သံသယ တံတိုင်းတို့ ပြိုလေပြီ

(၁)

“ရွာတွေ့ရပြီ”

ကျနော့်ရှေ့ လေးငါးလှမ်း အကွာမှာ လျှောက်နေတဲ့ ရဲဘော် “အနှစ်” က ခဏလောက် ရပ်၊ ကျနော်ရှိရာ ဘက်ကို လှည့်လိုက်ပြီး ကျနော် ကြားလောက်ရုံ ခပ်အုပ်အုပ်လေး လှမ်းပြော လိုက်တော့ အတော် အမောပြေ သွားတယ်။

စစ်ကြောင်း အလယ် လောက်မှာ ရှိနေတဲ့ ကျနော်ကော၊ သူကော ရွာကို တွေ့တဲ့ နေရာဆီတော့ မရောက် ကြသေးပါဘူး။ ကျနော်တို့ ရှိနေတဲ့ တောင်ကြော ပေါ်က ခြေသွား လမ်းလေး ဘေးမှာ အင်တောနဲ့ ချုံစပ်တွေ၊ ရွာအရိပ် အယောင်ဆိုလို့ ဘာဆိုဘာမှ မတွေ့။ စစ်ကြောင်း အစဆီက တဆင့်စီ ပြောလာတဲ့ သတင်း သူ့ဆီ ရောက်လို့ စကား လက်ဆင့်ကမ်း လိုက်တာပါ။ သူ့လိုပဲ ကျနော်လည်း နောက်လှည့်ပြီး ကျနော့် နောက်က လိုက်လာနေတဲ့ ရဲဘော် တယောက်ကို အဲဒီစကား ထပ်ဆင့် ပါးလိုက်ရင်း ဒီသတင်း ကောင်းလေး ကတော့ ဟိုး … နောက်ဆုံး ပိတ်က လျှောက်လာသူ အထိ ခပ်သွက်သွက် ရောက်သွားမှာ အသေအချာ ပေါ့လို့ တွေးမိ လိုက်တယ်။

ဟုတ်တယ် … ကျနော်တို့ လျှောက်နေ ကြတာ စထွက်ချိန်က ရေရင် လေး၊ ငါးနာရီ အသာလေး ရှိနေပြီ။ တောင်ကြောတခုပြီး တခု၊ ပြန့်တဲ့နေရာ ရောက်တာက နည်းနည်းရယ်။ တနာရီလောက် လျှောက်လိုက်၊ ခဏလေး နားလိုက်၊ ပြန်ဆက် လျှောက်ရလိုက်နဲ့ … ဟာ … သိုင်းလွယ်ထားလို့ ကိုယ့်ရှေ့မှာ ရှိနေတဲ့ အေကေ (၄၇) သေနတ်ရဲ့ အလေးချိန်က တော်တော်စီးတယ် ဆိုတာတောင် သတိထားမိတဲ့အထိ ကျနော် ပန်းနေပါပြီ။ အားလုံးလည်း ဒီလိုပဲ သတိထားမိရောပေါ့။ လမ်းမှာ မိုးတမလောက် မိလိုက်သေးတော့ မိုးကာစကို ခန္ဓာကိုယ်ပေါ် ရုံထားခဲ့ပေမယ့် တကိုယ်လုံး စိုစိုစွတ်စွတ်။ နေလည်းညိုပြီ၊ နားချင်နေပြီ။ အမိုးအကာလေး ရှိရာနေရာ တခုမှာပေါ့။

