လွတ်မြောက်မှု မရှိသေးဘဲ အကျဉ်းကျခံနေရသည်ကို အသိအမှတ် ပြုခြင်းဖြစ်ကြောင်း ၎င်း၏ ဘုရားဖူးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံဒေသသို့ ဇူလိုင် ၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ၈ ရက်နေ့အထိ ဘုရားဖူး အလည်အပတ် သွားရောက်ခဲ့သည်။