မိုးတပေါက်နဲ့လည်း ပိတောက်ပွင့်နိုင်တယ်

“ပန်းဝေဝေ” စာအုပ် အငှားဆိုင် ကလေးထဲက မီးရောင်က ဆိုင်အပြင်ဘက် ကိုက်အနည်းငယ် အကွာအထိ လင်းနေသည်။ ရထား လမ်းနှင့် စာအုပ်ဆိုင် ကလေးကြားက မြေကွက်လပ် ပေါ်မှာလည်း မီးရောင်က ရောက်နေသည်။

လွန်ခဲ့သည့်နာရီဝက် ခန့်ကတော့ ထိုမြေကွက်လပ်ရှိ စားပွဲဝိုင်းကလေးဘေးမှာ လူတချို့ထိုင်နေခဲ့ကြ သေး၏။ စာရေးဆရာ တက္ကသိုလ်တင်မြင့်၊ ဆရာ ဦးရမ်းမဂျိ၊ ကိုခင်မောင်ကြည်နှင့်အတူ သူလည်းပဲ လက်ဖက်ရည်ဝိုင်းဖွဲ့ ထိုင်နေခဲ့ ၏။ ဇေယျဝတီမြို့ သကြားစက် ဝန်းကြီးထဲဝင်ရာ ကားလမ်းက စာအုပ်ဆိုင်ကလေးနှင့် ကိုက် ၃၀ ခန့်အကွာတွင် ရထားလမ်းကို ကန့်လန့် ဖြတ်ပြီး ရှိနေ၏။

သူတို့ ဝိုင်းစုထိုင်ပြီး စကားပြောနေခဲ့ရာ မြေကွက်လပ်ကလေးကို ရထားလမ်းနှင့် ကားလမ်းဆုံရာ ကုန်းထိပ်ပေါ်ကကြည့်လျှင် ပန်းချီကားတချပ်လို လှနေ၏။ ကက်ဆက်နှင့်ဖွင့်ထားသည့် ခင်မောင်တိုး၏ သီချင်းသံက ခပ်သဲ့သဲ့ ကြားနေရ၏။ သူတို့ လူစု ကွဲတော့ ည(၁၀)နာရီထိုးပြီ။ ဧည့်သည်တွေမရှိတော့သည့် စားပွဲဝိုင်းဘေးမှာ သူတယောက်တည်း ကျန်ရစ်ခဲ့၏။ ကက်ဆက် သီချင်းကိုလည်း မဒေဝီက ပိတ်လိုက်ပြီးပြီ။

စာအုပ်ဆိုင်ကလေးထဲကို လှမ်းကြည့်တော့ မဒေဝီက စာအုပ်စင်ဘေးက စားပွဲမှာ စာထိုင်ဖတ်နေ၏။ စားပွဲဝိုင်းမှာ လူရှင်းသွားပြီ မို့ သူက မဒေဝီကို လှမ်းခေါ်လိုက်သည်။ မဒေဝီက တော်တော်နှင့် ထမလာသေးဘဲ စာထိုင်ဖတ်နေသေး၏။ သူက စားပွဲခုံ နှင့် ကုလားထိုင် ပုလေးတွေကို သိမ်းရန် ပြင်လိုက်ရတော့၏။

“ခုံတွေသိမ်းတော့မလား မောင်↔

သူက လက်ထဲက ခုံပုလေးတခုကို ပြန်ချလိုက်ရင်း မဒေဝီကို လှည့်ကြည့်သည်။

“မနက်ဖြန်ကျရင် ပိတောက်တွေ ပွင့်မယ်ထင်တယ် မောင်↔

သူက  စူးစမ်းသည့်အကြည့်နှင့် မဒေဝီကို ငေးကြည့်မိသည်။

“မိုးကဖြင့် တစက် တပေါက်ပဲ ရွာသွားတဲ့ဟာ ↔

မဒေဝီက သူ့ ကို သဘောကျသည့်အပြုံးနှင့် လှမ်းကြည့်နေ၏။

“မိုးတပေါက်နဲ့လည်း ပိတောက်ပွင့်နိုင်တယ်မို့ လားမောင်ရယ်၊ အဲဒါ ကျမပြောတာမဟုတ်ဘူးမောင်ရေ ဆရာကြီး မင်းသုဝဏ် ပြောတာ ကဲ..↔