ဒီစစ်ကြောင်းက မွန်ပြည်သစ်ပါတီက တပ်ရယ်၊ ကျနော်တို့ ကျောင်းသားတပ်ရယ် ပေါင်းဆင်းလာတာ။ စစ်ကြောင်းက အတော်လေး ရှည်တော့ ဆက်လျှောက်လာလို့ နောက် မိနစ်ပိုင်းအကြာ လင်းခနဲ ဖြစ်သွားတဲ့ တောင်ကြော အဆင်းတကွေ့မှာမှ တွေ့ရပါပြီ။ တောင်အောက်မှာ လယ်ကွင်းစိမ်းစိမ်းတွေ နောက်ဘက်က အုန်းပင်စုစုတွေရယ်၊ သစ်ပင်တွေရယ်နဲ့ စိမ်းညို့တဲ့ တောအုပ်လေး။ အိမ်တွေ မတွေ့ရနိုင်သေးပေမယ့် ဒီ တောအစုလေးက ရွာဆိုတာသေချာပါတယ်။ လယ်ကွင်းတွေရယ် အုန်းပင်အစုလေးတွေရယ် ရှိတယ်လေ။ ဒါ တောထဲမှာ အဝေးက မြင်ရတဲ့ ရွာတရွာရဲ့သင်္ကေတတွေ။

“ရွာဝင်မယ်” … တဲ့။

နောက်ထပ် ရောက်လာတဲ့သတင်း၊ ဟုတ်ပြီ … နားရဖို့ နီးလာပြီ ဆိုတဲ့ အတည်ပြု သတင်း။

ကျနော် တောင်ကြောအဆင်း ကွင်းနား နီးလာတဲ့ အခါမှာတော့ စစ်ကြောင်းက ခဏရပ်သွားတယ်။ ရွာကို အထောက်တယောက် လွှတ်ပြီး “ရွာထဲဝင်မှာ ဒို့တပ်၊ န၀တတပ် (ဒေသအခေါ်တော့ ဗမာတပ်) မဟုတ်ဘူး” လို့ဆိုပြီး ရွာမလန့်အောင် စစ်ကြောင်းရှေ့က ရှိနေတဲ့ မွန်တပ်က အကြောင်းကြားနေတာကြောင့် စောင့်ကြ ရတာ ဖြစ်မှာပါ။

ဒီလိုနဲ့ လယ်ကွင်းတွေဖြတ် ရွာအ၀င်လမ်းပေါ် တက်လို့ သူပုန်တွေ ခြေလှမ်း ဖြေးဖြေး မှန်မှန်နဲ့ ရွာဝင်ပါပြီ။

(၂)

‘လှိုင်ကဏီ’ တဲ့၊ ရွာအမည်က။ ကြာအင်းဆိပ်ကြီး နယ်ထဲက အိမ်ခြေ ရာကျော်၊ မွန်ရွာစစ်စစ်၊ ရွာ သက်တမ်းက ရှည်ပြီဆိုတဲ့ သမိုင်းနဲ့ရွာ။ ဘုန်းကြီးကျောင်း ပညာရေးရှိ၊ ကျေးလက်ဆေးခန်း မရှိ။ အချိန် က ၁၉၈၉ မိုးဦး ... မေလ။

ရှစ်လေးလုံးပြီးလို့ လက်နက်ကိုင် တိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းသားတွေ၊ လူငယ်တွေ နယ်စပ်ရောက်ပြီး စစ်သင်တန်းတွေတက်၊ နိုင်ငံရေးကို လေ့လာကြနဲ့ ဒေသအသီးသီးမှာ ရှေ့တန်း ခွင်ထိုးကြတဲ့ ကျောင်းသားတပ်တွေထဲက တခုဖြစ်တဲ့ ကျနော်တို့တပ် ရောင်နီ (၁) စစ်ကြောင်းရဲ့ လှိုင်ကဏီသို့ ပထမဆုံးခြေလှမ်းတွေပေါ့။

…. ဂုဏ်မောက်မောက်နဲ့ ပြောရရင်တော့ ကျနော်တို့က နှစ်ပေါင်းများစွာ အတွင်း ဒီရွာကို ပထမဦးဆုံး ပြန်ဝင်သူတွေပ ….။

