ကြံ့ဖွံ့ခေါင်းဆောင်များ “၀” နှင့် တွေ့ဦးမည်

E-mail Print
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ၂ ဦးသည် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့်  စနေနေ့၌  ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည်။

UWSA-and-USDPအစိုးရအထူးကိုယ်စားလှယ် ၀န်ကြီးဟောင်းများဖြစ်သည့်  ဦးအောင်သောင်း၊  ဦးသိန်းဇော်တို့သည် UWSA နှင့်  ယခုလဆန်းပိုင်းက တကြိမ် တွေ့ဆုံပြီး ဖြစ်သည်။

UWSA အဖွဲ့ကို ဒု ဥက္ကဋ္ဌ  ဦးရှောက်မင်လျှံက ဦးဆောင်ပြီး ပေါ်လစ်ဗျူရို အဖွဲ့ဝင် ပေါက်ယိုလင်း၊  ပြည်ပဆက်သွယ်ရေးတာဝန်ခံ ဦးကျောက်ဂုရမ်၊ ပြန်ကြားရေးအရာရှိ လီဆူးလျဲ့ခေါ် ဦးအောင်မြင့်၊ UWSA အမှတ် ၄၁၈ တပ်မဟာမှူး ဦးအိုက်လင်းတို့  ပါဝင်မည်ဟု အမည်မဖော် လိုသည့် UWSA အရာရှိတဦးက ဧရာဝတီကို ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် UWSA တို့ တွေ့ဆုံမည့်အချိန်သည် လားရှိုး- ကွတ်ခိုင် ဒေသ အခြေစိုက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ ၄ ကို အစိုးရတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

လားရှိုးမြို့ ဆွေးနွေးပွဲတွင် “ ၀”တပ်ဖွဲ့ ၏ အနာဂတ် ရပ်တည်မှု အခြေအနေကို ပြောဆိုကြမည်ဟု ယူဆရကြောင်း၊  UWSA ခေါင်းဆောင်များက ၁၉၈၉ ခုနှစ် အပစ်အခတ် စတင် ရပ်စဲသည့် အနေအထားမျိုးကို ပြန်လည်ရရှိရန် လိုလားနေသည်ဟု  လေ့လာသူများက ဆိုသည်။

တရုတ်မြန်မာနယ်စပ် စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက “အခု ဆွေးနွေးပွဲတွေကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ မလွယ်ပါဘူး၊ ယာယီပဲ ဖြစ်မယ်” ဟု သုံးသပ်သည်။

အစိုးရက UWSA ကို ချည်းကပ်နေခြင်းမှာ  လတ်တလော ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၊ ရှမ်းပြည်တပ်မတော် (SSA- N)တို့နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် UWSA ပါဝင်လာခြင်း မရှိစေရန် ကြိုတင် တားဆီးခြင်းပင် ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ဆက်ပြောသည်။

ယခုလဆန်းပိုင်းဆွေးနွေးပွဲတွင် ပါဝင်သည့် အချက်များမှာ အပစ်အခတ်ရပ်စဲရေး ဆက်လက် ထိန်းသိမ်းရန်၊ အဆင့်တူ ပုဂ္ဂိုလ်တို့နှင့် ဆက်ဆံရေးဌာနများ ထူထောင်ရန်၊ နယ်မြေကျော်လွန် ခရီးသွားရာတွင် လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်၍ နှစ်ဘက် ကြိုတင်ညှိနှိုင်းရန်၊ ဘုံသဘောတူညီချက် ရရှိလျှင် “၀” အထူးဒေသ တည်ငြိမ် ဖွံဖြိုးရေးကိစ္စများကို ဆက်လက်ညှိနှိုင်းရန်၊  အစိုးရ၀န်ထမ်းများကို  “၀” ဒေသအတွင်း ပြန်လည်လက်ခံရန်တို့ ဖြစ်သည်။

ပထမအကြိမ်ဆွေးနွေးပွဲအပြီးတွင်  ရှမ်းပြည်နယ်အစိုးရက UWSA အဖွဲ့၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့နှင့်   ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။

စာချုပ်ချုပ်ပြီးနောက် UWSA အဖွဲ့ပိုင် Yangon Airways ပြည်တွင်း လေကြောင်းလိုင်းကို ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့သည်။ Yangon Airways သည် ယမန်နှစ်က လေယာဉ်ပျံသန်း ပြေးဆွဲခွင့် လက်မှတ် (Aircraft Operator Certificate) မရှိဟူသော အကြောင်းပြချက်ဖြင့် ပိတ်ပင်ခြင်းခံထားရသည်။

အစိုးရက ပိတ်ဆို့ထားသည့် စီးပွားရေး အရ အချက်အချာကျသော လားရှိုး- တန့်ယန်း- ပန်ဆန်း ကားလမ်းကို ပြန်လည် ဖွင့်လှစ်ပေးရန် UWSA က လိုလားလျက်ရှိသည်။

စစ်သည်အင်အား သုံးသောင်းဝန်းကျင်ရှိသည်ဟုဆိုသော UWSA ၏ ဌာနချုပ်သည် ရှမ်းပြည်နယ် ပန်ဆန်းမြို့တွင် တည်ရှိသည်။

ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်ကို သဘောမတူသည့် UWSA သည် အာဏာပိုင်တို့၏ ဖိအားပေးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်