မွန်၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေး တ၀ဲလည်လည်

E-mail Print
အစိုးရ တာဝန်ရှိသူများနှင့် မွန်ပြည်သစ်ပါတီ (NMSP) မှ ခေါင်းဆောင်တချို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရေးမြို့နယ်တွင် ယမန်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ် အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ NMSP ဘက်မှ ဒု ဗိုလ်မှူးကြီး နိုင်ဟံသာ အပါအ၀င် ကိုယ်စားလှယ် တချို့တို့က ရေးမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၆၁ တပ် စခန်း တနေရာတွင် တွေ့ဆုံခဲ့ကြောင်း NMSP က ပြောသည်။

NMSP00278ယင်း တွေ့ဆုံဆွေးနွေးသည့် ကိစ္စနှင့် ပတ်သက်ပြီး လတ်တလော မသိရသေးကြောင်း NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာ ပိန်ခိုင်က ဆိုသည်။

NMSP ဗဟို အလုပ်အမှုဆောင် နိုင်ရွှေသိန်းကမူ ၎င်းတို့ ပါတီ၏ မူဝါဒကို အဓိက ဆွေးနွေးမည်ဟု ယူဆရကြောင်း ပြောဆို သည်။

ထိုသို့ တွေ့ဆုံရာတွင် NMSP အနေဖြင့် ပြည်နယ်အစိုးရအဆင့်နှင့် မဆွေးနွေးလိုဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေး လိုသည်ဟု ၎င်းက ဆိုသည်။  

မွန်ပြည်သစ်ပါတီသည် တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC) ဖွဲ့စည်းရာတွင် ပါဝင်ထားသည့် အတွက် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာ၌ တဖွဲ့ချင်း မဟုတ် ဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။

UNFC ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့ ၆ ဖွဲ့တို့ ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလက စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းဆွေးနွေးရာတွင် မွန်ပြည်သစ်ပါတီကို ဗဟိုအစိုးရ အဆင့်နှင့်သာ တိုက်ရိုက်တွေ့ဆုံရန် ဒေသခံ မွန်တိုင်းရင်းသားခေါင်း ဆောင်များကလည်း ပြောဆိုနေကြသည်။

NMSP သည် မကြာသေးမီက ငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့စည်းခဲ့ ပြီးနောက် ယခုကဲ့သို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ် သည်။

ထိုကော်မတီ ဖွဲ့စည်းရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က နေပြည်တော်သို့ အဆိုပြုခဲ့သော်လည်း ပယ်ချခံရကြောင်း သိရသည်။

ယင်းအဖွဲ့ကို ဦးဆောင်မည့် နိုင်လ၀ီအောင်သည် ယခင်က မွန်ပြည်သစ်ပါတီမှ ဗဟို ကော်မတီဝင်ဟောင်း ဖြစ်သောကြောင့် နေပြည်တော်က မနှစ်သက်ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။

NMSP သည် ယခင် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ သို့သော် အစိုးရတပ်၏ ထိန်းချုပ်မှု
အောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။

တချိန်တည်းတွင် အစိုးရက တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)ကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခဲ့သေးသည်။
 
ယင်း ကမ်းလှမ်းချက်ကို DKBA တပ်မဟာ ၅ ကလို့ထူးဘော အဖွဲ့က လက်မခံဘဲပယ်ချလိုက်သည်ဟု အဖွဲ့ ၏ ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်(နှုတ်ခမ်းမွေး)က ပြောသည်။

၎င်းက“တပြည်လုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးကိုပဲ လက်ခံနိုင်မယ် အခုလို ကရင်အမျိုးသားတွေကြားမှာဖဲ့ထုတ် စည်းရုံးတာကို လက်မခံနိုင်ဘူး၊ DKBA အနေနဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ ၄ ချက်အတိုင်းပဲ ရပ် တည်မယ်”ဟုပြောဆိုသည်။

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် အဖွဲ့ခေါင်းဆောင်နှင့် သမ္မတ၏ အထူးကိုယ်စားလှယ် ဖြစ်သည့် ဦးအောင်သောင်း၏ စေလွှတ်မှုဖြင့် ယခုရက်ပိုင်းအတွင်းက ဗိုလ်မှူးကြီးစောခင်စိုး(ငြိမ်း)ဦးဆောင်သည့် အဖွဲ့သည် ထိုင်း မြန် မာ နယ်စပ်သို့ ရောက်ရှိလာပြီး DKBA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင်ပါဝင်သူတဦးက“စောခင်စိုးပြောတာက ခင်ဗျားတို့ KNU ကိုသွားမကြည့်နဲ့ သူတို့က ကရင်ပြည်နယ် အစိုးရနဲ့ ဆွေးနွေးနေပြီ၊ KNU ကငြိမ်းချမ်းရေးရရင် အခွင့်အရေးဆယ်ပုံဆိုရင် DKBA ကတပုံပဲရမယ်၊ ဒါကြောင့် အမြန်ဆုံးလုပ်ဖို့လို့ ပြောတယ်။ ကျနော်တို့ကတော့ အဖွဲ့ရဲ့မူအတိုင်းပဲ လက်မခံနိုင်တဲ့ အကြောင်းပြန်ပြောလိုက်တယ်”ဟုဆိုသည်။

စောခင်စိုး ဦးဆောင်သည့်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်လည်း ထိုင်းမြန်မာနယ်စပ်တွင် မကြာမီကတွေ့ဆုံခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာ အစီစဉ်များကို ချပြခဲ့ကြောင်း သိရသည်။

KNU အဆင့်မြင့်ခေါင်းဆောင်တဦးက“ဒီလူတွေက သဘောထားမမှန်ဘူး၊ DKBA ကိုတမျိုး ပြောတယ်၊ KNU ကိုတမျိုးပြော တယ်၊ ကျနော်တို့ကရင်တွေကို ဖဲ့ထုတ်စည်းရုံးတာပဲ၊ ကျနော်တို့ကတော့ အဖွဲ့ကချမှတ်ထားတဲ့မူအရ ဗဟိုအစိုးရနဲ့ပဲ ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်”ဟု ပြောသည်။

လတ်တလောတွင်လည်း အစိုးရတပ်များက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်လျက် ရှိသည်။

ထိုင်းနယ်စပ် အခြေစိုက် ဧရာဝတီ သတင်းထောက် ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်