ဒီလိုပါ၊ ကျနော်တို့ အခု ဆင်းလာတဲ့တပ်မှာ မွန်စကား ပြောနိုင်သူတွေ တချို့ပါပေမယ့် အားလုံးက ဗမာလိုပဲ ပြောကြသလို ဒေသခံတွေရဲ့ အဘိဓာန်ထဲမှာ အခုမှ  “ကွက်ဖယ် ဟမယ်” ဆိုတာ တိုးခဲ့တာပါ။ မွန်လို “ကွက်ဖယ်” က ကျောင်းသား၊ “ဟမယ်” က ဗမာ၊ … ဗမာကျောင်းသားတွေ၊ ဗမာကျောင်းသားတပ်ပေါ့။ ဗမာစကားပြောတဲ့ သူပုန်တပ်တွေ မတွေ့ရတာ ဆယ်စုနှစ်များစွာ ရှိနေခဲ့တဲ့ ဒီရွာကို မွန်လိုမတတ် ဗမာစကားပဲ ကြွယ်နိုင်ကြတဲ့ ကျနော်တို့ ကျောင်းသားသူပုန်တွေ ၀င်တော့မှာကိုး။

အဲသလို သူပုန်တွေကို ဒီရွာသူတို့ ဘယ်လို ကြိုကြမှာလဲ။ အသက်အရွယ် ၂၀ တ၀ိုက် တွေမို့ သူပုန်လေး တွေလို့ ခေါ်မယ်ဆိုလည်း ခေါ်နိုင်ပါတယ်။

ဗမာစကားပဲပြောတဲ့ အစိုးရစစ်တပ်၊ အဲဒီ ဗမာတပ်လာရင်တော့ အသံကြားကတည်းက သူတို့ ပြေးကြရတယ်။ သူတို့အတွက် ဒုက္ခတွေ ရက်ရက်စက်စက် ပေးကြတဲ့ ဇာတ်လမ်းတွေက အများအပြား။ လူဖမ်းတာ၊ နှိပ်စက်တာ၊ အဓမ္မကျင့်တာ၊ သတ်ပစ်လိုက်တာ အစုံအစုံ သူတို့ရဲ့ဘ၀မှာ ကြုံခဲ့ရတာ၊ နှစ်တွေ များလှပြီလေ။

ကျနော်တို့ ရှစ်လေးလုံး မတိုင်ခင်က ကျောင်းသူလေးတွေကို အစိုးရတပ်ဖွဲ့ဝင်တွေ အဓမ္မကျင့်တော့ ကျနော်တို့ မိုးပျံအောင် အော်ကြ၊ ဒေါသထွက်ခဲ့ကြရပါရောလား။ အဲဒီတုန်းက သူတို့ဆီဘက်က ပြန်ကြားရတယ်လေ။

“သြော်.. မင်းတို့ ဆီမှာ အခုမှ ဖြစ်တာ၊ တို့ဆီမှာ ကြာလှပါပြီ” တဲ့။

ဒီတော့ အဲဒီ ဗမာတပ်ကို သူတို့ မုန်းတယ်။ ဒီ ဗမာဆိုတာ သူတို့ မနှစ်ခြိုက်တဲ့ ဝေါဟာရတွေထဲက တခု ဖြစ်လာတယ်။ အငိုသန်နေလို့ ထိန်းရခက်တဲ့ ကလေးငယ်တွေတောင် “ဟမယ် ကလိန်း” (ဗမာ လာပြီ) လို့ ဆိုလိုက်ရင် ချက်ချင်း အငိုတိတ် သတဲ့။ ဒီလို ရွာမျိုးကို ကျနော်တို့ ၀င်နေတာ။

ရွာဝင်တော့ အလယ်မင်းလမ်းကပဲ ကျနော်တို့ ၀င်ဖြစ်ကြတယ်။ အိမ်တွေပေါ်က အိမ်ဝင်းထဲက သူတို့ လုပ်နေတဲ့ အလုပ်လေးတွေ ဘေး ခဏထားပြီး ကျနော်တို့တွေဆီ တချက် ကဲ ကြည့်ကြတာက လွဲလို့ လှိုင်ကဏီရဲ့ နရီ စည်းချက်ကတော့ ဘာမှ သိပ်ပြောင်း မသွားပါဘူး။ မောင်းထောင်းနေသူ ပျိုမေက ထောင်းမြဲထောင်းလျက်၊ နွားတွေ ရွာထဲပြန်မောင်းလာတဲ့ လူရွယ်က အလှမ်းမပျက်။ ခပ်ရဲရဲနဲ့ စပ်စုချင်တဲ့ ကလေးတချို့ကတော့ ခြံတိုင်တွေ ကျော်ခွထိုင်လို့၊ ကျနော်တို့ လှုပ်ရှားမှု မှန်သမျှ စူးစူးစိုက်စိုက်နဲ့လေ။ မွန်စကားတွေနဲ့လည်း သူတို့ ဆူညံနေရဲ့။