ထိုအချိန်အထိ သူက မဒေဝီကို ငေးကြည့်နေတုန်းဖြစ်နေသေး၏။ သိမ်းမယ်လုပ်နေတဲ့ ခုံပုလေးကိုလည်း ကိုင်ထားဆဲ။

“ ဘာငေးနေတာလဲ မောင်ရဲ့ ကျမပြောတာ သဘောမတူနိုင်လို့လား ↔

“ အော် အေး အေး ဟုတ်ပ၊ မင်းပြောတာဖြစ်တော့ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဆိုင်ကူသိမ်းဖို့လည်း စိတ်ကူးဦး၊ ညဥ့်နက်နေပြီ↔
“ညဉ့် နက်တော့ ဘာဖြစ်လဲမောင်ရယ်၊ ဒီကနေ့ည ကျမတို့ မအိပ်တော့ဘဲ နေလိုက်ကြရင်ကောင်းမလားလို့↔

သူက မဒေဝီကို အနည်းငယ် အံ့သြဟန်နှင့် မော့ကြည့်သည်။ လက်ထဲက ခုံပုလေးကိုလည်း ပြန်ချထားလိုက်သည်။ မဒေဝီက သူ့ ကိုအပြုံးမျက်နှာနှင့်ပြန်ကြည့်နေသည်။ နှစ်ယောက်သား အကြည့်ချင်း ခဏကြာမျှ ဆုံလိုက်ကြသည်။

“မနက်ကြရင် ပိတောက်တွေပွင့်နိုင်တယ်မောင်၊ ကျမအထင် မနက် သုံးနာရီ လေးနာရီလောက်မှာ ပိတောက်တွေ ပွင့်မယ်နဲ့ 
တူတယ်၊ ကျမတို့ ပိတောက်ပွင့်တာ စောင့်ကြည့်ရရင်ကောင်းမလားလို့↔

သူက မဒေဝီကို မဝေခွဲတတ်သည့် မျက်နှာနှင့်ကြည့်သည်။ ပြီးတော့ မဒေဝီ၏ အတွေးကို သဘောကျစွာပြုံးမိသည်။

“မသေချာတဲ့ အလုပ်ကို ဘာပြုလို့ ဒုက္ခခံနေမလဲကွာ၊ မိုးရွာရင် ပိတောက်ပွင့်မယ်ဆိုတာ မောင်သိပါတယ်၊ ဒါပေမယ့် ညနေ က ရွာသွားတယ် ဆိုတဲ့မိုးက တကယ့်ကို နည်းနည်းလေး၊ မိုးဖွဲလေးလို့ တောင်မှ မဆိုသာပါဘူး၊ အေးလေ ထားပါ၊ မင်းက ဆရာ မင်းသုဝဏ်နဲ့ ကိုင်ပေါက်မှတော့ မောင် မကန့် ကွက်တော့ပါဘူး၊ ဒါပေမယ့် ပိတောက်ပင်က ဘယ်မှာရှိသလဲ၊ မင်းစဉ်းစား ထားတာ တွေ့ထားတာကောရှိလို့ လား↔

“သြော် မောင်ကလည်း ပိတောက်ပင်တွေ မောင်တို့ ညကျောင်းရှေ့က လမ်းမှာ တန်းစီနေတာ မောင်မသိဘူးလား၊ ပြီးတော့ အဲဒီ တလမ်းလုံး သကြားစက် ဝန်ထမ်း အိမ်ရာတွေ ဆိုတော့ မာကျူရီမီးတွေ ထိန်နေတာပဲ၊ ကျမက မောင်သိနေတယ်ထင်လို့ ပြောတာ ↔

