ကရင်ပြည်နယ် တိုက်ပွဲများ မရပ်စဲသေး

Thursday, 06 October 2011 17:15
Print
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက ကရင်ပူးပေါင်းတပ်များနှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားသည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)က ပြောသည်။

DKBA-News-7-8-11DKBA ကလို့ထူးဘော စစ်ဗျူဟာ၏ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က ယနေ့နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ကော့ကရိတ်မြို့ မြောက်ဘက် ၃ မိုင်ခန့်ရှိ နန်းရွှေနိမ့် နှင့် မယ်ဖလဲ့ ရွာကြားတွင် စစ်ရေးလှုပ်ရှားနေသည့် အစိုးရ တပ်ရင်း ၄ ရင်းကို DKBA နှင့် ကရင် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောပြသည်။

“ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်၊ ထိခိုက်မှုကတော့ နှစ်ဘက်လုံးမှာရှိနိုင်တယ်၊ အရေအတွက်တော့ အတည်ပြုလို့မရသေးဘူး”ဟု  ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် ဆွဲမိုင်းကိုအကြောင်းမဲ့ အသုံးပြုခြင်းမရှိဘဲ သတ်ကွင်းအတွင်း ရောက်ရှိလာသည့်ရန်သူများကို အမိအရ တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ထိခိုက်ကျဆုံးမှုများမှာ ဆယ်ဂဏန်းနှင့်အထက်တွင် ရှိနိုင်သည်ဟုလည်း ၎င်းက ပြော သည်။

ယနေ့တိုက်ပွဲတွင် ကော့ကရိတ်မြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ)၅၄၆-၅၄၇ ၊ ခလရ ၉၇ နှင့် တပ်မ၂၂ လက်အောက် ခံ ခြေမြန်တပ်ရင်း(ခမရ)၂၀၂ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး DKBA ကလို့ထူးဝါး စစ်ဗျူဟာမှ ဗိုလ်မှူးကြီး ကျော်သက် ဦးစီး အဖွဲ့နှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၁၀၁ တပ်ဖွဲ့ဝင် တချို့ပါရှိကြောင်း သိရ သည်။

တိုက်ပွဲဖြစ်ပွားသော်လည်း ကော့ကရိတ်-မြ၀တီ ကားလမ်း ထိခိုက် ပိတ်ပင်ခြင်း မရှိဟု တရက်ခြား ယာဉ်တန်းဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာသည့် မြန်မာကုန်သည် ဦးယူနွတ်က ပြောပြသည်။

“တိုက်ပွဲဖြစ်တဲ့ အသံတွေကိုတော့ ကြားနေရတယ်။ ကားလမ်းအထိတော့ ရောက်မလာဘူး။ ကော့ကရိတ်ကနေ နည်းနည်းလှမ်း တယ်။ ဒီနေ့ ယာဉ်တန်းအတက်နေ့မှာ မြ၀တီကိုကောင်းကောင်းမွန်မွန်ပဲ ယာဉ်တန်းတွေ ရောက်လာတယ်”ဟု ၎င်းကပြော သည်။

၅၅ မိုင်ခန့် အကွာအဝေးရှိသည့် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းနှင့် မြ၀တီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊
လှိုင်းဘွဲမြို့နယ်အတွင်း ယခင်လ ၁၅ ရက်နေ့မှ လကုန်ပိုင်းအထိ DKBAပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်များအကြား ၁၅
ကြိမ်ခန့် တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်ဟု DKBA က ပြောဆိုချက်အရ သိရသည်။

ယင်းတိုက်ပွဲများကြောင့် မြန်မာစစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် ကျဆုံးခဲ့ပြီး DKBA နှင့် ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး ခဲ့သည်ဟုလည်း DKBAက သတင်း ထုတ်ပြန်ထားသည်။