စာပေ စိစစ်ရေး မရှိလျှင် ပိုကောင်းမည်

Monday, 10 October 2011 16:58
Print
မြန်မာနိုင်ငံ၏ မီဒီယာ အခန်းကဏ္ဍ၌ စာပေစိစစ်ရေးဌာန မရှိသင့်တော့ကြောင်း စာပေစိစစ်ရေးဌာန၏ အဆင့်မြင့် အရာရှိတဦး က မကြာမီ ရက်ပိုင်းအတွင်း ပြောဆိုခဲ့ခြင်းကို ပြည်တွင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက ထောက်ခံကြိုဆို လိုက်ကြသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်၍ စာပေစိစစ်ရေးဌာကို ထားရှိရန်မသင့်တော့ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒု ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြည်ပအခြေစိုက် လွတ်လပ်သော အာရှအသံ(RFA) အသံလွှင့်ဌာနသို့ ပြီး ခဲ့သည့် စနေနေ့က ထိုသို့ ပြောဆိုခဲ့ခြင်းအပေါ် စာပေအသိုင်းအ၀ိုင်းက ကြိုဆိုကြုခင်းဖြစ်သည်။

ဦးတင့်ဆွေ၏ ပြောစကားသည် စာပေလောကသားများအတွက် ၀မ်းမြောက်၊ ၀မ်းသာ ကြိုဆိုရမည်ဖြစ်ကြောင်း၊ စိစစ်ရေးဌာန အားဖျက်သိမ်းမည်ဆိုပါက စာပေ၊ စာနယ်ဇင်း အသိုင်းအ၀ိုင်းအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာမည် ဖြစ်သည့် အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာနှင့် စာရေးဆရာ မောင်ဝံသ က ဧရာဝတီကို ပြောသည်။

စိစစ်ရေးမရှိလျှင် ရေးသားခွင့် ပိုမိုလွတ်လပ်မှု ရှိမည်ဖြစ်ပြီး၊ ရေးသားထုတ်ဝေပြီးသည့် စာစောင်များကိုသာ အာဏာပိုင်များက စိစစ်ရတော့မည်ဖြစ်ကြောင်း၊ စိစစ်ရာတွင်လည်း နိုင်ငံတော်၏ မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဥပေဒနှင့် အညီ ရေးသားမှုရှိမရှိတို့ကိုသာ စိစစ်၍ ဥပဒေချိုးဖောက်ပါက အရေးယူမှု၊ တရားစွဲဆိုမှုတို့ကို လုပ်ဆောင်နိုင်မည်ဟု ၎င်းကရှင်း ပြသည်။

“စနစ်တခုက တခုကို ပြောင်းမယ်ဆိုရင် အနည်းနဲ့အများဆိုသလို ပြဿနာတွေရှိလာမှာပါ၊ ဒါတွေကို စိုးရိမ်ကြောင့်ကြနေစရာ မလိုဘဲ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်စရာတွေကို ပြင်ဆင်ထားဖို့ပဲ လိုတယ်”ဟု စာရေးဆရာ မောင်ဝံသ က ဆိုသည်။

စာပေစိစစ်ရေးဌာန မရှိလျှင် ပိုမို လွတ်လပ်စွာရေးသားလာနိုင်မည်ဖြစ်ပြီး နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများပါထုတ်ဝေခွင့် ရလာမည် ဆိုလျှင်လည်း ပြည်သူများကို မြန်ဆန်သွက်လက်စွာ သတင်းပေးနိုင်မည်ဖြစ်၍ ပြည်သူများအတွက် များစွာအကျိုးရှိလာမည်ဟု ၎င်းက ဆက်ပြောသည်။

“သတင်းမှန်တွေကို ပြည်သူတွေက နေ့စဉ်ဖတ်ခွင့် သိခွင့်ရမယ်ဆိုရင် ဝေဖန်ပိုင်းခြားမှုတွေ ပိုမိုလာမယ်”ဟု ဆရာ မောင်ဝံသ က ဆိုသည်။

Open News ဂျာနယ်နှင့် မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောကလည်း စာပေစိစစ်ရေး ဖြုတ်သိမ်းမည့် ကိစ္စကို ကြိုဆို ကြောင်း ပြောသည်။

“စိစစ်ရေးမရှိတာက ကောင်းတယ်လို့ မြင်တယ်၊ အရင်ထက်စာရင် ပိုလွတ်လပ်သွားတာပေါ့၊ ကိုယ့်တာဝန်တော့ ကိုယ်ယူရမှာပါ၊ အစိုးရက မီဒီယာ ဥပဒေတခု ရေးဆွဲနေတယ်လို့ ပြောတယ်၊ ဘာတွေပါလဲ ဆိုတာတော့ မသိရသေးဘူး”ဟု
ဦးသီဟစော က ဧရာဝတီကို ပြောသည်။

