ရထားဝန်ထမ်းဟောင်းများ လမ်းဘေးရောက်

Tuesday, 04 October 2011 12:02
Print
ရန်ကုန်တိုင်း အတွင်းရှိ ရထားဝန်ထမ်း အိမ်ရာများတွင် လက်ရှိ ရထားဝန်ထမ်း မိသားစုဝင် မဟုတ်သူများကို  ဆက်လက် နေထိုင်ခွင့် မပြုဘဲ ပြောင်းရွှေ့ခိုင်းမှုကြောင့်  မိသားစုပေါင်း ရာချီ အိုးမဲ့အိမ်မဲ့ ဖြစ်နေသည်။

Former Railway staffစက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ပြီး ၀န်ထမ်းအိမ်ရာမှ ဖယ်ရှားခံရသူ အများအပြားမှာ ပင်စင်စား ရထားဝန်ထမ်း မိသားစုများဖြစ်ပြီး အိမ်သစ် မရှာနိုင်သေးသဖြင့် ဘူတာရုံများ၊ မြေလွတ်များတွင် ယာယီ နေထိုင်နေကြသည်။

''၁၀ ရက် ကျော်ပြီ။ ဘူတာရုံမှာ နို့မပြတ်သေးတဲ့ ကလေးတွေနဲ့ အိပ်နေရတာ" ဟု သင်္ဃန်းကျွန်း ရထားဝန်ထမ်း အိမ်ယာမှ ထွက်ခွာခဲ့ရသော ရထားဝန်ထမ်းဟောင်း တဦး၏ သမီး ဒေါ်တင်တင်ဝင်းက ပြောသည်။

တခြားနေရာသို့ ပြောင်းရွှေ့ပြီးအိမ်ငှားရန် ငွေကြေးအလုံအလောက် မရှိကြောင်း မလွှကုန်း ဘူတာရုံတွင် ယာယီ နေထိုင်နေသော  မီးရထား သံလမ်း ပြုပြင်ရေး ၀န်ထမ်းဟောင်းတဦီးက ပြောသည်။

"အောက်ခြေ၀န်ထမ်းရတဲ့ပိုက်ဆံက စားဖို့ အနိုင်နိုင်။ သူတို့ သတ်မှတ်ထားတဲ့ ကာလမှာ အိမ်တလုံးငှားဖို့ ပိုက်ဆံ မရှာနိုင်တော့ လမ်းဘေးမှာ ကလေးတွေနဲ့ နေတယ်"ဟု သူက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရထားအိမ်ရာများမှ  ပြောင်းရွှေ့ရသည့် မိသားစုပေါင်း ၃၀၀၀ နီးပါး ရှိသည်ဟု မီးရထားဝန်ကြီးဌာနထံမှ သိရသည်။

ဝန်ထမ်းမိသားစုဝင် မဟုတ်သူများကို ပြောင်းရွှေ့ရန် တလ ကြိုတင် အသိပေးခဲ့ကြောင်း၊ ၀န်ထမ်းအိမ်ရာများတွင်  လူပေါင်းစုံ လာရောက် နေထိုင်ပြီး ရာဇ၀တ်မျိုးစုံ ဖြစ်နေသောကြောင့် ရှင်းလင်းရခြင်း ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

မီးရထားဝန်ထမ်းများ နေထိုင်သည့် ပေ၂၀ ပတ်လည် မြေကွက်တကွက်တွင် မိသားစုသုံးစု အထိ ငှားရမ်းပြီး အတူ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

"ငှားထားတဲ့ လူတွေကို စပေါ် ယူထားလို့ ပြန်မရှင်းနိုင်ရင် အဲဒီဝန်ထမ်းပါ အလုပ် ဖြုတ်ပစ်တယ်" ဟု ဗိုလ်တထောင် ရထားဝန်ထမ်း အိမ်ရာတွင် နေထိုင်သူတဦးက ဆိုသည်။

မိသားစု အများအပြားသည် ပြောင်းရွှေ့ပေးရပြီး ရက်၂၀ ကျော် ကြာလာသည့်တိုင် နေထိုင်ရန်အိမ် ရှာဖွေနိုင်ခြင်း မရှိသေးပေ။