ကျပ်ငွေဈေးချရန် တရားမဝင်ကားများ ဒေါ်လာဖြင့်ဒဏ်တပ်မည်

E-mail Print
ပြည်တွင်းသို့ တရားမ၀င် တင်သွင်းလာသော ဂျပန်လုပ် Super Custom ယာဉ်များကို အမေရိကန် ဒေါ်လာဖြင့် ဒဏ်ကြေး ရိုက်၍ ဒေါ်လာဈေး ပြန်လည်မြင့်တက်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမှတ် ၁ နှင့် ၂ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တရားဝင် ပြောဆိုလိုက်သည်။

ATWaug29_car
နေပြည်တော်တွင် သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးစိုးသိန်းက ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းသို့ တရားမ၀င် တင်သွင်းလာသည့် Super Custom ခေါ် Hi – Ace ကားများကို ပြည်တွင်းစက်မှုဇုန်ထုတ် ကားများအဖြစ် လိုင်စင်ဝင်သောအခါ ဒဏ်ရိုက်သည့်အနေဖြင့် ယခင်က မြန်မာကျပ်ငွေဖြင့် အခွန်ဆောင်စေ ခဲ့ကြောင်း၊ သို့ရာတွင် ယခုအခါ ကျပ်ငွေအစား ဒေါ်လာဖြင့် ပြောင်းလဲဒဏ်ရိုက်၍ အမေရိကန် ဒေါ်လာ တန်ဖိုး မြှင့်သွားမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ဆိုသည်။

ဂျပန်လုပ် Super Custom ကားများကို စက်မှုဇုန်ထုတ် ကားအဖြစ် ပြောင်းလဲရန် လိုင်စင်ဝင်သည့်အချိန်တွင် ဒဏ်ရိုက်သည့် အနေဖြင့် ယခင်က ကားတစီးလျှင် ကျပ်သိန်း ၁၀၀ ဒဏ်ဆောင်ရကြောင်း၊ ယခုအခါ တစီးလျှင် ဒေါ်လာ ၁၃၀၀၀ ဆောင်ရမည် ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ သတင်းထောက် တဦးက ပြောသည်။

“အံစာတုံးပုံစံ ကားတွေကို တစီး ဒေါ်လာ ၂ သောင်း ဆောင်ခိုင်းတယ်။ စက်တင်ဘာလ ၁၅ ရက်အထိ နှစ်ပတ်အတွင်း ဆောင်ရမှာပါ။ စုစုပေါင်း ကားစီးရေ ၈၀၀ နီးပါးရှိတယ်။ အဲဒီလို ဒေါ်လာနဲ့ ဆောင်ခိုင်းတာက ဒေါ်လာတန်ဖိုးပြန်တက်ပြီး ပို့ကုန် စီးပွားရေး ပြန်ကောင်းလာစေချင်လို့ ဆိုပြီး ၀န်ကြီးက ပြောတယ်” ဟု ၎င်းက ဆိုသည်။

ကားထုတ်လုပ်ရေး ကုမ္ပဏီများက Super Custom ကား အများစုကို နယ်စပ်၊ ဆိပ်ကမ်းများမှတဆင့် အကောက်အခွန် ဦးစီးဌာန အပါအ၀င် အာဏာပိုင်များကို ကျပ် သိန်းထောင်သောင်းချီ လာဘ်ပေးကာ တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ၀ယ်ယူသူ ပြည်သူများ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရ၏ ဒဏ်ငွေရိုက်ခြင်း အစီအစဉ်သည် Super Custom ကား ၀ယ်ယူထားသူ ပြည်သူများကို အထိနာစေမည် ဖြစ်ကြောင်း ရန်ကုန်ရှိ ကားပွဲစားများက ပြောကြသည်။

“ကားထုတ်လုပ်ရေး ကုမ္ပဏီတွေက လာဘ်ထိုးပြီး သွင်းခဲ့ကြတာ။ အခု သူတို့လက်ထဲမှာ ကားတွေမရှိတော့ဘူး။ တစီးကို ကျပ်သိန်း ၃၀၀ လောက်နဲ့ ရောင်းပြီးသွားပြီ။ ၀ယ်စီးတဲ့သူတွေ လက်ထဲမှာ ကားတွေက ရောက်နေပြီ။ အခုလို ကားတစီးကို ဒေါ်လာ သောင်းချီ ဒဏ်ရိုက်မယ်ဆိုရင် ကားဝယ်စီးမိတဲ့သူတွေ အတော်ဒုက္ခ ရောက်ပြီ။ တကယ်လို့ ဒဏ်ကြေး မဆောင်နိုင်ရင်လည်း ကားက လိုင်စင်မဲ့ကားဖြစ်သွားပြီ” ဟု ဟံသာဝတီ ကားပွဲစားတဦးက ရှင်းပြသည်။

တရားမ၀င် ခိုးသွင်းလာသည့် ဂျပန်လုပ် Super Custom ကားများကို ဒေါ်လာသောင်းချီ ဒဏ်ရိုက်သော်လည်း ကားများ ခိုးသွင်းသည့် ကုမ္ပဏီများ၊ လာဘ်ငွေယူ ခွင့်ပြုခဲ့သည့် အာဏာပိုင်များကို တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိပေ။

Super Custom ကားများကို ဒေါ်လာသောင်းချီ ဒဏ်ဆောင်ပြီးမှသာ လိုင်စင်ထုတ်ပေးမည်ဟု ဆိုသော်လည်း ယနေ့ အမေရိကန် ဒေါ်လာ အရောင်းအ၀ယ် ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုး ထိုးတက်ခြင်း မရှိသေးပေ။

“ဒေါ်လာဈေး တအားထိုးတက်တာ မျိုးတော့မရှိဘူး။ တအိအိတော့ တက်သွားလိမ့်မယ် ထင်တယ်။ ၀ယ်အား များလာရင်တော့ ဈေး သေချာပေါက် တက်မှာပါ” ဟု ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။

ယနေ့ ဒေါ်လာဈေးကွက်၌ အမေရိကန် တဒေါ်လာ ၇၂၀ နှင့် ၇၃၀ ကြားတွင် အရောင်းအ၀ယ်ရှိနေသည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်နှစ်တာ ကာလအတွင်း စက်မှု ၂ ၀န်ကြီးဌာနက ပြည်တွင်းထုတ် ကားစီးရေ ၉၈၈၈၄ စီးထုတ်လုပ်ခွင့် ပြုခဲ့ပြီး ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကားစီးရေ ၉၅၇၇ စီး ထုတ်လုပ်ခွင့် ပြုထားကြောင်း အမှတ် ၂
စက်မှုဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တရပ်တွင် ဖော်ပြခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်