စိုင်းခမ်းလိတ် အသက် ၆ဝ ပြည့်ပြီ

E-mail Print
ယနေ့ ကျရောက်သော နာမည်ကျော် သီချင်းရေး ဆရာ စိုင်းခမ်းလိတ်၏ အသက် ၆ဝ ပြည့် မွေးနေ့ အခမ်း အနားများကို ရှမ်းတိုင်းရင်းသားများက ပြည်တွင်း၊ ပြည်ပတွင် ကျင်းပနေ ကြသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်း တိုင်းရင်းသားများ စာပေ နှင့် ယဉ်ကျေးမှု ကော်မတီက စီစဉ်သည့် မွေးနေ့ ဂုဏ်ပြုပွဲ အခမ်း အနားကို မန္တလေးမြို့တွင် ပြုလုပ်ခဲ့ရာ မိတ်ဆွေ အပေါင်းအသင်းများ၊  ဂီတ နှင့် စာနယ်ဇင်း လောကသားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွေးနေ့ရှင် စိုင်းခမ်းလိတ်က ကျေးဇူးတင်စကား ပြောကြားခဲ့ရာ ပရိသတ်အား အလေးအနက် ထားသည့်အကြောင်း ဖော်ပြ ပြောဆိုခဲ့သည်ဟု ထိုပွဲသို့ တက်ရောက်ခဲ့သည့် မန္တလေးမြို့ခံတဦးက ပြောပြသည်။

“သီချင်းတွေ ထုတ်တဲ့ နေရာမှာ ဆင်ဆာရှိတယ်ပေါ့၊ ဆင်ဆာ ရှိတာ ဘာမှ မဖြစ်ပါဘူး၊ ကြိုဆိုပါတယ် ပေါ့။ အဖွဲ့အစည်းက လုပ်တဲ့ ဆင်ဆာထက် သူ သတိထားတဲ့ ဆင်ဆာကတော့ ပရိသတ်ပဲ၊ ငွေရှိလို့ ဘယ်လောက်ပဲ အောင်မြင်၊ အောင်မြင် ပရိသတ် လက်မခံရင် မအောင်မြင်ဘူး ဆိုတာကို ဆရာ စိုင်းခမ်းလိတ်က ပြောသွားပါတယ်” ဟု အဆိုပါ မန္တလေးမြို့ခံက ရှင်းပြသည်။

မနက်ပိုင်း မွေးနေ့ပွဲ အစီအစဉ်တွင် ရှမ်းတို့ဟူးကြော်၊ ရှမ်းခေါက်ဆွဲတို့ဖြင့် ကျွေးမွေး ဧည့်ခံသည်။   မွေးနေ့ပွဲတွင် ဆရာ စိုင်းခမ်းလိတ်၏ သီချင်းပေါင်းချုပ် စာအုပ်၊ ရှမ်း စာပေယဉ်ကျေးမှုနှင့် ပတ်သက်သည့် စာအုပ်များ၊ စိုင်းခမ်းလိတ် ပုံ ရိုက်နှိပ်ထားသည့် တီရှပ် အင်္ကျီများ စသည်တို့ကို ရောင်းချခဲ့ပြီး စိုင်းခမ်းလိတ်က အမှတ်တရ လက်မှတ် ရေးထိုးပေးခဲ့သည် ဟု သိရသည်။

ညနေပိုင်းတွင် New Image တေးဂီတအဖွဲ့က စင်မြင့် ဖျော်ဖြေပွဲတခု ပြုလုပ်ရာ စိုင်းခမ်းလိတ် ရေးသား သီကုံးခဲ့သည့် သီချင်းများကို သီဆိုခဲ့ကြကြောင်း သိရသည်။

မန္တလေးတွင် ပြုလုပ်သည့် အစီအစဉ်များကို စိုင်းခမ်းလိတ်က မိသားစု နှင့် အတူ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသား အများ အပြား ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း စိုင်းခမ်းလိတ်၏ မွေးနေ့ အမှတ်တရပွဲ နှစ်ခုကို ယနေ့ ပြုလုပ်မည်ဟု သိရသည်။

အဆိုတော် ဘိုဖြူက “ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေနိုင်အောင် ကျနော်တို့ ဆုတောင်းပေးပါမယ်၊ ဦးထီး (အဆိုတော် စိုင်းထီးဆိုင်) ကတော့ ဆုံးသွားပေမယ့်၊ ဆရာလိတ်ကိုတော့ အသက် ရှည်ရှည် နေစေချင်တယ်၊ နောက် သီချင်းတွေလည်း အများကြီး ရေးစေချင်သေးတယ်” ဟုပြောသည်။

စိုင်းခမ်းလိတ်၏ သီချင်းများသည် မြို့ပြရှိ ကျောင်းသား လူငယ်များ အပေါ် များစွာ သြဇာသက်ရောက်မှု ရှိခဲ့သည်ဟု ချင်းမိုင်မြို့မှ စာနယ်ဇင်းသမား တဦး ဖြစ်သည့် ဦးစိန်ကြည်က ပြောသည်။