(၃)

ရွာလမ်းကြောင်း အတိုင်း တအိအိ ရွေ့နေရင်း နားမယ်၊ ချက်ပြီး စားထား ဆိုတဲ့ အကြောင်းကြားလာတော့ ကျနော်တို့လည်း ကိုယ့်အနီးက အိမ်တွေမှာ ခွင့်တောင်းပြီး ၀င်နားနိုင်ပြီလေ။ ဘယ်သူတွေက ဘယ်အိမ် တက်ပေါ့ လို့ ကျနော့် အစုကို နေရာချ၊ ကင်းတာဝန် ချပြီးရင်ပဲ ကျနော်နဲ့ ရဲဘော် တချို့နေဖို့ အနီးက အိမ်ဝင်းထဲ ကျနော် ၀င်လိုက်တယ်။

အိမ်က ရေနံဝအောင် သုတ်ထားတဲ့ ခြေတံရှည် သစ်သားအိမ် မြင့်လေး၊ ၀င်းထဲမှာတော့ လှဲကျင်းထားလို့ ရှင်းသန့်နေတဲ့ မြေတလင်း၊ အလှစိုက် ရွက်လှပင်တွေ၊ ဇော်စိမ်း ပန်းပင်တွေ ကလည်း အိမ်လေးကို ပိုပြီး ခြေခင်းလက်ခင်း သာနေစေတဲ့ ပုံပါ။

ကျနော် သေနတ်ကို နောက်ဘက်ထား လွယ်ဖို့ ပခုံးချိတ် အနေအထားကို ပြောင်းလိုက်ပြီး  ခြောက်ထစ်လောက် ရှိမယ့် အိမ်လှေကားကို တက်လို့ တံခါးဝကနေ အိမ်ထဲ ကဲ ကြည့်လိုက်တော့ ကျနော့် အဘွားထက်တော့ နည်းနည်းငယ်မယ့် အမယ်ကြီး တယောက် ထွက်လာပါတယ်။

ခပ်သွယ်သွယ် ကိုယ်နေ၊ မျက်နှာကျ ကောင်းကောင်း၊ ဆံဖြူ ဆံထုံး သပ်သပ်ရပ်ရပ်နဲ့ မွန်အမေအိုဟာ ငယ်ငယ်က ကွမ်းတောင်ကိုင် စာရင်းဝင်ခဲ့မယ့်ပုံပါ။ အသားအရေ ဖြူဖြူ၊ ကြည်ကြည်စင်စင်၊ အိမ်နေရင်းဝတ် အဖြူရောင် ရှန်သားအင်္ကျီနဲ့ အညိုကဲတဲ့ တပတ်ရစ် ပါတိတ်ကလည်း သူ့ကို ကျက်သရေ ရှိစေလို့ပေါ့။

ကျနော်က ပြုံးပြရင်း “အမေ…ကျနော်တို့ ကျောင်းသားတပ်ကပါ၊ အမေ့အိမ်မှာ ဒီည ခဏနားပါရစေ” လို့  ခွင့်တောင်းလိုက်တော့တယ်။

တခုခုတော့ မှားသွားပါပြီ။ ကျနော့် အပြုံးကို သူ မတုံ့ပြန်သလို ကျနော့် စကားကိုလည်း သူဘာမှ ပြန်မပြော မျက်မှောင်ပဲ နည်းနည်း ကြုတ်ပြပါတယ်။ ကျနော်လည်း နောက်တချက် လှည့်လိုက်ရပြီး နောက်က ကပ်ပါလာတဲ့ အနှစ် ကို မျက်ရိပ် ပြရပါတယ်။ မွန်လို ခွင့်တောင်းလိုက် ဆိုတဲ့ သဘောပေါ့။ အနှစ် က မွန်လည်း ဖြစ်သလို မွန် စကားလည်း ရည်ရည်မွန်မွန်နဲ့ လည်လည်ပတ်ပတ် ပြောတတ်တယ်လေ။ သူကလည်း ရိပ်မိပါတယ်၊