ဒီမိုကရေစီနိုင်ငံများနှင့် ဒီမိုကရေစီ စနစ်ကျင့်သုံးနေသော ကမ္ဘာ့ မည်သည့်နိုင်ငံတွင်မှ စာပေစိစစ်ရေးဌာနမရှိကြောင်း၊ မြန်မာနိုင်ငံသည်လည်း ဒီမိုကရေစီ စနစ်ကျင့်သုံးနေသည်ဆို၍ စာပေစိစစ်ရေးဌာန လုံးဝ မရှိသင့်တော့ကြောင်း၊ စတုထ္တမဏ္ဍိုင်ဖွံ့ဖြိုး တိုးတက်မှုရှိမှသာ ကျန်သည့်မဏ္ဍိုင် သုံးရပ်အား ပြည့်ပြည့်၀၀ အထောက်အကူပြုနိုင်မည် ဖြစ်ပြီး ဒီမိုကရေစီစနစ်ပီပြင်လာမည် ဟု ရန်ကုန်မီဒီယာဂရု(ပ်)၏ အမှုဆောင်အရာရှိချုပ် ကိုကို(စက်မှုတက္ကသိုလ်) က ပြောသည်။

အလားတူ ပုဂ္ဂလိက မီဒီယာများအနေဖြင့် ဂျာနယ်လစ်ဇင်ကိုအခြေခံသော မီဒီယာကျင့်ဝတ်အတိုင်း လိုက်နာ၍ ဥပဒေနှင့် အညီရေးသားကြမည်ဆိုပါက မည်သည့်အရာကိုမှ စိတ်ပူပန်စရာ မလိုတော့ကြောင်းလည်း ဦးကိုကို က ဆိုသည်။

“မီဒီယာတွေက တခုခုဖောက်ဖျက်မိရင် ဥပဒေအရ ရင်ဆိုင်ရမှာပဲလေ။ နောက်တခုက အာဏာပိုင်တွေက စိစစ်ဖြတ်တောက်
ပြီးမှ ထုတ်တာက လွတ်လပ်စွာရေးသားခွင့်ကို ကန့်သတ်တဲ့သဘောပဲ၊ စိစစ်ရေးမထားတော့ဘူးလို့ အခုလို ပြောတာကိုလည်း ပဲ ကြိုဆိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

စိစစ်ရေးဌာန ဖျက်သိမ်းပြီးနောက် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများထုတ်ဝေခွင့်ပြုမည်ဟု သိရကြောင်း၊ ပုဂ္ဂလိက နေ့စဉ် ထုတ် သတင်းစာများရှိမှသာ မီဒီယာအခန်းကဏ္ဍ ပီပြင်လာမည်ဖြစ်၍ နေ့စဉ်ထုတ် သတင်းစာများ မရှိမဖြစ်လိုအပ်နေသည်ဟု ဦးကိုကို က ဆိုသည်။

“နိုင်ငံပိုင်သတင်းစာတွေရှိလို့ ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာ မလိုအပ်ဘူးဆိုတာက ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပါ၊ ဘာကြောင့် လဲဆိုတော့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် နိုင်ငံပိုင်သတင်းစာဆိုတာဟာ လွတ်လပ်တဲ့ မီဒီယာ မဟုတ်လို့ပါပဲ”ဟုလည်း၎င်းက ပြောသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာများ ရှိ၍ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေ
ခွင့်ပြုရန် အစီအစဉ် မရှိသေးကြောင်း၊ မီဒီယာလွတ်လပ်ခွင့်နှင့်တာဝန်ယူမှုတို့ကို ထိန်းကျောင်းပေးနိုင်မည့် ဥပဒေသစ်တရပ်ပြ ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောဆို ခဲ့သေးသည်။

“လွတ်လပ်မှုနှင့်တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲကျင့်သုံးသည့် မီဒီယာဖြစ်လာစေရန် ထိန်းကျောင်း ပေးနိုင်မည့် မီဒီယာဥပဒေတစ်ရပ် ပြဌာန်းနိုင်ရေး လေ့လာဆောင်ရွက်နေသည်”ဟု ဦးကျော်ဆန်း က ဆိုသည်။

ရန်ကုန်မြို့၊ ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာ မောင်မောင်ဝင့်၏“နိုင်ငံပိုင်မီဒီယာများကို ပြည်သူများပိုမိုအားထားလာရန် မည်သို့ပြု ပြင်ပြောင်းလဲဆောင်ရွက်မည်နှင့်ပြည်တွင်း မီဒီယာလောကကို ပြည်သူ့အကျိုးပြု စတုတ္ထမဏ္ဍိုင်အဖြစ် မားမားမတ်မတ်ဖြစ်ထွန်း လာရန် မည်သို့ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်တို့ကို သိလိုကြောင်း”မေးမြန်းချက်ကို ဖြေဆိုရာ၌ ဦးကျော်ဆန်း က ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မီဒီယာကို ကာကွယ်လိုတဲ့အတွက် ဥပဒေပြဌာန်းမှာလား၊ ထိန်းချုပ်လိုတဲ့အတွက်လား ဆိုတာ ပြဌာန်းတော့မှ သိရမှာပါ၊ ကာကွယ်ပေးတာများရင်တော့ မီဒီယာလောက ဖွံ့ဖြိုးလာမှာ အသေအချာပါပဲ”ဟု ဦးကိုကို က ဆိုသည်။