အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့ပြန်

E-mail Print
အစိုးရသစ်က “မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်” ကို အငြိမ်းစား အစိုးရအရာရှိကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

အဆိုပါ ကော်မရှင်ကို နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

U_Kyaw_Tint_Sweအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသည့် ကော်မရှင်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်တင့်ဆွေ၊ ဦးလှမြင့်စသည့်   အငြိမ်းစား သံတမန်ဟောင်းများ၊ သမိုင်း ပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန၏ အငြိမ်းစား ပါမောက္ခဟောင်း ဒေါ်စောခင်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အငြိမ်းစား ဒုတိယ ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ညွန့်ဆွေ (စာရေးဆရာ မောင်ဆွေသက်) အပါအ၀င် အလုပ်သမား ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အရာရှိ ဟောင်းများ ပါဝင်သည်။

မြန်မာနိုင်ငံတွင် လယ်ယာမြေများ အဓမ္မသိမ်းဆည်းခံရမှု၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို အဓမ္မ စုဆောင်းကာ စစ်မှုထမ်းစေခြင်းမှု၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအတွင်း လူအခွင့်အရေး ချိုးဖောက်မှု အများအပြား ဖြစ်ပေါ်နေသည်။

ပြည်တွင်းအခြေစိုက် လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ ဦးမောင်မောင်လေးက လူ့အခွင့်အရေးကို မြှင့်တင်ရန် လုပ်ဆောင်မည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကြိုဆိုကြောင်း၊ သို့သော် ယခင်စစ်အစိုးရ လက်ထက်က လူ့ အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများမှာ အောင်မြင်မှုမရှိခဲ့ကြောင်း၊ ယခုဖွဲ့စည်းသည့် လူအခွင့်အရေး ကော်မရှင် အနေဖြင့်လည်း လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆိုသည်။

“အရင်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ လူအခွင့်အရေးနဲ့ ပတ်သက်လို့ ချုပ်ချယ် ကန့်သတ်ထားတာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ဆန့်ကျင်တာတွေကို အရင်ပယ်ဖျက်ရမယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယခင် လူ့အခွင့်အရေး ကော်မတီများကဲ့သို့ အစိုးရ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် ပတ်သက်၍ ဖုံးကွယ်ရန်၊ နိုင်ငံတကာ၏ ဝေဖန်မှုများကို ကာကွယ်ရန် ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက အောင်မြင်မှု ရရှိမည်မဟုတ်ကြောင်းလည်း ဦးမောင်မောင်လေးက ဆိုသည်။

ယခုကော်မရှင်တွင် ပါဝင်သည့် သံအမတ်ကြီးဟောင်းများဖြစ်ကြသော ဦးကျော်တင့်ဆွေ၊ ဦးဝင်းမြ၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွန်ကြားရေးမှူးဟောင်း ဦးစစ်မြိုင်တို့သည် ကုလသမဂ္ဂ၌ ပြုလုပ်သည့် မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဝေဖန်မှုများကို ကာကွယ် ပြောဆိုရ သူများဖြစ်သည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားနှင့် ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရ
ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို အပါအ၀င် အစိုးရ အရာရှိကြီး အတော်များများနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။

ထို့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့်လည်း မစ္စတာ ကင်တားနားက တွေ့ဆုံခဲ့သည်။

မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ ချိုးဖောက်မှုများ ဆက်လက် ရှိနေသေးသည်ဟု မစ္စတာ ကင်တားနားက ဝေဖန်ပြောဆိုခဲ့ပြီး သီးခြား လွတ်လပ်သည့် လူအခွင့်အရေး မြှင့်တင်ရေး အဖွဲ့ကို ဖွဲ့စည်းရန် အစိုးရအား တိုက်တွန်းခဲ့သည်။

၁၉၉၆ ခုနှစ်ကလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် ဦးဆောင်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည့် ဗိုလ်ချုပ် မောင်ဦးက တာဝန်ယူခဲ့ကာ အစိုးရသစ် လက်ထက်တွင် ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဦးဆောင်တာဝန်ယူလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်