ကျနော့်ရှေ့ကို ကျော်ထွက်လိုက်ပြီး မွန်လိုပြောတော့မှ အမယ်ကြီးက စကားပြန်ကာ အိမ်ဝမှာ ကာဆီးသလို တားထားတဲ့ သူ့ကိုယ်လုံး သွယ်သွယ်ကိုဖယ်လို့ ကျနော်တို့ကို ၀င်ခွင့် ပေးပါတယ်။ တဆက်တည်း လိုလိုပဲ သူ့ညွှန်ကြားချက်တွေကို အနှစ် ကနေ တဆင့် ဆက်တိုက် ပေးလာပါတော့တယ်။

အိမ်ရှေ့ကပြင်ကို လက်ညှိုးညွှန်ရင်း ….

“ဒီနေရာ မှာ ၂ ယောက်၊ ၃ ယောက် တော့ အိပ်ဆန့်တယ်၊ ကျန်တဲ့လူတွေ အောက်မှာအိပ်ကြ၊ နင်တို့မှာ ပုခက်တွေ ပါတယ်မို့လား၊ အိမ်တိုင်မှာ ချည်အိပ်ကြ၊ … နင်တို့ သေနတ်တွေ ကောင်းကောင်းထား၊ ဟိုမှာ မီးဖို … ထင်းကို ချွေတာသုံး၊ အိမ်အောက်မှာလည်း ချက်ချင်ချက် ပေါ့”  …. စသဖြင့်… စသဖြင့် ဆက်တိုက် ဆက်တိုက်။ ဒါပေမယ့် သူ့ဟန်က တည်တည်ငြိမ်ငြိမ်၊ သူ့အသံ က သိပ်မကျယ်သမို့  မွန် စကားနဲ့ သူ ပေးနေတဲ့ အမိန့်သံက နားထောင်လို့တော့ အကောင်းသား။

အမိန့်တွေပေးပြီး သူ့ အိမ်အတွင်းခန်းထဲ ပြန်ဝင်သွားပါပြီ။ ကျနော်တို့လည်း ပါလာတဲ့ ပစ္စည်းတွေချ၊ ကျောပိုးအိတ်တို့၊ အီကွစ်ပ်မန့်တို့ ချနဲ့ … မတိုင်ပင်ထားပေမယ့် အားလုံးက အရင်အခါတွေကထက် အသံထွက် နည်းအောင် ပိုဂရုတစိုက် လုပ်နေကြတာ ကြည့်ပြီး … “အမယ်ကြီး ဟိတ်ကတော့ … အကြီးသား” လို့ တွေးရင်း ပြုံးမိပါသေးတယ်။

ဒီအိမ်မှာက သားတွေ၊ သမီးတွေ အိမ်ခွဲသွားကြပြီဖြစ်လို့ လင်ကိုယ်မယား အမယ်ကြီးနဲ့ အဘိုးကြီးတို့ နှစ်ဦးပဲ နေကြတဲ့ပုံ ရပါတယ်။ အဘိုးကြီးကတော့ ဘုရားစင် အောက်ဘက်နားက ကြမ်းအမြင့်မှာ တင်ပျဉ်ခွေထိုင်ကာ ဆေးတံဖွာလို့၊ အဘိုးကြီးကို ကျနော် လှမ်းပြုံးပြပြီး “အဘိုး စားပြီးပြီလား” လို့ နှုတ်ဆက်လိုက်တော့ သူက မွန်လို ပြန်ပြောပြီး ပြုံးပြပါတယ်။ တွေ့လား၊ အဘိုးကြီးကဖြင့် ဖော်ဖော်ရွေရွေ၊ အမယ်ကြီးကျမှ ခပ်တည်တည် မာနနဲ့။ အဖိုးကြီးလည်း ဆေးရှူရတာ သိပ်မကြာလိုက်ပါဘူး။ ခဏနေပဲ အမယ်ကြီးက အိမ်အတွင်းခန်းကနေ မွန်လို တခုခု လှမ်းပြောလိုက်တော့ အိမ်နောက်ဘက်သွားပြီး နှီးထိုင်ထိုးနေရ ပါရော့လား။

