ကလေးစစ်သားမရှိဟု ကာကွယ်ရေးဝန်ကြီး ပြော

E-mail Print
တပ်မတော်တွင် ကလေးစစ်သားများ ရှိနေသည်ဟူသော ရေးသားပြောဆိုချက်များမှာ လုပ်ကြံစွပ်စွဲမှုများသာ ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက ပြောဆိုကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

“တပ်မတော်သည် မည်သည့်အခါကမျှ အရွယ်မရောက်သူများကို စစ်သားအဖြစ် အသုံးမပြုခဲ့ကြောင်း၊ မှားယွင်း စုဆောင်းမှုများရှိပါကလည်း သက်ဆိုင်သူများကို အရေးယူ သကဲ့သို့ တပ်သားသစ်များကိုလည်း အုပ်ထိန်းသူများထံသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိကြောင်း” ဟူသော ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောဆိုချက်ကို သတင်းစာတွင် တွေ့ရသည်။

ဒု ဗိုလ်ချုပ်ကြီးလှမင်းက ရခိုင်ပြည်နယ်ရှိ တပ်များနှင့် စက်တင်ဘာ ၁၅ မှ ၁၉ ရက်နေ့အထိ တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်မှ စတင်ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ စတင်ခဲ့ကြောင်း ၄င်းက ပြောသည်။

“လက်တွေ့တွင်မူ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများကသာ တစ်အိမ်ထောင်လျှင် တပ်သားသစ် တစ်ဦး ပေးရမည်ဟု သတ်မှတ်ကာ အရွယ် မရောက်သေးသူများ အပါအ၀င် ပြည်သူများကို အတင်း အဓမ္မ စုဆောင်း အသုံးပြုနေခြင်းဖြစ်ပြီး မိမိတို့ထံတွင် သက်သေ အထောက်အထားများ အခိုင်အမာရှိကြောင်း” လည်း ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းက ပြောဆိုထားသည်။

ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံကလေးစစ်သားအသုံးပြုမှုဆိုင်ရာ အခြေအနေနှင့် ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်တော့မည့် အခြေအနေတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု  မြန်မာပြည် ကလေးစစ်သားအရေး လေ့လာနေသူတဦးက ထောက်ပြသည်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ကလေးစစ်သားအသုံးပြုမှု အလုပ်အဖွဲ့ကနေ ဒီအစီရင်ခံစာကို လေ့လာပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းမလဲ ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်နေပြီ။  အဲဒီအချိန်မှာ တခုခု ဖြစ်နိုင်တဲ့အတွက် ကလေးစစ်သားအသုံးမပြုပါဘူးလို့ ကြိုတင် ငြင်းဆိုထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ထိုင်း နိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ဧရာဝတီကို ပြောသည်။

စစ်ပြေးမှုဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် ကလေးစစ်သားများရှိနေသည်ဟု ရန်ကုန်မြို့ ဦးသက်ဝေက ပြောသည်။

“အခုလို မရှိဘူးလို့ ငြင်းနေမယ့် အစား ILO အလုပ်သမားအဖွဲ့ချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) တို့က ပူးတွဲပြီး စစ်သားစုဆောင်းရေး စခန်းတွေ၊ လေ့ကျင့်ရေးကျောင်း တပ်ခွဲတွေ၊ စုဆောင်းရေးတပ်တွေမှာ ၀င်ရောက်  စစ်ဆေးခံနိုင်တယ် ဆိုလို့ရှိရင်တော့ အတိအကျ သိရမှာပေါ့၊ မရှိပါဘူး ဆိုရင်တော့ အစစ်ဆေးခံနိုင်ရဲဖို့ လိုတာပေါ့ဗျာ” ဟု ဆိုသည်။ 

ဦးသက်ဝေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စမ်းချောင်းမြို့နယ်မှ ဖြစ်ပြီး ကလေးစစ်သား အရေးကို ရန်ကုန်ရှိ ILOရုံးနှင့် လက်တွဲ ဖြေရှင်းပေးနေသူတဦး ဖြစ်သည်။