“ဟုတ်တယ် ဟုတ်တယ်၊ ကောင်းလိုက်တဲ့နေရာကွာ၊ ပိတောက်ပင် နှစ်ဆယ်လောက် လမ်းဟိုဘက် ဒီဘက် တန်းစီပြီး ပေါက်နေတာ၊ ဟား↔

“ဆိုင်တော့ သိမ်းလိုက်မယ်လေ၊ အိမ်ပြန်နားရင် အိပ်ပျော်ပြီး မတော်တဆမနိုးလို့ ဒီအခွင့်အရေး လက်လွတ်သွားရင် ဒီတနှစ် ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးမို့လား၊ ကျမ သဘောကတော့ ဆိုင်မှာပဲ မောင်နဲ့ ကျမ စာဖတ်လိုက် ဆိုင်သန့် ရှင်းရေးလေး လုပ်လိုက်နဲ့ အချိန်ဖြုန်းလိုက်မယ်လေ၊ မနက် သုံးနာရီလောက်ကြတော့ အဲဒီ ပိတောက်လမ်းကို မြန်းကြတာပေါ့၊ အိုကေ ပါတယ်နော် မောင်↔

သူက ခေါင်းတချက်ညိတ်ကာ ခုံပုလေးများကို သိမ်းသည်။ မဒေဝီကိုလည်း စိတ်ထဲက ကြိတ်ပြီး သဘောကျနေမိသည်။ ပိတောက်ပွင့်တာကို စောင့်ကြည့်ကြမယ်ဆိုပါလား။ မိုးတပေါက်နဲ့လည်း ပိတောက်ပွင့်တာပဲ ဆိုပါလား။

သူတို့ နှစ်ယောက် စာအုပ်ဆိုင်လေးကို သန့် ရှင်းရေးလုပ်ကြသည်။ မဒေဝီက မီးညွန့် ကျိုးနေသည့်မီးသွေးမီးဖိုကို မီးပြန်မွှေးကာ ရေနွေးအိုးတလုံးထပ်တည်သည်။ လက်ဖက်သုပ် တပွဲပြင်သည်။ ညဦးပိုင်းက ထမင်းစားပြီး ကျန်နေသည့် ထမင်းကျန်ကို ပန်း ကန် ပြားတွင်ထည့်သည်။ ဇွန်းနှစ်ချောင်းတပ်သည်။

သူကတော့ ဆိုင်ဘေးတဝိုက်ကို တံမြက်စည်း လှည်းသည်။ အမှိုက်ကောက်သည်။ စာအုပ်စင်များကို ဖုန်ခါသည်။ နေ့စဉ် စာအုပ် ငှား စာရင်းကို စစ်သည်။ စာအုပ် ငှားခ ရငွေကို စစ်သည်။

ပန်းဝေဝေ စာအုပ် အငှားဆိုင်ကလေးထဲ သူတို့နှစ်ယောက် အလုပ်ရှုပ်နေစဉ် စာအုပ်ဆိုင်ကလေး၏ နောက်ဘက် ရထားလမ်း ဘေး အိမ်ကလေးတွေဆီက ခပ်ကြမ်းကြမ်းပြောဆို အော်ဟစ်သံများကြားလိုက်ရ၏။ မီးရောင်နှင့်ဝေးရာ ရထားလမ်းဘေး အနိမ့်ပိုင်းတွင် စုပြုံနေသည့် တဲမမည့်တမည် အိမ်ကလေးတွေဆီက ထိုအသံများက တိတ်ဆိတ် နေသော ပတ်ဝန်းကျင်ကို နှိုး လိုက်၏။

မခင်မော် ၏ ဖရုဿ ၀ါစာ အသံများက ပီပီ သသ ကြီး စာအုပ်ဆိုင်လေး ဆီသို့ ရောက်ရှိလို့လာသည်။ မဒေဝီ ကတော့ သူ့ဘက် ကိုလှည့်မကြည့်ဘဲ လက်ဖက်သုပ်ပန်းကန်ကိုသာ ခေါင်းငုံ့ ပြီးပြင်နေသည်။ သူကတံမြက်စည်းလှည်းနေရာက အသံကြားရာဆီ နားကရောက်နေ၏။ မကြာခင် မခင်မော်တယောက် စာအုပ်ဆိုင်ကလေးဆီ ရောက်လာနိုင်သေးသည်ကိုလည်း သူသိနေသည်။ 