အမယ်ကြီးဟန်ကဖြင့် ဒီအိမ်ခြံဝင်းကို ပိုင်စိုးသူဟာ သူမှ သူ ဖြစ်တယ်၊ ဒီ အိမ်မိုးအောက်မှာ ငါ ပြောတာကို နားထောင်ကြလို့ ဆိုနေတဲ့ ပုံဗျ။

ညအိပ်ခါနီး မှတ်စုရေးရင် “အိမ်အ၀င်မှာ ဆိုင်ရာစကားနဲ့ ခွင့်တောင်းကြဖို့ အားလုံးသိအောင် လုပ်ထား သင့်တယ်၊ အထူးသဖြင့် မွန် အမယ်ကြီးတွေရဲ့ အိမ်အ၀င်” လို့ရေးထားဦးမှ။

ကျနော်တို့တွေ ရေမိုးချိုး သန့်စင်၊ အပိုပါတဲ့ ယူနီဖောင်းတွေလဲပြီး နားနားနေနေ နေတဲ့အချိန်ထိ အမယ်ကြီးက ကျနော်တို့ဘက် စကားစမြည်ပြောတာ မရှိပါဘူး။ ကျနော်တို့ အနှစ် တယောက် သူ့အနား ကပ်ကပ်ပြီး စကားတွေ တဖောင်ဖောင်နဲ့ အရောတ၀င် လုပ်ပြနေတာတောင် သူက ပြန်ပြီး သိပ်မပြော။

ရေ မချိုးခင်တုန်း ကတော့ ကျနော်တို့ထဲက ရဲဘော် ၂ ယောက်လောက် အိမ်အောက် သူ့ ထင်းပုံထဲက ထင်းတုံးတချို့ယူပြီး ကိုယ်သုံးဖို့ ခွဲတာအပြင် အမယ်ကြီးတို့ အတွက် ပိုခွဲပေးနေတာကို အိမ်အပေါ်ထပ်က ကဲ ကြည့်ပြီး ခေါင်းတချက်၊ နှစ်ချက် ညိတ်သွားတာကိုတော့ တခါလှမ်းတွေ့လိုက်ရတယ်။

အေးလေ ဘာသာ ကွဲတဲ့ လူသူစိမ်းတို့ သူ့အိမ်ထဲကို လက်နက်တွေနဲ့ ရောက်လာတော့ ဘယ်သူက အစမှာ ပျူငှာလေမလဲ။

(၄)

မိုးချုပ် လာပါပြီ။ ကျနော်လည်း နားအိမ် ရောက်ရင် ညဘက်မှာ လုပ်နေကျ အလုပ်ဖြစ်တဲ့ ဆေးထိုးအပ်တို့ ဆေးထိုးပြွန်တို့ကို ပြုတ်ဖို့ ပြင်လိုက်ပါတယ်။ သုံးခါနီးမှာ ပြန်ပြုတ်ပေမယ့် အခုလို ညတိုင်း ပြုတ်ထားမှ တန်ကာကျမယ်လို့ ကျနော် ထင်တယ်လေ။ ကျနော်က စစ်ကြောင်းမှာ ဆေးမှူး တာဝန်လည်း ယူရတယ်။

မီးဖိုခန်းထဲဝင်လို့ မီးမွှေးနေတဲ့ အချိန်မှာတော့ အမယ်ကြီးက အတွင်းခန်းက ထွက်လို့ ဖယောင်းတိုင် တတိုင်နဲ့ ဘုရား ဆီမီး ပူဇော်ပါတယ်။ သူ ဘုရား ရှိခိုးပြီးတော့ ရှေ့က ကြမ်းပြင်အောက် တဆင့်မှာ ထိုင်နေတဲ့ အနှစ် ကို သူ့ဆီလာဖို့ မီးခွက် တလုံးနဲ့ လှမ်းခေါ် ပါတော့တယ်။ ကျနော်တို့လည်း ဘာ အမိန့်တွေများ ထွက်လာလေဦးမလဲလို့ နားတစွင့်စွင့်နဲ့။