ယခုနှစ်အတွင်း  ရန်ကုန် ILO ရုံးတွင်  သူ အကူအညီပေးနေသည့် ကလေးစစ်သား အမှုပေါင်း ၅၀ ခန့်ရှိကြောင်း၊ ကူညီ ဖြေရှင်းပေးသည့် အဖွဲ့အစည်း အရေအတွက်လည်း များလာကြောင်း ဦးသက်ဝေက ဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရ လက်ထက်ကတည်းက ကလေးစစ်သားပပျောက်ရေး အတွက် ILO နှင့် ပူးပေါင်းကာ နားလည်မှုစာချွန် လက်မှတ်ရေးထိုးထားသည်။ 

ILO ရန်ကုန်ရုံးခွဲ၏ စာရင်းများအရ ၂၀၁၀ နှစ်ဆန်းမှ မေလ အတွင်း အရွယ်မရောက်သူ စစ်သားစုဆောင်းမှု တိုင်ကြားစာ ၂၆၁ ခု ရှိခဲ့ကြောင်း၊ ထိုအထဲမှ လူငယ် ၈၀ ကို အမှုမှ ပလပ်ခြင်း သို့မဟုတ် ပြန်လွှတ်ပေးခဲ့ကြောင်း၊ လုပ်ကိုင်ညှိနှိုင်းဆောင်ရွက်ဆဲ အမှုပေါင်း ၁၁၀ ခန့် ရှိနေကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များအရ အသက် ၁၅ နှစ်အောက် ကလေးသူငယ်များအား  မည်သည့် လက်နက်ကိုင် အဖွဲ့တွင်မဆို စစ်မှုထမ်းအဖြစ် ပြုလုပ်သူကို စစ်ရာဇ၀တ်မှုကျူးလွန်သည်ဟု သတ်မှတ်ပြီး နိုင်ငံတကာ ခုံရုံးတင်၍ အရေုးယူ အပြစ်ပေးနိုင်သည်ဟု အတိအလင်း ဖော်ပြထားသည်။

အသက် ၁၈ နှစ်အောက် လူငယ်များကို လက်နက်ကိုင် တပ်များတွင် စစ်မှုထမ်းအဖြစ် သွတ်သွင်းပါကလည်း အရွယ်မရောက်သေးသူကို စစ်မှုထမ်းစေမှုဖြင့် အရေးယူနိုင်ကြောင်းလည်း ပါဝင်သည်။

ယနေ့သတင်းစာတွင် ပါဝင်သည့် သူပုန်အဖွဲ့များတွင် ကလေးစစ်သား အသုံးပြုနေသည်ဟူသော ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်ကို ထိုအဖွဲ့များက ပယ်ချလိုက်သည်။

“အခု ကျနော်တို့မှာ ကလေးစစ်သားနဲ့ ပတ်သက်ပြီးတော့ လုံးဝ ကင်းစင်ပြီလို့ ကျနော်တို့ စစ်ဦးစီးချုပ်ကလည်း ပြောတယ်၊ အချိန်မရွေး လွတ်လပ်တဲ့ အဖွဲ့အစည်း၊ ကြိုက်တဲ့ အဖွဲ့အစည်းတွေက  လာရောက် စစ်ဆေးနိုင်တယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

လက်နက်ချလာသူ မြန်မာ့တပ်မတော်မှ ကလေးစစ်သားတချို့ ၎င်းတို့ထံတွင် ရှိကြောင်း၊ မီဒီယာများတွင် သက်သေများနှင့်တကွ ဖော်ပြထားချက်အရ မြန်မာစစ်တပ်၏ ကလေးစစ်သား အသုံးပြုမှုများကို ကမ္ဘာက သိရှိကြောင်း သူက ပြောသည်။

ထို့အတူ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက်အတွင်းရေးမှူး ဦးလနန်ကလည်း တအိမ်တယောက် တာဝန်မထမ်း မနေရ ဟူသော သတ်မှတ်ချက် ၎င်းတို့ထံတွင် မရှိကြောင်း၊  မိဘမဲ့ကလေးတချို့ ရောက်လာလျှင်လည်း စစ်သင်တန်းများတက်ခွင့်မရှိဘဲ စာသင်ကျောင်းသို့သာ ပို့ဆောင်ကြောင်း ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်