မီးရောင်ကြောင့် ဆိုင်မသိမ်းသေးသည်ကို မခင်မော် ကောင်းကောင်းသိနိုင်သည်။ အခြေအနေပေးလျှင် သူ့ ဘဝ ဖြစ်စဉ်များကို
ရင်ဖွင့်ကောင်း ရင်ဖွင့်ပေဦးမည်။ မခင်မော်က အသံကုန်ဟစ်ပြီးပြောနေပေသည့် ယောက်ျားတဦး၏အသံကိုမူ ခပ်အုပ်အုပ်သာ ကြားနေ ရ၏။ မခင်မော်၏ စကားထဲမှာ သေနတ်ဟု ပါလာ၍ ရဲစခန်းက တပ်ကြပ်ကြီးစာရေးနှင့် စကားများနေခြင်းဖြစ်မည်ဟု သူတွေးမိသည်။ မခင်မော်က ရဲစခန်းကို ဆက်ကြေးပေးနေရသည်ကိုလည်း သူသိသည်။

ညဥ့်နက်သည့် တချို့သော ညများဆိုလျင် ရထားလမ်းဘေး မခင်မော်တို့ တဲအိမ် ကလေးတွေဆီ မကြာခဏရောက်လာလေ့ရှိ သည့် တပ်ကြပ်ကြီးစာရေးမှာ မခင်မော်၏ဖောက်သည်တယောက် ဆိုသည်ကို သူသိသည်။ ယခုတော့ မခင်မော်တို့ အဆင် မပြေ ဖြစ်ကြဟန်တူသည်။

မခင်မော်၏ အော်သံဟစ်သံ ထပ်ပြီး မကြားရတော့။ ခွေးဟောင်သံများကြားရပြီး လူနှစ်ယောက် စာအုပ်ဆိုင်ဘေးမှကွေ့ ကာ ကားလမ်းမပေါ်တက်သွားသည်။ လမ်းဘေးဓာတ်မီးတိုင် မီးရောင်အောက်တွင် ရဲဝတ်စုံနှင့် လူနှစ်ယောက်။ ရထားလမ်းဘေး အမှောင်ထုထဲက ခွေးဟောင်သံများရပ်သွားသည်။

သူ့ စိတ်ထဲ၌ ခဏအကြာတွင် စာအုပ်ဆိုင်ကလေးဆီ မခင်မော်ရောက်လာနိုင်သည်ဟု တွေးသည်။ သို့ မဟုတ် မနက်ဖြန်နေ့ 
လယ်ခန့်တွင် မခင်မော်တယောက် မဒေဝီရှေ့တွင်ထိုင်ကာ သူ့ ဘဝ ဇာတ်ကြောင်းများကို ငိုကာရယ်ကာနှင့် ရင်ဖွင့်ပေလိမ့်ဦး မည်ဟု သူတွေးမိသည်။

*  *  *  *  *  *

“မခူးချင်စမ်းပါနဲ့ 
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဘော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့ 
ပွင့်ငုံကို လင့်ကုန်ကြတော့လို့ 
ခေါင်းကြွကာ ဆာဝေဝေနဲ့ 
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်↔

သူနှင့်မဒေဝီတို့ နှစ်ယောက် သကြားစက်ဝန်းကြီးထဲဝင်လာတော့ မနက် သုံးနာရီထိုးပြီ။ သူက စာအုပ်ဆိုင်ကလေးထဲက ထွက်လာကတည်းက ပိတောက်ပန်းကိုဖွဲ့သည့် ဆရာဇော်ဂျီ၏ “ပိတောက်ပန်း”ကဗျာကို တွေးလာခဲ့၏။