ဒီတခါတော့ အမယ်ကြီးက အနှစ် အကြောင်း ကျနော်တို့ အကြောင်းတွေ စုံစမ်းတဲ့ ပုံပါ။

သူ့ အနေနဲ့ ဒီ ဗမာကျောင်းသားတွေ မြို့ပေါ်မှာ အစိုးရတပ်က သေနတ်နဲ့ ပစ်ခံရလို့ နယ်စပ်ရောက်လာ၊ အခု လက်နက်ကိုင်ပြီး အဲဒီ အစိုးရကို ပြန်ချဖို့လုပ်နေကြတာတော့ သိပြီးသားပါ။ ဒါပေမယ့် ဒီထက် သူ ပိုသိချင်တာလည်း ရှိမှာပေါ့။ ကျနော်တို့ ဘာလုပ်ကြမှာလဲ။ သူတို့ မွန်တွေအတွက် ထားတဲ့ သဘောထားက ဘာလဲ။ နင်ကကော မွန် ဖြစ်ပြီး မွန် တပ်ထဲ မ၀င်ဘဲ ဘာလို့ ဗမာတော ထဲ ရောက်နေတာလဲ …. စသဖြင့် နေမှာပေါ့။ (နောက်ပိုင်း အနှစ် ကို ပြန်မေးကြည့်တော့… ဟုတ်တယ်။ အဲဒီ မေးခွန်းတွေလည်း ပါတယ်တဲ့။ ကဲ.... ကျနော် အမှန်းအဆ တော်ရဲ့ မဟုတ်လား)

အနှစ် ကလည်း ပြန်ပြောမှာပေါ့။ …. မွန်ရယ် ကျောင်းသားရယ် အတူတူပဲ။ သူက ကျောင်းသားမို့ ကျောင်းသားတပ် ၀င်တာ။ နောက် သူ့အမယ်ကြီးကို သူတို့ တပ်က လူတွေ အကြောင်း ခပ်ကြွားကြွားလေး ပြောဦးမှာပေါ့။ ဒီတယောက်က ဆေးကျောင်းက။ ဟိုဘက် အိမ်မှာ နားတဲ့ အထဲက တယောက်ဆို ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ဆင်းလေ စသဖြင့်ပေါ့။

မီးတောက်နေတဲ့ မီးဖိုကို ကြည့်ရင်း ကျနော်တို့ လူမျိုးစုံ ပြည်သူတွေ ဘယ်တော့များမှ ချစ်ကြည်ရေးကို အပြည့်အ၀ ရကြမှာလဲ။ အမောတခု က ဖျစ်ဖျစ်မြည် နေတဲ့ မီးထဲ ခုန်ဆင်းလေရဲ့။

အဲဒါ အသာထားလို့ အခုနေ မွန် အမယ်ကြီးက .. အရင် ဗမာဘုရင်တွေ လက်ထက် မွန်ပြည်ကို တိုက်တဲ့ ကိစ္စကအစ ပြန်အစဖော်ပြီး ခေါ်များမေးရင် “အဲဒါတွေက ဗမာဘုရင်တို့  … ကိုလိုနီပြုတာလည်းမဟုတ်ပါ … အမေ၊ ဗမာဘုရင်တို့ … ဘုန်းလက်ရုံး ဆန့်တာလည်း မဟုတ်ပါ …. အမေ” … အင်း ဒီအကြားက သင့်ရာ တခုခုကို ဖြေဖို့ စဉ်းစားထားဦးမှ။

.....

