ဗိုလ်ချုပ်တဦး ရာထူးတက်ပြီ

E-mail Print
ကိုယ့်လူကိုယ် ရာထူးတိုး နေရာပေး တတ်သည်ဟု သတင်းကြီးသော ယနေ့ မြန်မာ့ တပ်မတော်တွင် မကြာသေးမီက စစ်ခေါင်းဆောင် တဦး ရာထူး တက်သွားသည်။

ယခုလ ၂၅ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ခံရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူ ဖြစ်သောကြောင့် ဤရာထူးတိုးမှုမှာ စိတ်ဝင်စားဖွယ်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး နှင့် စစ်ဖက်ရေးရာ လေ့လာသူများက သုံးသပ်နေကြသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကြားက အားပြိုင်မှု တခုလို့ ယူဆရတယ်”ဟု ရန်ကုန်မှ စစ်ရေးအကဲခတ်တဦးက ဧရာဝတီသို့ ပြောပြသည်။

တပ်မတော်၏ နံပါတ်တစ် ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးကို ရာထူးတိုးပေးသည့် နည်းဖြင့် စည်းရုံးသိမ်းသွင်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ စစ်ရေးအကဲခတ်က ဆိုသည်။

မြန်မာ့တပ်မတော်အတွင်း ဤသို့သော ရာထူးတိုးမြှင့်ခြင်းမျိုးကို အများပြည်သူ သိရှိရန် တရားဝင် ထုတ်ပြန်လေ့ မရှိပေ။ အစိုးရ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် သတင်းစာများတွင် ပါရှိသော အသုံးအနှုန်းများမှတဆင့် ရာထူးအပြောင်းအလဲများကို သိရှိကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက ထိုသို့ ရာထူးတိုးပေးခြင်းမှာ ယုံကြည် စိတ်ချရသူ တဦးတယောက်တည်းကို အားကိုးအားထားပြုရသည့် အခြေအနေသို့မရောက်ရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတဦးက သုံးသပ်သည်။

“ဗိုလ်ချုပ်ရွှေမန်း နဲ့ ဗိုလ်ချုပ် တင်အောင်မြင့်ဦးကြားမှာ အားပြိုင်ခိုင်း၊ ကစားခိုင်းတာပဲ၊ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တယောက်တည်းကိုပဲ အားကိုးတာမျိုး မဖြစ်ချင်တော့ဘူးလို့ ယူဆရတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးဌာနမှ ဦးညိုအုန်းမြင့်က ဆိုသည်။

ယနေ့ မြန်မာ့တပ်မတော်တွင် ဂိုဏ်း ၃ ခု ရှိသည်၊ ဗိုလ်ချုပ်ကြီးရွှေမန်း၊ ယခု ရာထူးတက်သွားသူ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ စသည့် ထင်ရှားသည့် ဗိုလ်ချုပ်များက ထိုအုပ်စုသုံးခုကို ကိုယ်စားပြုသည်ဟု အကဲခတ်တချို့က သုံးသပ်ကြသည်။

သို့သော်လည်း ယနေ့ မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း၏ ထုံးတမ်းစဉ်လာအတိုင်း ထို သုံးဦးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ၎င်း၏ မိသားစုအပေါ် သစ္စာရှိရမည်၊ အဆိုပါ မိသားစုက ငြိုငြင်မည်ကို စိုးရိမ် ကြောက်ရွံ့ကြသည်ဟု စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူများထံမှ သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် ရာထူးတက်လာသဖြင့် မြန်မာ့တပ်မတော်တွင် အဆင့် ၅ ရှိသူဖြစ်လာသည်။ သူ၏ အထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ ရှိသည်။ စစ်အစိုးရအဖွဲ့တွင်မူ အတွင်းရေးမှူး (၁) တာဝန် ရရှိထားသဖြင့် အဆင့် ၃ ရှိသူ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၏ တပ်မမှူး အဖြစ်မှ ၁၉၉၇ တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။ ၂၀၀၇ ခုနှစ်တွင် နအဖ အဖွဲ့အတွင်း အရေးပါသည့် တာဝန်ဖြစ်သည့် အတွင်းရေးမှူး ၁ ရာထူးနေရာကို ရခဲ့သည်။  

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် တပ်မတော်အတွင်း လူမှုဆက်ဆံရေး အားနည်းပြီး အပြောအဆို ကြမ်းတမ်းကြောင်း၊ သဘောထား တင်းမာသူတဦး ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးရွှေမန်းသည် တပ်မတော် ကြည်းရေလေညှိနှိုင်းရေးမှူး တာဝန် ယူထားသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ရန်ကုန်မှ ပညာရှင်များနှင့် ရင်းနှီးသူအဖြစ် ထင်ရှားသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် အမှတ် ၅ အထူးစစ်ဆင်ရေးမှူး ဖြစ်သည်။ ယခင်က ရန်ကုန်တိုင်း စစ်ဌာနချုပ်ကို တာဝန်ယူခဲ့ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်