ဆိုင်ထဲက မထွက်လာခင် မဒေဝီနှင့်သူ စကား နည်းနည်း ထိုင်ပြော ဖြစ်သေးသည်။ ရှေးစာဆိုများက ပိတောက်ပန်းကို သိပ်ပြီး စာမဖွဲ့ ခဲ့ဘူးလို့ သူထင်ကြောင်း၊ နောက်ပိုင်း ကိုလိုနီ ခေတ်လောက် ကျမှသာ ပိတောက် ပန်းကို စာဆိုတိုင်း လိုလို ကဗျာဖွဲ့  လာခြင်း ဖြစ်ကြောင်း သူ့ အနေနှင့် မကျေနပ် မိကြောင်း မဒေဝီက ပြောခဲ့၏။ မဒေဝီ၏ ထင်မြင်ချက်ကို သူက သဘောတူသည်။

ပိတောက်ပန်းကို ဖွဲ့သည့် စာဆိုတွေထဲမှာ ဆရာဇော်ဂျီကို သူ့ အနေနှင့် အထူး အလေး အနက် ထားမိကြောင်း ပြန်ပြော ပြမိသည်။ ဆရာဇော်ဂျီက ခေတ်စမ်း ကဗျာ ခေတ်ကို ထို ပိတောက်ပန်း ကဗျာနှင့် တွန်းဖွင့် လိုက်သည်ဟု သူထင်ကြောင်း၊ အထင် ရှားဆုံး အင်္ဂါရပ်ကတော့ ပိတောက်ပန်းကို သက်မဲ့ ဘဝက သက်ရှိဘဝ ရောက်အောင် သက်ရှိ သဏ္ဌာန် ဖြစ်စေရန်ဖွဲ့ သည့် အတတ်ပညာ ဆန်းသစ်သည့် ခေတ်ဆန်း ကဗျာ၏ ခေတ်ဟောင်း ကဗျာများနှင့် မတူ လမ်းသစ် ဖောက်လိုက်သော ကဗျာ ဖြစ်သည့် အကြောင်း ပြောခဲ့မိ၏။

သူက ပိတောက်ပန်းကဗျာထဲက “သူလဲလေ လောကီသားလိုပါ့၊ ကြွားချင်လှပေလိမ့်မယ်”ဆိုသည့်စာသားက သက်မဲ့ပိတောက် ပန်း ကို သက်ရှိနေရာမှာထားပြီး ရေးဖွဲ့ သည့်စာသားဖြစ်ပြီး ပိတောက်ပန်းကဗျာရဲ့ အစဦးဆုံးပါဒဖြစ်တဲ့ “မခူးချင်စမ်းပါနဲ့ ”ဆို သည့် ပါဒကြတော့ မြန်မာကဗျာသမိုင်းမှာ စာဟန်အရေးအဖွဲ့ဟန်ကို ချိုးဖျက်ပြီး စကားပြောဟန်ကို အသိရှိရှိ ထိထိမိမိ ပထမ ဆုံးတီထွင်အသုံးပြုလိုက်သည့် အချက်၊ ထိုအချက်များသည် မြန်မာကဗျာ၏ အချိုးအကွေ့ တခုဖြစ်စေခဲ့ကြောင်း ပြောဖြစ်၏။

သူ ပြောပြတာတွေကို နားထောင်ရင်း မဒေဝီက“ဆရာဇော်ဂျှီပြောသလိုဆိုရင် ကျမတို့ ပိတောက်ပန်းတွေ စောင့်ပြီး ခူးလို့ ဖြစ် မှဖြစ်ပါ့မလားကွယ်၊ ဆရာက ပိတောက်ပန်းကို မခူးချင်စမ်းပါနဲ့လို့ ရေးတယ်မို့ လားဟု ပြောခဲ့သေး၏။

ထိုအခါကျတော့လည်း သူက “ဒါကတော့ တို့ က ပန်းခူးဖို့ အဓိကထားမှာမှ မဟုတ်တာ၊ ပိတောက်ပန်း ပွင့်တာကိုပဲ စောင့် ကြည့် ချင်တာက အဓိကမို့လားကွာ”ဆိုသည့် စကားနှင့် မဒေဝီကို ပြန်ပြီး နှစ်သိမ့်ခဲ့ရ၏။

