မြန်မာအစိုးရ ပြုပြင်ပြောင်းလဲမှုရှိ၊ မရှိ အမေရိကန်က စောင့်ကြည့်

Monday, 12 September 2011 11:56
Print
သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသစ်အနေနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအ၀င် ဒီမိုကရေစီနှင့် လျော်ညီပြီး ထင်သာမြင်သာရှိသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းရှိ၊ မရှိကို အမေရိကန် ပြည်ထောင်စုက စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ညှိနှိုင်းရေးမှူး Mr. Derek Mitchell က အစိုးရ တာဝန်ရှိသူများကို ပြောဆိုလိုက်သည်ဟု သတင်းရရှိသည်။

Phyu_Phyu_Thing_Derek_Mitchell
“အမေရိကန်အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မြန်မာအစိုးရက လုပ်၊ မလုပ် စောင့်ကြည့်နေတယ် ဆိုတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေကို ပြောဆိုခဲ့တဲ့ အကြောင်း Mr. Derek Mitchell က ကျမကို ပြောပြတယ်။ လက်ရှိ အစိုးရက အရင်အစိုးရနဲ့ မတူတာတွေ ရှိနေတယ်လို့လည်း သူက ပြောတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ HIV/ AIDS စောင့်ရှောက်ရေး ဂေဟာမှ တာဝန်ရှိသူ မဖြူဖြူသင်းက ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ်အဖြစ် ရောက်ရှိလာသော Mr. Derek Mitchell က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် မြန်မာခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အထက်ပါအတိုင်း ပြောခဲ့ကြောင်း မဖြူဖြူသင်းနှင့်တွေ့ဆုံစဉ် ပြန်လည် ပြောပြသည်ဟု သိရသည်။

မြန်မာအစိုးရက လက်တွေ့တွင် တိုင်းပြည်အခြေအနေ ဆိုးရွားနေသည်ကို လက်ခံထားပြီး အစိုးရတရပ်တည်း အနေနှင့် တိုင်းပြည်၏ ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း၊ အားလုံး စုပေါင်းဖြေရှင်းမှသာ ပြဿနာများပြေလည်မည်ဟု နားလည် ကြောင်း အစိုးရခေါင်းဆောင်များက အမေရိကန်ကိုယ်စားလှယ်ကို ပြန်လည်ရှင်းလင်း ပြောဆိုခဲ့သည်ဟု မဖြူဖြူသင်းက ဆိုသည်။

မဖြူဖြူသင်းက လူနာများ၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခြေအနေများ၊ မြန်မာနိုင်ငံတွင်း HIV/ AIDS ရောဂါ ကူးစက်ပျံ့ပွားမှု အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား တချို့၏ ခုခံအား ကျဆင်းမှု ရောဂါကူးစက် ခံနေရမှု အခြေအနေများကို အမေရိကန် အထူးကိုယ်စားလှယ်ကို ရှင်းလင်းဆွေးနွေး ခဲ့သည်ဟု သိရှိရသည်။

Mr. Derek Mitchell သည် တောင်ဒဂုံရှိ NLD က စောင့်ရှောက်ထားသော HIV/ AIDS ဂေဟာသို့ စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းတွင် သွားရောက်လည်ပတ်ခဲ့ပြီး လူနာများနှင့် ရောဂါ ကူးစက်ခံနေရသော ကလေးငယ်များကို အားပေးစကား ပြောဆိုခဲ့သည်။

အမေရိကန် အထူးကိုယ်စားလှယ် Mr. Derek Mitchell သည် ယင်းနေ့ မနက်ပိုင်းတွင်ပင် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ
နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့်လည်း သွားရောက်တွေ့ဆုံခဲ့ပြီး နာရေးကူညီမှုအသင်း၏ လုပ်ဆောင်ချက်များကို အသေးစိတ် လေ့လာခဲ့သည်ဟု သိရသည်။

“သူက နာရေးကူညီမှုအသင်းက အခမဲ့ ဈာပနအတွက် ထားတဲ့ အခေါင်းတွေအထိ သွားပြီးကြည့်တယ်။ ဘယ်လိုတွေ လုပ်နေသလဲ ဆိုတာ စိတ်ဝင်တစားမေးတယ်။ သူ့မျက်နှာမှာတော့ စိတ်မကောင်းတာတွေ၊ သူမြင်နေတဲ့ အခြေအနေတွေကို မယုံကြည်နိုင်တဲ့ အမူအရာမျိုးတွေ တွေ့ရတယ်” ဟု နာရေးကူညီမှုအသင်းသို့ သွားရောက် သတင်းယူခဲ့ သည့် သတင်းထောက်တဦးက ပြောသည်။

Mr. Derek Mitchell သည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ်တွင် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေးပါတီများနှင့်လည်း ထိုနေ့တွင်ပင် တွေ့ဆုံမည်ဟု သိရှိရသည်။