စိစစ်ရေး အဖြတ်အတောက် ဆက်ကြမ်းနေ

E-mail Print
ဒီမိုကရေစီစနစ်တွင် စာပေစိစစ်ရေး မရှိသင့်ဟု စိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ထုတ်ဖော် ပြောဆိုလိုက် သော်လည်း သတင်းအများစုကို စိစစ်ဖြတ်တောက်နေဆဲ ဖြစ်သည်။

Irrawaddy_Journalဦးတင့်ဆွေက “ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီဖြစ်တဲ့အတွက် ခေတ်နဲ့ လျော်ညီအောင် စာပေစိစစ်ရေးကို မထားရှိ သင့်တော့ဘူးလို့ ထင်မြင်ယူဆပါတယ်” ဟု ပြည်ပအခြေစိုက် RFA သတင်းဌာနကို အောက်တိုဘာ ၈ ရက်နေ့က ပြောဆိုလိုက်သော်လည်း သတင်းဂျာနယ်များတွင် ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု နောက်ဆက်တွဲ သတင်းများ၊ ပြည်မြန်မာ ကုန်တိုက် ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒပြသည့်သတင်း၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲသတင်းများ အပါအ၀င် သတင်းအများစု ဖော်ပြခွင့်မပြုဘဲ ဆင်ဆာ ဖြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာ လိုက်ပြီးနောက်ပိုင်း တရုတ်သတင်း မီဒီယာများနှင့် တရုတ်အစိုးရ၏ ရှယ်ယာများ ပါဝင် သော China Power Investment (CPI) ကုမ္ပဏီတို့က မြစ်ဆုံစီမံကိန်း ရပ်တန့်မှုအပေါ် ပြန်လည်စဉ်းစား သုံးသပ်ပေးရန်နှင့် စီမံကိန်း ရပ်တန့်သဖြင့် ဥပဒေ ကြောင်းအရ ရင်ဆိုင်ရမည်ဆိုသော ပြောဆိုမှုများ၊ မြစ်ဆုံစီမံကိန်းသည် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် နိုင်ဆိုသော ရေးသားချက်များ ဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့သည်။

ထို့ကြောင့် မြန်မာသတင်း မီဒီယာများက ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ဆက်နွှယ်ပြီး တရုတ်သတင်း မီဒီယာများ၏ ပြောဆိုရေးသားမှု များကို ပြန်လည်တုံ့ပြန် ပြောဆိုရန် ရေးသား တင်ပြကြသော်လည်း စာပေစိစစ်ရေးဌာနက ခွင့်ပြုချက် မပေးကြောင်း သိရသည်။

“တရုတ်မီဒီယာ တွေမှာပါတဲ့ မြစ်ဆုံစီမံကိန်း ရပ်တဲ့အပေါ် ဝေဖန်သုံးသပ်မှုကို ပြန်တုံ့ပြန်တဲ့ သတင်းမျိုးတွေ ဖော်ပြခွင့်မရဘူး။ မြစ်ဆုံနဲ့ ပတ်သက်တဲ့ သတင်းတိုင်းကို ဖြုတ်တာတော့ မဟုတ်ဘူး။ ပေးချင်တဲ့ အဓိက Message ဖြုတ်ခံရပြီး ကန့်သတ် ဖော်ပြခွင့် ပြုတာမျိုးတွေလည်း ရှိတယ်” ဟု သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦးက ပြောသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း သတင်းများသာမက အစိုးရပိုင် ပြည်မြန်မာကုန်တိုက်ကို လေလံပစ်ပြီး ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရန် ကုန်တိုက်အတွင်းရှိ ဆိုင်ခန်းများကို အတင်းအကျပ် ဖယ်ရှားခိုင်းမှုကြောင့် ဆိုင်ခန်းပိုင်ရှင် ၂၀ ကျော်က ဆန္ဒပြသည့် သတင်း၊ ဆန္ဒပြသူ အမျိုးသမီး ၂ ဦးကို ခံဝန်လက်မှတ် ရေးထိုးစေကာ ပြန်လွှတ်ပေးသည့် သတင်းများအား စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက် ခဲ့သည်ဟု သိရသည်။