သူတို့ နှစ်ယောက် နာရီတကြည့်ကြည့်နှင့် လမ်းလျောက်လိုက် လမ်းဘေးက ခုံတန်းတခုတွင် ဝင်ထိုင်လိုက်လုပ်နေခဲ့ကြသည်။  မနက် လေးနာရီ ကျော်လာခဲ့ပြီ။ ပိတောက်ပင် ပိတောက်ကိုင်းများဆီက မည်သည့်ထူးခြားမှုမျှ မတွေ့ ရသေး။

လမ်းဘေးနှစ်ဘက် ဝန်ထမ်းအိမ်ရာများမှာ တိတ်ဆိတ်စွာ အိပ်မောကျနေကြ၏။ လမ်းလျှောက်လာရင်းက အိမ်တလုံးရှေ့ကို ရောက်တော့ သူ့ ခြေလှမ်းများ နှေးသွား၏။ အိမ်ရှေ့ပန်းခြံကလေးကို လမ်းဘေးမီးရောင်အောက်တွင် မထင်မရှားတွေ့ နေရ၏။ အိမ်ကလေးရှေ့တည့်တည့်တွင် သူ့ ခြေလှမ်းများ နှေးသထက် နှေးသွားရသည်။ ထိုအိမ်ကလေးတွင် လွန်ခဲ့သော တလ က အထိ နေထိုင်သွားခဲ့သော အရက်ပျံစက်ရုံ အထက်တန်းစာရေး ကိုစိန်အောင်တို့ မိသားစုအကြောင်း သူ တွေးမိပြန်သည်။

ကိုစိန်အောင်က စက်ရုံဝန်ထမ်းများ အနေနှင့် ပြီးခဲ့သော ရှစ်လေးလုံးဆန္ဒပြပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိသည့် သဘောထားများကို မေးသည့် စစ်တမ်းတွင် သူယုံကြည်သလို ထည့်ပြီးရေးခဲ့၏။ ရှစ်လေးလုံးဆန္ဒပြပွဲမှာ ပြည်သူတွေ၏ အထွေ ထွေ မကျေနပ်ချက်များကို ဖေါ်ပြသည့် ကိစ္စဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုခေါင်းဆောင်တဦးဖြစ်ကြောင်း ရေးခဲ့၏။

ထိုနေ့ က အလုပ်မှထုတ်ပယ်ကြောင်းစာကို ညနေသုံးနာရီခွဲတွင် ဌာနမှူးက ကိုစိန်အောင် ကိုလာပေးခဲ့၏။ လေးနာရီတွင် ကိုစိန်အောင် စိတ်ဆင်းရဲသောကနှင့် အိမ်ကိုပြန်လာခဲ့သည်။ အိမ်ရောက်တော့ အိမ်ရှေ့တွင် အိမ်ထောင်ပရိဘောဂများချကာ ထိုင်နေကြသည့် သူ့ မိသားစုကိုတွေ့ ရတော့၏။ နေ့ လယ်ကတည်းက သူ့ မိသားစုကို ဝန်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ ပေးရန် လာပြောသည့် စက်ရုံလုံခြုံရေးများကပြောပြောဆိုဆို ပစ္စည်းများပါ ဆွဲချထားခြင်းဖြစ်သည်။ မိသားစုက ကိုစိန်အောင်ပြန်ရောက် ချိန် အထိ ပြောသည်ကိုလည်း လက်မခံကြ။ ကိုစိန်အောင် စိတ်ထိခိုက်ရတော့သည်။
နောက်တနေ့ ဘုန်းကြီးကျောင်းဝန်း အတွင်း ခေတ္တခိုလှုံနေကြသည့် သူ့ မိသားစုက ကိုစိန်အောင်ကို အိပ်ရာကနှိုးတော့ ကိုစိန်အောင်က မနိုးသောအိပ်ခြင်းဖြင့် မထတော့။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီ။ ယခုတော့ ကျန်ရစ်သူ မိသားစု ဘယ်ဆီဘယ်နေရာတွင် ဘယ်လို နေထိုင်နေကြသည်ကို သူ မတွေးတတ်တော့။

