မွန်ပြည်သစ် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း

Thursday, 06 October 2011 12:56
Print
မွန်ပြည်သစ်ပါတီသည် မကြာသေးမီက ငြိမ်းချမ်းရေးကော်မတီတရပ် ဖွဲ့စည်းလိုက်ပြီး ထိုကော်မတီက ပြည်နယ်အစိုးရနှင့် ယခုလအတွင်း ဆွေးနွေးဖွယ်ရှိသည်ဟု ပါတီနှင့် နီးစပ်သူတို့က ပြောသည်။

နေပြည်တော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးကြရန် ပြည်နယ်အစိုးရများကို တာဝန်ပေးပြီး မကြာမီ မွန်ပြည်သစ်ပါတီက ထိုသို့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

မွန်ပြည်သစ်၏ ငြိမ်းချမ်းရေးကော်မတီတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် နိုင်အောင်မင်းက ခေါင်းဆောင်မည်ဟု ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

ပါတီခေါင်းဆောင်များ၏ ယခုလလယ်ပိုင်း အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ရက်သတ်မှတ်နိုင်မည်ဟု ၎င်းက ဆက်ပြောပြသည်။

ထိုကော်မတီ၏ တာဝန်မှာ ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမူဝါဒများနှင့် ပတ်သက်ပြီး အစိုးရသို့ ဆွေးနွေးပြောပြရန်သာဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ၏ မူအတိုင်း ရပ်တည်နေကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီကို ပြောသည်။

“ကော်မတီက အစိုးရကိုယ်စားလှယ်နဲ့ တွေ့မယ်။ နိုင်ငံရေးအရ ဆွေးနွေးတာတွေ၊ အပစ်ရပ်ရေး ညှိနှိုင်းတာတွေကိုတော့ UNFC တပ်ပေါင်းစုကပဲ ဦးဆောင်ပြီး လုပ်သွားမှာပါ” ဟု နိုင်ဟံသာက ဆိုသည်။

ဒေသခံ မွန်တိုင်းရင်းသား ခေါင်းဆောင်များကလည်း မွန်ပြည်သစ်ပါတီကို ဗဟိုအစိုးရအဆင့်နှင့်သာ တိုက်ရိုက် တွေ့ဆုံရန် ပြောဆိုနေကြသည်။

“နေပြည်တော်နဲ့ပဲ တိုက်ရိုက် စကားပြောပါလို့ ကျနော် သူတို့ကို ပြောထားပြီးပြီ။ ပြည်နယ်အစိုးရဆိုတာက လုပ်ပိုင်ခွင့်အာဏာ ရှိတာ မဟုတ်ဘူး” ဟု မွန်ပြည်သစ်ပါတီတွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် တာဝန် ယူခဲ့ဖူးသည့် နိုင်ကောင်းရွတ်က ပြောသည်။

မွန်တိုင်းရင်းသား လူမှုခေါင်းဆောင်များက မွန်ပြည်သစ်ပါတီကို ဖိအား ပေးရာတွင် တိုင်းရင်းသားအင်အားစုများ ညီညွတ်မှု တည်ဆောက်ရေးအတွက် တပ်ပေါင်းစု အနေဖြင့် လုပ်ဆောင်ရန် အထူး လိုအပ်သည်ဟူသော အချက်လည်း ပါဝင်သည်။

“တပ်ပေါင်းစု စည်းကမ်းချက်တွေအတိုင်းလုပ်ဖို့၊ UNFC တပ်ပေါင်းစုထဲမှာ သဘောတူထားတာတွေကို လေးစားဖို့ တိုက်တွန်းထားပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် Mon Unity League အဖွဲ့ ဥက္ကဋ္ဌ နိုင်စွန်းထွန်းက ရှင်းပြသည်။

“ပြည်နယ်အစိုးရနဲ့ စကားပြောတာတွေဟာ လူထုအတွက် အကျိုးမရှိဘဲ တိုင်းရင်းသားအဖွဲ့တွေကြားထဲ နားလည်မှုလွဲတာတွေပဲ ဖြစ်လာမှာကို စိုးရိမ်ရတယ်” ဟု နိုင်စွန်းထွန်းက ပြောသည်။

မကြာသေးမီက အစိုးရကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်အခြေစိုက် UWSA နှင့် NDAA တပ်ဖွဲ့တို့ကို တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်အစိုးရက ထိုင်းမြန်မာနယ်စပ်ရှိ KNU အဖွဲ့ထံသို့ ဘာသာရေးခေါင်းဆောင်တချို့ကို စေလွှတ်ပြီး သွားရောက်တွေ့ဆုံစေခဲ့သည်။

တနင်္သာရီတိုင်း အာဏာပိုင်တို့ကလည်း KNU အမှတ် ၄ တပ်မဟာ တာဝန်ခံတို့နှင့် ဆွေးနွေးလိုသည်ဟု ဒေသခံ ကရင်တိုင်းရင်းသားလူမှုခေါင်းဆောင်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

အစိုးရက မွန်ပြည်သစ်ပါတီကို ငြိမ်းချမ်းရေးယူရန် ချည်းကပ်နေချိန်တွင် ကချင်၊ ရှမ်း၊ ကရင် ပြည်နယ်များရှိ KIA၊ SSA(N)၊ KNU တို့ကို ထိုးစစ်ဆင်နေခြင်းမှာ တိုင်းရင်းသား အဖွဲ့များအကြား နားလည်မှုလွဲမှားစေနိုင်ကြောင်း ဝေဖန်သူတချို့က ဆိုသည်။

တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (OMCC) ၏ ကြေညာချက်တွင် အစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်မှာ တိုင်းရင်းသားတို့ကို ချုပ်ကိုင်နိုင်ရေးအတွက် သွေးခွဲ နေခြင်းသာဖြစ်သည်ဟု ဖော်ပြထားသည်။

UNFC တပ်ပေါင်းစုနှင့် ရပ်တည်ရန် မွန်ပြည်သစ်ပါတီကို ဖိအားပေးသူများထဲတွင် ထိုကော်မတီလည်း ပါဝင်သည်။

UNFC ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့ ၆ ဖွဲ့တို့ ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလက စတင် ဖွဲ့စည်းခဲ့သည်။ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တဖွဲ့ချင်း မဟုတ်ဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။