“ဒီမိုကရေစီစနစ်မှာ စိစစ်ရေးမရှိသင့်ဘူးလို့ ပြောတာကို ကြိုဆိုတယ်။ အပြောကို အလုပ်နဲ့ ညီအောင် ပြပါလို့ ပြောချင်တယ်။ ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းပိုင်ရှင်တွေ ဆန္ဒပြတာက နိုင်ငံရေး သတင်း မဟုတ်ဘူး၊ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်ဘူး။ ဘာကြောင့် ပယ်တာလဲ၊ ဘာဖြစ်လို့ ဖော်ပြခွင့် မပေးတာလဲ” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက မေးခွန်းထုတ်သည်။

ကချင်ပြည်နယ် အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် နောက်ဆက်တွဲ မတည်ငြိမ်မှု သတင်းများကိုလည်း ဂျာနယ်များတွင် လုံးဝ မဖော်ပြနိုင်ရန် စာပေစိစစ်ရေးက  ဖြုတ်ပယ်ခဲ့ကြောင်း သိရသည်။

“ကချင်မှာ စစ်ဖြစ်လို့ ကုန်သွယ်ရေး ရပ်တယ်၊ စားသောက်ကုန်တွေ ဈေးတက်တယ်။ လမ်းပန်းဆက်သွယ်ရေး စရိတ် ကြီးတယ်။ ဒါမျိုးသတင်းတွေ ရေးတာပါ။ အဲဒီလို သတင်းမျိုးကိုတောင် စာပေစိစစ်ရေးက ပယ်တယ်။ စစ်ပွဲ ဖြစ်တယ် ဆိုတဲ့ သတင်းမျိုး ဆိုတော့ ဖော်ပြခွင့်ရဖို့ မမျှော်လင့်နဲ့ လို့တောင်ပြောရမလိုပဲ” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်က ဆိုသည်။

စိစစ်ရေး မူဝါဒနှင့်မကိုက်ညီသော သတင်းများ ဖြုတ်ပယ် ခံနေရသည့်အပြင် လွှတ်တော်သို့ သွားရောက် သတင်းယူခဲ့သော သတင်းထောက်များ ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းတပ်ဖွဲ့က အိမ်တိုင်ရာရောက် လိုက်လံ စုံစမ်းပြီး ကိုယ်ရေး ရာဇ၀င် မေးမြန်းမှုများ ရှိနေကြောင်း ပြည်တွင်းသတင်းထောက် တချို့က ပြောသည်။

“ကိုယ်လည်း မသိလိုက်ဘူး၊ အိမ်လာသွားတယ်။ ကိုယ်ရေးရာဇ၀င် ဖောင်ဖြည့်ပေးဖို့ လာပြောတယ်။ တကယ်ဆိုရင် လွှတ်တော် မတက်ခင်ကတည်းက ကိုယ်ရေးအကျဉ်း အပြည့်အစုံ ပေးထားပြီးသား။ ဘာသဘောနဲ့ အိမ်အထိ ရဲက လိုက်လာသလဲ ဆိုတာ မစဉ်းစားတတ်ဘူး” ဟု လွှတ်တော်တက် သတင်းယူခဲ့သော စာနယ်ဇင်းသမားတဦးက ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းလွတ်လပ်ခွင့် ပေးလျှင် အကျိုးထက် ဆိုးကျိုးသာ များကြောင်း၊ စာပေ စိစစ်ရေး ဌာနသည် တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် ရပ်တည်နေခြင်းဖြစ်ပြီး ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း၊ အမျိုးသား အကျိုးစီးပွား အခြေခံသော စတုတ္ထမဏ္ဍိုင် ဖြစ်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးများတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်သော ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် မရှိသေးသည့်အပြင် သတင်းသမား ၂၀ နီးပါးမှာလည်း ပြည်ပအခြေစိုက် သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟု ဆိုကာ အစိုးရ၏ မတရား ဖမ်းဆီး ထောင်ချခြင်းကို ခံနေရဆဲ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်