အိမ်ကလေးရှေ့ကကျော်လာသည့်တိုင် အိမ်ထဲတွင် ကိုစိန်အောင်တို့ မိသားစု ရှိနေသေးသလို ထင်နေမိသည်။ တနေ့ သော အခါတွင် သည်အိမ်ကလေးဆီသို့ ကိုစိန်အောင်တို့ မိသားစု ပြန်လည်ရောက်ရှိလာနိုင်စေရန် ဆုတောင်းမိသည်။

“ ဟော.. ဟော.. မောင်ရေ.. မောင်ရေ.. ဟိုမှာ.. ဟိုမှာ.. ↔

သူ့ လက်တဘက်ကို ဆတ်ခနဲ ဆွဲလိုက်သည့် မဒေဝီကို သူက ဖျတ်ခနဲ ပြန်ကြည့်သည်။ အတွေးလွန်နေသည့် သူ့ စိတ်က မဒေဝီ အော်သံကြောင့် တိခနဲပြတ်ကျသွားရ၏။

“ဘာလဲ ဘာလဲ↔

“ဟိုမှာ.. ဟိုမှာ.. ကြည့်လေ ကြည့်လေ ဟောဟော ဟိုဘက်ကိုင်းမှာလည်း ဟောဟော ပွင့်လာပြီ ပွင့်လာပြီ ပိတောက်တွေ ပွင့်လာပြီ ပိတောက်တွေ ပွင့်လာပြီး ဟေး ဟေး↔

မဒေဝီက သစ်ကိုင်းများကို လက်ညှိုးလိုက်ထိုးရင်း တဟေးဟေးနှင့်အော်နေသည်။ သူကလည်း မဒေဝီနောက်မှ လိုက်ကာ ခုန်ပေါက်လုမတတ်ဖြစ်နေသည်။

လမ်းပေါ်တွင် သူတို့ နှစ်ဦးမှအပ မည်သူမျှမရှိ။ စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ တဟေးဟေးနှင့်အော်ကာ သစ်ပင်သစ်ကိုင်းများ ကို လက်ညှိုးထိုးကာ သူတို့ နှစ်ဦးစလုံး ဆူညံနေတော့သည်။ အနီးဆုံးအိမ်တချို့က မီးများလင်းလာကြသည်။ အိမ်တချို့ဆီက ပြတင်း တံခါး ဖွင့်သံများကြားလိုက်ရသည်။

ပိတောက်ပင်တပင်က သစ်ကိုင်းများမှာ ကြည့်နေရင်းမှပင် အဖြူရောင်လိုလို၊ အဝါရောင်လိုလို ပန်းပွင့်များ ပွင့်အာလာနေကြ၏။ သူတို့ က ဒီဘက်ကကိုင်းကို မော့ကြည့်နေစဉ် ဟိုဘက်ကိုင်းပေါ်က ပန်းပွင့်များ အဆုပ်လိုက် အခိုင်လိုက် ဘွားခနဲပေါ်လာကြ ၏။ သူတို့ နှစ်ယောက်အဖို့ ဘယ်လိုမှ စိတ်ကို မထိန်းနိုင်ကြတော့။ နှစ်ယောက်စလုံး ပိတောက်ပင်တန်း အောက်တွင် ကခုန်လု မတတ်ဖြစ်ကုန်သည်။ အသံတွေ ဆူညံလျက်။

“ဟေ့ ဟေ့ မဖြစ်သေးဘူး၊ မဖြစ်သေးဘူး၊ လူတွေနိုးကုန်ပြီ၊ မောင်တို့ အော်သံတွေ တော်တော်ဆူသွားတယ်၊ ဟေ့ တော်တော့ ကွာ၊ တော်တော့၊ ဒီလောက်ဆို ကျေနပ်တော့၊ ပြန်ကြရအောင်၊ တော်တော်ကြာ တို့ကို အရူးတွေလို့ ထင်ကုန်တော့မယ်၊ အားနာဖို့ လည်း ကောင်းတယ်↔