“ဆရာ ၀င်းမော် အမေကြီးက သူ့ဗိုက် နာ နာ နေတာကို ပြချင်တယ်” တဲ့။

အနှစ်က ပြောရင်း လာခေါ်တော့မှ အတွေးရပ်ပြီး သူရှိရာ အိမ်ရှေ့ဘက်ပြန်၊ သူ့ဝေဒနာ ရာဇ၀င်ကြောင်းမေး၊ သူ့ကို ဖျာပေါ်လှဲခိုင်း၊ ဗိုက်ကိုနှိပ်ကြည့်၊ နားကျပ်နဲ့ သူ့ရင်ဘတ် တ၀ိုက်ကပ်လို့ တခြား လက္ခဏာတွေ နားထောင်။ ကျနော် လုပ်နေတာတွေကို သူက ဂရုတစိုက်ကြည့်လို့၊ ကျနော်က မေးချင်ရင် အနှစ် က တဆင့် ပြော၊ သူ ကဖြေရင် အနှစ် ကိုပြောနဲ့ ယေဘုယျတော့ ရောဂါသတ်မှတ်ချက် ရပါပြီ။ ကြည့်ရတာ အစာအိမ် အနာ။ ကျနော်လည်း လောလောဆယ် သက်သာမယ့် ဆေးပေးလိုက်သလို ဘာတွေ ဆင်ခြင်ဖို့လိုတယ် ဆိုတာကိုလည်း ရှင်းပြလိုက်တယ်။ ဒီတခါတော့ ကျနော် သူ့ကို ညွှန်ကြားရတဲ့ အလှည့်။  သူက နားစိုက် ထောင်ပါတယ်။ ဒါပေမယ့်လည်း ပြီးတော့ တခြားစကားလည်း သူ ဆက်မဆိုလေသမို့ ကျနော်လည်း ပြန်ထလာပြီး မီးဖို ဘက်ဆီပြန်ရသပေါ့။

နောက် ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ကြာမှ အမယ်ကြီးက ကျနော်ရှိရာ မီးဖိုဘက်ဆီကို လျှောက်လာ ပါတယ်။ ကျနော်လည်း “အမေ … ထိုင်” ဆိုပြီး ဘေးမှာ အပိုအသင့် ရှိနေတဲ့ ဖင်ထိုင်ခုံလေးတခု ထိုးပေးလိုက်တော့ သူ ၀င်ထိုင်ရော။ ကျနော်လည်း စကားက မပေါက်၊ ဘာပြောရမှန်း မသိ။ အနှစ် တယောက်လည်း ဘယ်ပျောက်မှန်း မသိ။ ကြည့်ရတာ ဆေးကြောင့် သူ့ဝေဒနာ သက်သာသွားတယ်လို့ လာပြောချင်တဲ့ ပုံပါ။

ဘေးမှာ ထိုင်ရင်း ဆေးလိပ်ဖွာလို့ သူ နေ နေတယ်။ နောက် စကားတလုံး မဆိုဘဲ ကျနော့် ခြေထောက်တွေကို ငုံ့ကြည့်ပြီး ကျနော့် ခြေဖမိုးတွေကို သူ့လက်နဲ့ ဆုပ်လို့။ ဆုပ်နေရင်းနဲ့ အပြုံးလေး စွက်လို့ ဗမာလို ပီပီကြီး တိုးတိုးညင်းညင်းနဲ့ စကား စဆိုပါတော့တယ်။

“နင်တို့ နိုင်ပါ့ မလားဟယ် … ဟို အကောင်တွေက ကြမ်းက ကြမ်းတမ်းသနဲ့ …..”

သူ့အိမ်ထဲ ကျနော်တို့ ရောက်တာ လေး၊ ငါး နာရီ ကြာမှ ကြားလိုက်ရတဲ့ ဗမာစကား။

အမေ့ ကို ချက်ချင်း ပြန်သတိရစေတဲ့ သူ့အသံ။

ကျနော် ရုတ်တရက် ပြန်ပြောဖို့  စကားလုံးရှာ မရ။

“ဟိုဘက် ဒီဘက် တံတိုင်းတို့ ပြိုလေပြီ ” .. လို့ အသိရမှ

“အမေ... မပူနဲ့ အမှန်တရားက ကျနော်တို့ ဘက်မှာ” လို့ စကားတုံ့ပြန် ဆိုရတော့တယ်။     ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်