ကျောက်ဆည်ခရိုင်အတွင်း ရေထပ်ကြီး

Wednesday, 05 October 2011 13:44
Print
မန္တလေးတိုင်း ကျောက်ဆည်ခရိုင်တွင် ၅ ရက်ဆက်တိုက် ရွာသွန်းသည့်အတွက် တခရိုင်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေ ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းကုန်းမြေမြင့်နှင့် မန္တလေးတိုင်းတွင် မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီး ဇော်ဂျီမြစ်ရေ လျှံတက်ခြင်း၊ ကျောက်ဆည်မြို့ အနီးရှိ မင်းရဲ၊ ငပြောင်၊ နောင်ခမ်း စသည်ဆည်များမှ ရေပိုရေလျှံများ လျှောကျခြင်းတို့ကြောင့် ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာရသည်ဟု ကျောက်ဆည်မြို့ခံ တဦးက ဧရာဝတီကို ပြောသည်။

“မိုးရေချိန်ကို ကြည့်ကတည်းက ရေကြီးမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ထင်ထားတာထက် ပိုများတော့ ပစ္စည်းတွေရွှေ့ဖို့ မတတ် နိုင်ဘူး။ မြို့ဦးဘက်မှာဆို အိမ်ခေါင်ပါ မြုပ်တယ်” ဟု ၎င်းက ဆိုသည်။

မြို့အနောက်ပိုင်း ရပ်ကွက်ကြီးများဖြစ်သည့် ကြက်မင်းတွန်၊ ဆူးကုန်း၊ အောက်ချိုင့်၊ ငါးဆူပတ္တာ စသည်တို့နှင့် မြို့ဦး၊ ဇီးပင်ကွင်း၊ အင်းကုန်း၊ ပြည်တော်သာ စသည့် ပတ်ဝန်းကျင် ရွာများတွင် ရေလွှမ်းမိုး ခံရကြောင်း အဆိုပါ မြို့ခံကပြောသည်။

ရေဘေးဒုက္ခသည်များမှာ မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် သွားရောက်နေထိုင်ပြီး ကားလမ်းနံဘေးရှိ ကျေး ရွာများမှာမူ အိမ်မွေးတိရစ္ဆာန်များကို ရေလွတ်ရာ ကားလမ်းပေါ်တွင် ထားရှိရကြောင်း သိရသည်။

အဆိုပါ ရေကြီးမှုကို မန္တလေး တိုင်းဒေသကြီးမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် ပေးကြောင်း၊ မန္တလေးမြို့ပေါ်ရှိ လူမှုရေး အသင်းများကလည်း လာရောက်ပြီး ရေသန့်နှင့် အစားအသောက်များ လှူဒါန်းကြကြောင်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

ယခုကဲ့သို့ ကျောက်ဆည်မြို့နယ်အတွင်း ရေလွှမ်းမိုးမှုမှာ ဇော်ဂျီမြစ် တိမ်ကောလာခြင်းနှင့် မြို့အနီးရှိ ဆည်များ ပြုပြင်မှုနည်း ပါးသည့်အတွက် နုန်းတင်မှု များပြားကာ ဆည်ကောလာခြင်း၊ ၂၀၀၆ ခုနှစ်က ကျောက်ဆည်မြို့အား သောက်သုံးရေ ပေးဝေနိုင်ရန်  ရေထိန်း တာတမံတခု တည်ဆောက်ခဲ့ခြင်းတို့ကြောင့် ဖြစ်ရကြောင်း ဒေသအာဏာပိုင်များက သုံးသပ်သည်ဟု ၎င်းမြို့ခံက ဆိုသည်။

အဆိုပါ ရေလွှမ်းမိုးမှုနှင့် ပတ်သက်၍ မေးမြန်းရန် ကျောက်ဆည်မြို့ရှိ ဆည်မြောင်းဦးစီးဌာနကို ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိပေ။

ယခုအခါ ရာသီဥတု ဖောက်ပြန်မှုကြောင့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့တွင် မိုးဆက်တိုက် ရွာသွန်းပြီး ရေကြီးမှုများဖြစ်ကာ လူအသေအပျောက်များ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်များ၌ မိုးများခဲ့သည့်အတွက် ဆည်များမှ ရေပိုများကို ဖောက်ထုတ်လိုက်ရာ ပျဉ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိမြို့နယ်များရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွား ခဲ့သေးသည်။

မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က အနောက်တောင် မုတ်သုံလေ လုံးဝဆုတ်ခွာသွားပြီဖြစ်ကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော် အတွင်း၌ မုန်တိုင်းတခုဖြစ်ပေါ်ရန်ရှိကြောင်း ခန့်မှန်းပြောဆိုသည်။