မြန်မာပြည်အရေး စိုးရိမ်စရာများ ရှိသေးဟု ဟီလာရီ ကလင်တန် ပြော

E-mail Print
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာပြည်တွင် ကြိုဆိုထိုက်သော ပြုပြင်ပြောင်းလဲရေး တိုးတက်မှုများကို မြင်ရကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပိုမိုကျယ်ပြန့်သော ကိစ္စရပ်များအတွက် အထူး မေးခွန်းထုတ်စရာနှင့် စိုးရိမ်စရာများ ဆက်ရှိနေသေးကြောင်း ပြောကြားလိုက်သည်။

Cliton400“ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မြန်မာအစိုးရရဲ့ ကြိုဆိုထိုက်တဲ့ လုပ်ဆောင်လာမှုတွေကို မြင်ရပါတယ်။ ဒီနေ့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အကောင်းဆုံး နားလည်နိုင်အောင် ကြိုးစားနေတဲ့ ကျမတို့အပါအဝင် တခြားသူတွေအတွက် ဒါ အရေးကြီးပါတယ်” ဟု မစ္စက် ကလင်တန်က ဆန်ဖရန်စ္စကိုမြို့တွင် ယမန်နေ့က ပြုလုပ်သော သြစတြေးလျ-အမေရိကန် ဝန်ကြီးအဆင့် ညှိနှိုင်းဆွေးနွေးပွဲ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာပြည်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်၏ စက်တင်ဘာလ ၉ ရက်နေ့မှ စတင်သော ၆ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ မစ္စတာ ဒဲရက် မစ်ချယ်၏ မြန်မာပြည် ခရီးစဉ်အပြီး နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမတို့အနေနဲ့ အထူး မေးခွန်းထုတ်စရာ၊ စိုးရိမ်စရာကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါသေးတယ်။ တိုင်းရင်းသားလူမျိုးစုတွေအပေါ် အစိုးရရဲ့ ဆက်ဆံပုံ၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ရေးကနေပြီးတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အထိပါပဲ” ဟု မစ္စက် ကလင်တန်က ပြောသည်။

သို့သော် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အရေးကြီးသော အပြောင်းအလဲများ လိုအပ်ကြောင်း မြန်မာအစိုးရက စတင်ပြောဆိုလာခြင်းတို့အပေါ် ကြိုဆိုသည်ဟု မစ္စက် ကလင်တန်က ဆက်လက်ပြောသည်။

ဗီဒီယိုသတင်းထောက် ကိုစည်သူဇေယျကို ထောင်ဒဏ် နောက်ထပ် ၁၀ နှစ် တိုးလိုက်ခြင်းနှင့် ပတ်သက်၍လည်း မြန်မာအစိုးရအနေဖြင့် ပြောသလို အခိုင်အမာ လုပ်ဆောင်ပြရန် မစ္စက် ကလင်တန်က တိုက်တွန်းသည်။

ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကီဗင် ရပ်ဒ်ကလည်း လွန်ခဲ့သည့် ၂ လက သူ မြန်မာနိုင်ငံသို့ သွားရောက်စဉ် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သဟဇာတ ဖြစ်လိုလျှင် ပြည်တွင်း ဒီမိုကရေစီရေးကို တိုးတက်အောင် အရင်ကြိုးပမ်းသင့်သည်ဟု ပြောဆိုခဲ့ကြောင်း၊ အမေရိကန်ကဲ့သို့ပင် သြစတြေးလျသည်လည်း မြန်မာအစိုးရ၏ ဒီမိုကရေစီအရေး သေချာခိုင်မာသော ခြေလှမ်းများကို လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ပြောသည်။

အမေရိကန်-သြစတြေးလျ ပူးတွဲကြေညာချက်၌ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လက်နက်မပြန့်ပွားရေး ဆုံးဖြတ်ချက် စသည်တို့ကို လိုက်နာရန် တာဝန်ရှိပြီး မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် ပွင့်လင်းမြင်သာမှု ပိုမိုလိုအပ်ကြောင်း ဖော်ပြထားသည်။

တဆက်တည်းတွင် အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ထိရောက်စွာအကောင်အထည်ဖော်ရန် ပျက်ကွက်ကြောင်း ပြောဆိုလိုက်သည်။

ယင်း ၃ နိုင်ငံသည် ပြီးခဲ့သည့် ၁၂ လအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းတိုက်ဖျက်ရေးတွင် ထိရောက်ပြီး အဓိပ္ပာယ်ရှိသော အားထုတ်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု သမ္မတ အိုဘားမားက သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုရီးယား နူလန်က ဆိုသည်။

ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့အပေါ် ပိတ်ဆို့အရေးယူမှုတချို့ကို အမေရိကန်က ဖယ်ရှားပေးခဲ့ပြီး အစီအစဉ်တချို့အတွက် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုမူ ပိတ်ဆို့အရေးယူမှုတခုမျှ လျှော့ပေါ့ပေးမှု မပြုလုပ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
အမေရိကန်သမ္မတအိုဘားမား၏ သတ်မှတ်ချက်အရ မူးယစ်ဆေးဝါး အဓိက ရောင်းဝယ်သော၊ ထုတ်လုပ်သော နိုင်ငံများမှာ မြန်မာနိုင်ငံပါအဝင် ၂၂ နိုင်ငံရှိသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်