ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ကိုယ်စားလှယ်တို့ ဖွံ့ဖြိုးမှုအကူအညီပေးရေး ဆွေးနွေး

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်တို့ မြန်မာ့ပညာရေးနှင့် လူမှုရေးကဏ္ဍများတွင် ကူညီပေးရေး ဆွေးနွေးကြသည်။

News_Derek_Mitchell_Sep__12_2011Yan_Pai
ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် မိနစ် ၄၀ ခန့်ကြာ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က “ဒု ဥက္ကဋ္ဌ ဦးတင်ဦးက လူငယ်ကွန်ရက်တွေတဆင့် အခမဲ့ပညာသင်ကြားမှု၊ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးနေတာတွေကို ဆွေးနွေးတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲအပြီး သတင်းထောက်များက မစ္စတာ ဒဲရက်မစ်ချယ်နှင့် တွေ့ဆုံဆွေးနွေးမှုသည် ယခင် အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန် မက်ကိန်းနှင့် တွေ့ဆုံခဲ့ရသည့် အခြေအနေများနှင့် တူညီခြင်းရှိမရှိ မေးမြန်ရာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေများ ပြောင်းလဲတိုးတက်လာသည့်အတွက် ဆွေးနွေးပွဲမှာ ကောင်းမွန်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုမူ ဆွေးနွေးခြင်း မရှိကြောင်း ပြန်လည်ဖြေဆိုသည်ဟု သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းသည် ပြည်သူကို မနစ်နာစေလို၍ ရွေးချယ်ထားသည့် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ပူးတွဲဆောင်ရွက်မှုမရှိဘဲနှင့် အမျိုးသားရင်ကြားစေ့ရေး ဖြစ်မလာနိုင်ကြောင်း သတင်းထောက်များကို ပြောသည်။

မစ္စတာ ဒဲရက် မစ်ချယ်ကလည်း မြန်မာပြည်အခြေအနေကို အနီးကပ် လေ့လာစောင့်ကြည့်နေကြောင်း၊ ယခုဖြစ်ပေါ်နေသည့် အလားအလာကောင်းများမှ တဆင့် ကောင်းမွန်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) နှင့်လည်း တနာရီကြာ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မြန်မာနိုင်ငံ၌ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများ ယခုတိုင်ဖြစ်ပွားနေကြောင်း၊ တိုင်းရင်းသားများအနေဖြင့် တန်းတူရေး၊ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ စစ်မှန်သော ပြည်ထောင်စု ဖွဲ့စည်းခွင့်ရရှိရေး ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများနှင့် ပတ်သက်၍ ပြုပြင်စရာ အများအပြားရှိနေကြောင်း ဆွေးနွေးသည်ဟု သိရှိရသည်။

ဇိုမီးအမျိုးသားကွန်ဂရက် ခေါင်းဆောင်တဦးဖြစ်သည့် ဦးပူကျင့်ရှင်းထန်ကလည်း ယခုလက်ရှိ အခြေအနေသည်  နိုင်ငံရေးအရ ထူးခြားသော တိုးတက်ပြောင်းလဲမှု မတွေ့ရသေးကြောင်း၊  နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ချွင်းချက်မရှိ လွတ်မြောက်လာလျှင် ထူးခြားသော တိုးတက်မှုဟု ယူဆနိုင်ကြောင်း ဆွေးနွေးသည်ဟု ဦးအုန်းကြိုင်က ဆိုသည်။

ယနေ့တွင် မစ္စတာ ဒဲရက် မစ်ချယ်သည်  သမ္မတ နိုင်ငံရေး အကြံပေးအဖွဲ့နှင့်လည်း ၁၅ မိနစ်ခန့် တွေ့ဆုံပြီး အကြံပေးအဖွဲ့၏ လုပ်ငန်းရပ်များကို မေးမြန်းကြောင်း အကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးကိုကိုလှိုင်က ပြောသည်။


မစ္စတာ ဒဲရက် မစ်ချယ်သည် ၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း စက်တင်ဘာလ ၉ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ၀န်ကြီးဋ္ဌာနနှင့် မြန်မာ့ စက်မှုဖွံဖြိုးရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး၊ အလုပ်သမားရေးရာဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့နှင့် နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးသည်။

ထို့နောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ NLD လူငယ်အဖွဲ့က စောင့်ရှောက်ထားသော HIV/ AIDS ဂေဟာသို့ မနက်ပိုင်းတွင် သွားရောက်လည်ပတ်ခဲ့ပြီး လူနာများနှင့် ရောဂါ ကူးစက်ခံနေရသော ကလေးငယ်များကို အားပေးစကား ပြောဆိုသည်။ ထို့အပြင် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နာရေးကူညီမှုအသင်းသို့ သွားရောက်ကာ ဥက္ကဋ္ဌ ဦးကျော်သူတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး နာရေးကူညီမှုအသင်း၏ လုပ်ဆောင်ချက်များကို အသေးစိတ် လေ့လာခဲ့သည်ဟု သိရသည်။

ပြည်တွင်းမှ ဧရာဝတီသတင်းထောက်တဦး ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်