အသုံးချခံရမည်ကို ဒေါ်အောင်ဆန်းစုကြည် မမှု

Friday, 09 September 2011 16:39
Print
မြန်မာအစိုးရ၏ အသုံးချမှုကိုခံနေရခြင်း မရှိကြောင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်ဟု လွတ်လပ်တဲ့ အာရှအသံ (RFA) ၏ အင်တာနက် စာမျက်နှာတွင် ကြာသပတေးနေ့က ဖော်ပြထားသည်။

kyi_kyi_2
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရခေါင်းဆောင်များ  တွေ့ဆုံကြပြီးနောက်ပိုင်း သိသာထင်ရှားသည့် ပြောင်းလဲ တိုးတက်မှုများ ဖြစ်ပေါ်မလာသေးသဖြင့် ထိုသို့သုံးသပ်နေကြချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“အသုံးချခံနေရတယ်လို့ မမြင်ပါဘူး၊ ပူးတွဲပြီးတော့ လုပ်ဆောင်တယ်လို့ မြင်ပါတယ်” ဟု RFA ပရိသတ်များနှင့် အမေးအဖြေ ကဏ္ဍတခုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

ပြည်တွင်းပြည်ပ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည့်အစိုးရ၏ အသုံးချခံ ဖြစ်သွားမည်ကိုလည်း စိုးရိမ်ခြင်း မရှိဟု ဆိုသည်။

“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည် အတွက် အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး၊ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာဖောက်မည် မဟုတ်ဟု ယုံကြည်ကြောင်း  မိတ္ထီလာခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီဝင် ဒေါ်မြင့်မြင့်အေးက ဧရာဝတီသို့ ပြောသည်။

“လမ်းကြောင်းမှန် ပေါ်လာအောင် တီထွင် ကြံဆပြီး လုပ်နေတဲ့ဟာကို ကျမတို့က ထောက်ခံပြီးတော့ အတိုင်းအတာ တခုအထိ ပံ့ပိုးပေးသွားရမယ်” ဟု ဒေါ်မြင့်မြင့်အေးက ဆိုသည်။

ပြီးခဲ့သည့် ၂ လ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်၊ အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ဆုံ စကားပြောခဲ့သည်။ ဆွေးနွေးမှုအကြောင်းအရာ အသေးစိတ် နှင့် သဘောတူညီချက်များကို နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံမှု နှင့် ပတ်သက်၍ အစိုးရမီဒီယာများက ထုတ်ပြန်ရာတွင် မတူ ကွဲလွဲချက်များကို ရှောင်ရှားပြီး တူညီချက်များကို တိုင်းပြည် အကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင်သွားမည် ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။ 

မြန်မာအစိုးရက ၂၀၁၄ ခုနှစ် အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ရလိုသဖြင့် နိုင်ငံတကာ ဖိအား လျော့နည်းစေရန် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူတချို့က ပြောဆိုနေကြသည်။