ဇာဂနာ မိခင်ကြီး အသည်းအသန် နာမကျန်းဖြစ်နေ

Tuesday, 17 March 2009 19:29
Print
စစ်အစိုးရက ထောင်ဒဏ် နှစ်ရှည် ချမှတ်ထားသော လူရွှင်တော် ဇာဂနာ၏ မိခင်ဖြစ်သူ စာရေးဆရာမ ကြီး ဒေါ်ကြည်ဦးသည် သူ၏နေအိမ်တွင် သည်းခြေအိတ် ကင်ဆာရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားနေရကြောင်း မိသားစုဝင်တဦးက ပြောသည်။

အသက် ၈၄နှစ်ရှိ အဆိုပါ ဆရာမကြီး ဒေါ်ကြည်ဦး၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု သားအကြီး ဖြစ်သူ ကိုတေဇ က ပြောသည်။

ကိုတေဇက“အမေ့အခြေအနေကတော့ သိပ်အားရကျေနပ်ဖွယ်မရှိဘူး၊ ဒီလ ၆ရက်နေ့မှာ ဗဟိုရ်စည်ဆေးရုံ ကို တင်တယ်၊ ၁၄ရက်နေ့ ညနေမှာ အမေက သူမနေချင်တော့ပါဘူး၊ အိမ်ပဲပြန်ချင်တယ်၊ အိမ်လွမ်းတယ် ဆိုပြီးတော့ အတင်းဆင်းမယ်ဆိုတော့ ခုအိမ်ကို ပြန်ခေါ်လာပြီး မိသားစု ဆရာဝန်နဲ့ပဲကုနေပါတယ်”ဟု ၎င်းက ဧရာဝတီကို ပြောသည်။

“သည်းခြေအိတ် ကင်ဆာဆိုတော့ တကိုယ်လုံး (ဝါ) နေတယ်၊ သာမန်လူနာတွေမှာ ဖြစ်နိုင်ခဲတယ်၊ အစာလည်း မစားနိုင်ဘူး၊ ကယောင်ကတန်း ပြောနေတယ်”ဟုလည်း ၎င်းက ပြောသည်။

ဒေါ်ကြည်ဦးသည် လွန်ခဲ့သည့် ၃ လ ခန့်ကပင် ကျန်းမာရေး ချို့ယွင်းနေပြီး မြစ်ကြီးနားထောင်တွင်ရောက်ရှိ နေသော လူရွှင်တော်ဇာဂနာ(ကိုသူရ)ကို စစ်အာဏာပိုင်များက ထောင်ဒဏ် ၅၉ နှစ်မှ ၂၄ နှစ် လျှော့ချ လိုက်ပြီး ၃၅ နှစ် ကျခံစေသည့်အချိန်မှ စတင်၍ အစားအသောက် လျော့နည်းလာခဲ့သည်ဟု ကိုတေဇ က ရှင်းပြသည်။

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းတွင် လေဘေးကယ်ဆယ်ရေး လုပ်နေစဉ် စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသည်။

ကိုဇာဂနာအား ယခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ၎င်းမှာ ထောင်ဒဏ် ၃၅နှစ် ကျခံရမည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလတွင် လူရွှင်တော် ကိုဇာဂနာရှိရာ မြစ်ကြီးနားထောင်သို့ မိသားစုဝင်များက ထောင်ဝင်စာ သွားတွေ့ရာ အာဏာပိုင်များက တွေ့ခွင့်မပေးခြင်းအပေါ်တွင်လည်း ၎င်း ဒေါ်ကြည်ဦးက စိတ်ထိခိုက်မှု ဖြစ်ခဲ့သည်ဟု ကိုတေဇက ပြောပြသည်။

“အမေက မောင်သူရကို သိပ်တွေ့ချင်နေတာပါ”ဟု ၎င်းက ဆက်ပြောသည်။

ထိုကြောင့် လက်ရှိ ဒေါ်ကြည်ဦး၏ ကျန်းမာရေး စိုးရိမ်ဖွယ်ရာအခြေအနေအရ ပြည်ထဲရေးဝန်ကြီး အပါအဝင် မြစ်ကြီးနား အကျဉ်းထောင် ဦးစီးမှူးနှင့် ရန်ကုန်ဗဟို အကျဉ်းထောင်းဦးစီးမှူးတို့ထံသို့ ကိုဇာဂနာနှင့် တွေ့ခွင့် ပေးရန် မေတ္တာရပ်ခံထားကြောင်းသိရသည်။

ကိုတေဇက“အမေရဲ့ နောက်ဆုံးအချိန်၊ အဲဒါမောင်သူရကို လာစေချင်တယ်ပေါ့၊ မေတ္တာရှေ့ထားပြီး လာရောက်ခွင့် ပေးပါဆိုပြီးတော့ အဖေနဲ့ ကျနော်က မေတ္တာရပ်ခံစာ တင်ထားပါတယ်”ဟု ပြောပြသည်။
အဆိုပါဆရာမကြီး ဒေါ်ကြည်ဦးသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အမတ် အဖြစ် ၀င်ရောက်ရွေးချယ်ခံခဲ့သူ ၀ါရင့် နိုင်ငံရေးသမား တဦးလည်း ဖြစ်သည်။