“လူငယ်တွေ မျိုးချစ်စိတ် ထက်သန်မှု ရှိလာတာတွေ၊ ကိုယ့်ရဲ့ သမိုင်းကြောင်းတွေကို သိလာတာတွေ၊ ကိုယ့်ရဲ့ စာပေ၊ ယဉ်ကျေးမှု မြတ်နိုးတဲ့ စိတ်ဓာတ်တွေ ရှိလာတာ သူ့ရဲ့ ကျေးဇူး မကင်းဘူးလို့ ပြောလို့ ရနိုင်တယ်။ သူ့ရဲ့ သီချင်းထဲက လေးနက်တဲ့၊ အဓိပ္ပာယ်တွေ စာသားတွေကို တွေးခေါ်ရင်းနဲ့ မျိုးချစ်စိတ် ပေါက်ပွားလာပြီး အမျိုးသားရေး လုပ်ငန်းထဲ ရောက်လာတဲ့ လူငယ်တွေ အနည်းဆုံး ရာဂဏန်းလောက်ရှိပါတယ်” ဟု ဦးစိန်ကြည်က ပြောသည်။

စိုင်းခမ်းလိတ်သည် ငယ်စဉ်က နမ္မတူမြို့၊ မေမြို့ တို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၆၆ခုနှစ်တွင် ရူပဗေဒ ဘာသာရပ် ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင်ပြီးနောက် မန္တလေး ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ဖခင်၏ အားပေးမှုဖြင့် ကဗျာများ စတင် ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သည့် ကိုယ်ပိုင်သံစဉ် သီချင်းမှာ “အိပ်မက်ထဲမှ ချစ်ရသူ” ဟု အမည်ရသည့် ရှမ်းသီချင်း ဖြစ်သည်။ ၁၉၆၉ ခုနှစ် တွင် အဆိုတော် စိုင်းထီးဆိုင်နှင့် စတင် တွေ့ဆုံခဲ့သည်။ ထိုအချိန်မှစ၍ စိုင်းထီးဆိုင်အတွက် သီချင်းများကို ရာနှင့်ချီ၍ ရေးသား စပ်ဆိုပေးခဲ့သည်။

၁၉၇၂ ခုနှစ်တွင် သဘာဝရဲ့ ရင်သွေးငယ် “The Wild Ones” ဂီတအဖွဲ့ကို တည်ထောင်ခဲ့ပြီး ကိုယ်ပိုင်သံစဉ် မြန်မာသီချင်းများ၊ ရှမ်းသီချင်းများကို ဖန်တီးခဲ့ကြသည်။

၁၉၇၅ ခုနှစ်တွင် သူရေးသားခဲ့သည့် “မန္တလေးရောက် ရှမ်းတယောက်” သီချင်းဖြင့် စိုင်းခမ်းလိတ် နှင့် စိုင်းထီးဆိုင် တို့ နှစ်ဦးလုံး စတင် ထင်ရှားလာသည်။ ဆရာဝန် တဦးလည်း ဖြစ်သော စိုင်းခမ်းလိတ်သည်  အလွှာပေါင်းစုံ၊ ဒေသပေါင်းစုံ နှင့် ပတ်သက်သည့် အကြောင်းအရာ မျိုးစုံကို သီချင်းရေးဖွဲ့သူ ဖြစ်သည်။

ယခုအခါ စိုင်းခမ်းလိတ်သည် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်နွဲ့နွဲ့တင်၊ သားသမီးများနှင့်အတူ မန္တလေးတွင် နေထိုင်လျက်ရှိသည်။

“လက်ရှိမှာတော့ မိသားစုနဲ့ အေးအေး ချမ်းချမ်း နေပြီးတော့ သီချင်းတွေ ရေးမယ်၊ စာဖတ်မယ်၊ သူဂီတနဲ့ ဆိုင်တဲ့ အလုပ်တွေကို ဆက်လုပ်သွားမယ် လို့ သိရတယ်” ဟု မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သူ မန္တလေးမြို့ခံတဦးက ပြောပြသည်။

စိုင်းခမ်းလိတ်သည် စွယ်စုံရ အနုပညာရှင်တဦး ဖြစ်ပြီး မြန်မာသီချင်း ၆ဝဝခန့်၊ ရှမ်းသီချင်း ၆ဝဝ ခန့်၊ အင်္ဂလိပ် သီချင်း ၃၅ ပုဒ်၊ ကိုယ်တိုင်ရေး ကဗျာ အပုဒ် ၁ဝဝ ခန့်၊ ဘာသာပြန် ကဗျာ အပုဒ် ၃ဝဝ ခန့်၊ ၇လုံးစပ် ကဗျာ ၁ပုဒ်၊ ကိုယ်တိုင်ရေး ဝတ္ထု တပုဒ်၊ ဘာသာပြန် ဝတ္ထု တပုဒ်၊ ဇာတ်ညွန်း ၅ ပုဒ် ရေးဖွဲ့ ဖန်တီးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

စိုင်းခမ်းလိတ်၏ ဇာတိမှာ ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ဖြစ်ပြီး ၁၉၄၉ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မိဘများမှာ ရှမ်းစာဆိုတော် ဦးရွှေကြီး၊ ကုန်သည် ဒေါ်စိန်ဥ တို့ ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးရွှေကြီး၏ ကလောင်အမည်မှာ ခမ်းကာ (တုံဟုံး) ဖြစ်ပြီး  သိန္နီစော်ဘွားကြီး၏ အမတ်ချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်