သူက မဒေဝီ လက်ကို လိုက်ဆွဲကာ ပါးစပ်ကလည်း တတွတ်တွတ်တားမြစ်နေမိသည်။ မဒေဝီကမူ ရုတ်တရက် အရှိန်မသပ်နိုင် သေး။ အသံမပြုတော့သည့်တိုင် လမ်းမပေါ်တွင် ပိတောက်ကိုင်းများကို လက်ညှိုးလိုက်ထိုးနေသေး၏။

သူတို့ နှစ်ယောက် ပိတောက်ပင်တန်းလမ်းထဲက ပြန်လာတော့ ဇေယျဝတီမြို့ကလေးမှာ နိုးထစပြုပြီဖြစ်သည်။ မြို့ထဲသို့ ဝင်ရာ လမ်းပေါ်တွင် လူတယောက်တလေကို တွေ့ လာရ၏။ သကြားစက်ဝန်းကြီးထဲက ကင်းသံချောင်းခေါက်သံကိုကြားလိုက်ရသည်။ နေရောင်ကို မတွေ့ ရသေးသော်လည်း ဈေးဆိုင်တချို့တံခါးတွေဖွင့်နေကြပြီ။

စာအုပ်ဆိုင်ကလေးဘေးက မြေစိုက်ခုံတန်းကလေးပေါ်တွင် သူတို့ နှစ်ယောက် အမောပြေထိုင်ကြသည်။ မဒေဝီ၏ အသက်ရှုသံ ကို သူကြားနေရသည်။ မဒေဝီ ဆီက သနပ်ခါးနံ့ သင်းသင်းကို သူ ရှုရှိုက်မိသည်။ အိပ်တန်းဆင်း ငှက်သံများကို ကြားရသည်။

အထူးသဖြင့် စာကလေးငှက်များက သူ့ စာအုပ်ဆိုင်ကလေးနှင့် လမ်း၏တဘက် မျက်စောင်းထိုး လက်ဖက်ရည်ဆိုင် ကလေးကို ကူးချည်သန်းချည်လုပ်နေကြသည်။ ခုံတန်းကလေးပေါ် ထိုင်နေသည်မှာ အတန်ငယ်ကြာသည့်တိုင် မဒေဝီက စကား မပြောနိုင် သေး။ အိမ်ပြန်ဖို့ စကား မဟနိုင်သေး။ သူကမူ မဒေဝီနှင့် ခန္ဓာကိုယ်ချင်း ထိကပ်ကာ ငြိမ်သက်နေမိသည်။

“မောင် သဘောတူပြီမို့လား ↔

မဒေဝီ စကားကြောင့် သူက ဇဝေဇဝါနှင့် မဒေဝီဘက်ကို လှည့်လိုက်သည်။

“ဘာကိုလဲ၊ ဘာကို သဘောတူရမှာလဲ↔

မဒေဝီဆီက ရုတ်တရက် ဘာစကားမျှ မကြားရ။ နှစ်ယောက်သား အတန်ငယ် တိတ်ဆိတ်သွားရသည်။

“သြော် မိုးတပေါက်နဲ့ လည်း ပိတောက်ပွင့်နိုင်တယ် ဆိုတဲ့စကားကို မောင် သဘောတူပြီလား လက်ခံပြီလားဆိုတာ မေးလိုက် တာပါ↔

သူက ရှေ့ကိုပြန်လှည့်ပြီး ထိုင်လိုက်သည်။ မဒေဝီကို မည်သို့မျှ စကားပြန်ပြီးမပြောနိုင်တော့။

ဇေယျဝတီမြို့ကလေး အတွက် ဒီကနေ့ မနက် ပိတောက်ပန်းများနှင့် ဝေနေတော့မည်ကိုတွေးပြီး ကျေနပ်နေမိ၏။     ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်