ဆောက်လုပ်ရေး လုပ်ငန်းများ အသိမ်းခံရဖွယ်ရှိ

Tuesday, 17 March 2009 16:28
Print
နိုင်ငံအနှံ့ အပြားတွင် ရပ်ဆိုင်းလျက်ရှိသော  ဆောက်လုပ်ရေး စီမံကိန်းများကို ယခုနှစ်အတွင်း အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိပါက အစိုးရပိုင်အဖြစ် သိမ်းပိုက်မည် ဟု အာဏာပိုင်တို့က ဆောက်လုပ်ရေး လုပ်ငန်းရှင်တချို့ကို ခေါ်ယူ သတိပေးထားကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် အသင်း ဥက္ကဌဖြစ်သူ ဇေကမ္ဘာ ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးခင်ရွှေကလည်း အတည်ပြု ပြောဆိုခဲ့သည်ဟု သိရသည်။

“၂ဝဝ၉ နှစ်ဆန်းပိုင်းမှာ မြို့ရွာနဲ့ အိုးအိမ်ဌာနက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ခေါ်ပြီး ပြောတယ်၊ မပြီးရင် နိုင်ငံပိုင် သိမ်းမယ် ဆိုတာကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်” ဟု ရန်ကုန်မြို့မှ နာမည်ကျော် ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တဦးကလည်း ဧရာဝတီသို့ ပြောပြသည်။

ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများမှာ ၂ဝဝ၇ ခုနှစ်အတွင်းမှစပြီး အရှုံးပေါ်ခဲ့သည်ဟု သိရသည်။ ငွေကြေး အခက်အခဲကြောင့် အိမ်ရာ စီမံကိန်း၊ ကွန်ဒိုမီနီယံတိုက်ကြီးများ ဆောက်လုပ်ရေး စသည်တို့ အပါအဝင် လုပ်ငန်း အတော်များများမှာ ရပ်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။

လုပ်ငန်း ရပ်ဆိုင်းထားချိန်တွင် စစ်အစိုးရက ဖိအား ပေးလာခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လုပ်ငန်းအများစုမှာ ယခုနှစ်အတွင်း အပြီးသတ်နိုင်မည့် အရိပ်အရောင် မတွေ့ရကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

“ကန်ထရိုက်တာတွေ ရှုံးခဲ့တာ၂ နှစ်လောက်ရှိနေပြီ။ ဘယ်သူမှ နာလန်မထူဘူး။ ခုချိန်က ကမ္ဘာ့စီးပွားရေး အကြပ်အတည်းလည်း ရှိနေတော့ ငွေကြေး ဘယ်လိုမှ မလည်ဘူး။ ဒီလိုအချိန်မှာ နားထားတဲ့ ဆောက်လုပ်ရေးတွေ တနှစ်အတွင်း အပြီး ဆောက်ရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု  အသက် ၅ဝ ကျော်အရွယ် ကန်ထရိုက် (ဆောက်လုပ်ရေးလုပ်ငန်းရှင်) တဦးက ပြောသည်။

စစ်အစိုးရက စီးပွားရေး ကြပ်တည်းနေသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ဖေးမခြင်း မရှိသည့်အပြင် ယခုကဲ့သို့ ဖိအားပေးခြင်းကြောင့် ဆောက်လုပ်ရေးနှင့် ဆက်နွယ်သည့် စီးပွားရေး ကုမ္ပဏီများ အခြေအနေ မကောင်းနိုင်ပါဟု ထိုကန်ထရိုက်က ဆိုသည်။

“ဆောက်လုပ်ရေး ကုမ္ပဏီတွေ ရှင်သန်ဖို့ အစိုးရက ကျားကန်ပေးဖို့ လိုပါတယ်။ ကန်ထရိုက်ဆိုတာ ကိုယ်ဆောက်နေတဲ့ စီမံကိန်းကို အပြီး ဆောက်ချင်တယ်။ ဒါပေမယ့် အခက်အခဲ ရှိလို့သာ လုပ်ငန်းကို ရပ်ထားတာ။ အစိုးရပိုင်းက မကူညီဘဲနဲ့ လုပ်ငန်းတွေ ပြီးအောင်ဆိုပြီး အတင်း ဖိအားပေးမယ်ဆိုရင် ဆောက်လုပ်ရေး ကုမ္ပဏီတွေ သေချာပေါက်ပြိုလဲမှာ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

ရပ်ဆိုင်းလျက်ရှိသော စီမံကိန်းများတွင် ဇေကမ္ဘာ ကုမ္ပဏီ၊ ထူးကုမ္ပဏီ အပါအဝင် စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်များနှင့် ရင်းနှီး ကျွမ်းဝင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီများ၏ တည်ဆောက်ဆဲ စီမံကိန်းများလည်း ပါဝင်ကြောင်း၊ ဆောက်လုပ်ရေး စီမံကိန်း စုစုပေါင်း ၁ဝဝ နီးပါး ရပ်ဆိုင်းနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။