နယ်စပ်ညီလာခံ တက်သူ ၅ ဦး အဖမ်းခံရ

Thursday, 09 April 2009 19:46
Print
ရန်ကုန်မြို့မှ အလုပ်သမားအရေး လှုပ်ရှား ဆောင်ရွက်သူ ၅ ဦး သည် ထိုင်း မြန်မာ နယ်စပ် ဒေသရှိ ညီလာခံတခုသို့ တက်ရောက်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ယမန်နေ့က ထုတ်ပြန် သည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရသူ အဆိုပါ ၅ ဦးမှာ  မြန်မာပြည်အတွင်း အလုပ်သမားများ၏ အခြေအနေ တိုးတက် ကောင်းမွန်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ကျောင်းဆရာ ဦးဇော်မြင့်အောင်၊ အချိန်ပိုင်း သူနာပြု မရွှေရည်ညွန့်၊ အထည်ချုပ် အလုပ်သမားများ ဖြစ်သော ဦးစိုးဦး၊ မောင်ထွန်းငြိမ်း၊ ခိုင်လင်းမြတ် တို့ ဖြစ်သည်ဟု သိရသည်။

“ထို့အပြင် ၎င်းအဖွဲ့ဝင်များ၏ မိသားစုဝင် အချို့အားလည်း ဖမ်းဆီး ထိန်းသိမ်းထားပြီး ခြိမ်းခြောက် ဖိအားပေးမှုများ ဆောင်ရွက်နေသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

FTUB သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာပြည်မှ အလုပ်သမား အခွင့်အရေး လုပ်ကိုင်နေသော အဖွဲ့တခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၁ဝဝ ရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း အကျဉ်းသား ဦးရေ ၂ ဆ တိုးတက်လာသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။