မြန်မာကျောင်းတခု ထိုင်းရဲတို့ဝင်ဖျက်

E-mail Print
ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာပြည်သားတို့၏ စာသင်ကျောင်း တခုကို ထိုင်း နယ်ခြားစောင့် ရဲတချို့က  စနေနေ့ နံနက်တွင် သွားရောက်ပြီး ပရိဘောဂများကို ဖျက်ဆီးခဲ့ကြောင်း မျက်မြင် သက်သေများက ပြောပြသည်။

မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရမြို့နယ်၊ ၄၄ ကီလိုကျေးရွာရှိ အဆိုပါ စာသင်ကျောင်းမှ ကျောင်းဆရာ ကိုထိုက်သူအောင်က “ကျောင်းဆောင် တိုးချဲ့ဖို့ ဆိုပြီး စုဆောင်းထားတဲ့ သက်ငယ် တွေကိုလည်း မီးရှို့သွားတယ်။ သူတို့ ပြန်သွားမှ သွားငြှိမ်းရတယ်” ဟု ပြောသည်။

ဒေသခံ ထိုင်း အာဏာပိုင်တို့က မြန်မာ စာသင်ကျောင်းကို ဖျက်ဆီးခြင်းသည် ဤတကြိမ်မှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် ဖျက်ဆီးသည့် လုပ်ရပ်၏ နောက်ကွယ်တွင် ကလေးများအား စာသင်ကြားပေးနေမှုကို မနှစ်သက်သည့် ဒေသခံ လုပ်ငန်းရှင်တချို့ ပါဝင် ပတ်သက်နိုင်ကြောင်း၊ ထိုအလုပ်ရှင်များက လုပ်အားခ ဈေးပေါသည့် ကလေးများ စာသင်ခန်းတွင် ရှိနေသည်ကို လိုလားမှု မရှိကြောင်း အလုပ်သမားအရေး လုပ်ကိုင်သူတဦးက ယူဆသည်။

“အသက် ၁၈ နှစ်ကျော် အလုပ်သမား ဆိုရင် လုပ်အားခ ဘတ် ၆ဝ ကျော် ပေးရတယ်။ ကလေးတွေကို ခိုင်းရင် ၃ဝ၊ ၄ဝ နဲ့ ခိုင်းလို့ရတယ်။ လုပ်အားက လူကြီးလောက်နီးပါး ခိုင်းလို့ရတယ်။ အမြတ်ထုတ်လို့ရတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဌ ကိုမိုးကြိုးက ပြောသည်။

ကိုမိုးကြိုးသည် အခင်းဖြစ်ပွားစဉ်က အဆိုပါ မူလတန်းကျောင်း အနီးတွင် ရောက်ရှိနေသည်။

“ကံကောင်းထောက်မစွာပဲ စာမေးပွဲတွေ စစ်ပြီးပြီ ဆိုတော့ ကျောင်းပိတ်ထားတယ်။ ကား ထိုးရပ်လာတာနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေကလည်း နီးစပ်ရာ တောထဲ ပုန်းကြတယ်။ လူတွေကတော့ ဘယ်သူမှ ဒုက္ခ မရောက်ကြဘူး” ဟု ကိုမိုးကြိုးက ဧရာဝတီသို့ ရှင်းပြသည်။

“နယ်ခြားစောင့်တပ်က ပြောတယ် မင်းတို့ကို သတိပေးနေတာ ငါးခါရှိပြီ၊ ခုထိလည်း မဖျက်ရသေးဘူး တဲ့၊ ဒီမှာ လာပြီးတော့ မင်းတို့ အခိုင်အမာ အိမ်ရာတွေ ဆောက်မယ်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ဆေးပေးခန်းတွေ ဆောက်မယ် ဆိုရင် ဒီမှာ မဆောက်ကြနဲ့ ဒုက္ခသည် စခန်းမှာ သွားဆောက်ကြ ဆိုပြီးတော့ အဲဒီလို ခပ်မာမာ ထန်ထန် စကားပြောတယ်” ဟု ကိုမိုးကြိုးက အဆိုပါ ကျေးရွာရှိ အခြေအနေကို ရှင်းပြသည်။

ကိုမိုးကြိုး နှင့် အဖွဲ့က မြန်မာပြည်သား အလုပ်သမားများကို အလုပ်သမား အခွင့်အရေးများ၊ ဥပဒေများ နှင့် ပတ်သက်ပြီး ပညာပေးရန် ၄၄ ကီလိုကျေးရွာသို့ သွားရောက်စဉ် ထိုသို့ ပရိဘောဂများ ၀င်ရောက် ဖျက်ဆီးခံရသည့် ဖြစ်ရပ်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ တို့မိတ်ဆွေ အမည်ရှိ မူလတန်းကျောင်းတွင် ကျောင်းသား ၁၇ဝ ခန့် ပညာသင်ကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း အဆိုပါ ကျောင်းအနီးရှိ မြန်မာပြည်သား အလုပ်သမားများ နေထိုင်ရာ တဲအိမ်များကို ဒေသခံ ထိုင်းအာဏာပိုင်တို့က ဖျက်ဆီး ဖယ်ရှားခိုင်းခဲ့သည်။

ထိုကဲ့သို့ ၄၄ ကီလို ကျေးရွာရှိ  မြန်မာပြည်သားတို့၏ နေအိမ်များ နှင့် စာသင်ကျောင်းကို ထိုင်း အာဏာပိုင်တို့က ကြမ်းကြမ်း တမ်းတမ်း ကိုင်တွယ်နေခြင်းမှာ နားလည်မှု လွဲခြင်းဖြစ်နိုင်ပြီး၊ ရာဇဝတ်မှုများ နှိမ်နင်းစဉ် မှားယွင်းစွာ ကိုင်တွယ် ဆောင်ရွက်မိခြင်းလည်း ဖြစ်နိုင်သည်ဟု မဲဆောက် ဒေသတွင် ပညာရေး လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။

“အရင်တုန်းက ကျောင်း ပတ်ဝန်းကျင်မှာ ကျူးကျော်တဲတွေ ရှိတယ်။ လူသယ်တဲ့ အလုပ်၊ လူကယ်ရီ အလုပ် လုပ်တဲ့သူတချို့က အဲဒီ ကျူးကျော်တဲတွေမှာ နေတယ်။ တခါတလေ ကလေးတွေ ခိုးပြီး ရောင်းစားတယ်။ အဲဒါကြောင့်မို့လို့ ထိုင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိတာဖြစ်နိုင်တယ်။ ပြဿနာ မရှိ၊ ရန်ငြိုးမရှိရင် ထိုင်း လက်နက်ကိုင် အဖွဲ့တွေက အဲဒီလောက်မလုပ်ဘူးထင်တယ်” ဟု ၎င်းက ရှင်းပြသည်။

ကျောင်းတာဝန်ခံများက ဖျက်ဆီးခံရသော ကျောင်းကို ပြန်လည် ပြင်ဆင်မည်ဟု သိရသည်။

ကရင်ပြည်နယ်နှင့် ကပ်လျက် တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိ မြို့  ၃ ခု တွင် မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိသည်။ ပညာရေး အဖွဲ့အစည်း တခုဖြစ်သည့် မြန်မာ ရွှေ့ပြောင်း နေထိုင်သူများ အတွက် ပညာရေးဌာန (BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်း ရှိသည်ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းအချို့လည်း ရှိသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်