တဖြည်းဖြည်း ရူးကြသူများ

ဗာဒံပင်တွေက ဖက်ရှင် အမျိုးမျိုးဖြင့် အလဲအလှယ် ဝင့်ကြွား နေချိန်တွင် ရေတမာတွေက သူတို့၏ အစိမ်းရင့်ရင့် ဝတ်ရုံဖြင့် အိနြေ္ဒ ရနေတတ်သည်။

ဟုတ်လည်း ဟုတ်သည်။ ဗာဒံက တနှစ်ကို ဝတ်စုံ မျိုးစုံလဲသည်။ တခါတရံ အစိမ်းရင့်ရင့်၊ တခါတော့ ဝါသွားပြန်၊ နောက်တခါ ကြည့်လျင် အနီရဲရဲ … ဟော နောက်တခါတော့ မလုံ့တလုံ အရိုးချည်းသက်သက် … မကြာပြန် ရွက်နုသစ် ပုရစ်ဖူး တို့ဖြင့် နုပျို နေပြန်သည်။

“ငါ … ဒီလမ်း လေးကို ဗန်တမာ လမ်းလို့ ခေါ်မယ်” ဟု နာမည်ပေး ကင်ပွန်း တပ်တော့ သူငယ်ချင်းများက ထောက်ခံ ကြသည်။ ဗာဒံ (ဗန်ဒါ) နှင့် ရေတမာ … ပေါင်းတော့ ဗန်တမာပေါ့။ တဘက်က ဗာဒံပင်တန်း စီရရီ၊ တဘက်က ရေတမာပင်တန်း။

မှန်ဆောင်ရှေ့က ဗာဒံပင်ကြီးအောက် ခုံဝိုင်းလေးတွင် ကျမတို့ သူငယ်ချင်း တစု စကားတွတ်ထိုး ခဲ့ကြသည်။ အဲဒီ ဗာဒံပင်ကြီး အောက်မှာ ဗာဒံသီးတွေ ကောက်ကာ အုတ်နီခဲနှင့် အစိမပျက် ထုစားကြသည်။

ကျမတို့ သပြေဆောင်ရှေ့က ဗန်တမာ လမ်းကလေးမှာ ဇာတ်လမ်းပေါင်း များစွာ ရှိခဲ့သည်။ သူ့မှာ မှတ်တမ်းတွေ ရှိသည်။  ဗန်တမာ လမ်းကလေးက အနီရောင် … မြေနီလမ်းကလေး။ ကျမတို့ နောက်ဆုံးနှစ်ရောက်တော့ နိုင်လွန်ကတ္တရာလမ်း အနက် ကလေးအဖြစ် ကြွားကြွားဝင့်ဝင့်။ လမ်းကလေးအဆုံးမှာ ဗဟိုဆောင်နှင့် ဒက္ခိဏ … ယောက်ျားလေးဆောင် နှစ်ဆောင်။ ဗာဒံပင်များဘေးက ဘောလုံးကွင်း တဘက်မှာတော့ ဥတ္တရဆောင်။ အဲဒီဘက်တော့ ကျမတို့ မိန်းကလေးများ တခါမှ မရောက်ခဲ့ဘူး။ ယောင်မှား သွားမိသူလည်း ခြေလှမ်း မှားအောင် အစခံရမည်။

ကျမက ကျမတို့မိန်းကလေးဆောင် ဖြစ်သော သပြေဆောင် ဟူသည့် နာမည်ကို ဝေဖန်ခဲ့သည်။

“ပေးစရာနာမည် ရှားလို့ဟာ။ ပန်းမပွင့်ဘဲ အရွက်ကိုပဲ ပန်းလုပ်ရတဲ့ သပြေဆိုတဲ့ နာမည်ကိုမှ ပေးရလား။ တခြား ပန်းတွေမှ ပြည့်လို့”

သူငယ်ချင်း မိန်းကလေးများ၏ ရယ်သံက နုပျိုသစ်လွင်လှသည်။ ရွက်နုသစ်စိမ်းစိမ်းကလေးများ ထွက်ခါစ ဗာဒံပင် ဝိုင်းဝိုင်းကလေးများနှင့် အပြိုင် ...။ လွတ်လပ်စွာ၊ ပေါ့ပါးစွာ။ တွေ့သမျှကို ရယ်ချင်၊ ပြောသမျှကို ရယ်ချင်နေကြသည်။

အဆောင်မှူး ဆရာမ ဒေါ်မြင့်မြင့်အေး၏ မျက်မှန်ထူထူကြီးအောက်က သဘောကောင်းမှုကို အခွင့်ကောင်းယူကာ ဆိုးခဲ့ကြဖူးသည့် ကျမတို့ကို ဆရာမကော လွမ်းနေမည်လားမသိ။ ကျမကတော့ ဆရာမ တသက်လုံး အဲဒီသပြေဆောင်မှာပဲ အရိုးထုတ်လိမ့်မည်ဟု ထင်ခဲ့ဖူးသည်။

ကျမတို့ အတန်းထဲက သူငယ်ချင်းအုပ်စုထဲတွင် ကျမတယောက်သာ မိန်းကလေးဆိုတော့ ကျန် ၆ ယောက်၏ ဆိုးမျိုး အကုန်ခံ ခဲ့ရသည်။ သူတို့က အဆောင်ပိတ်ပြီးသည့် ည ၈ နာရီကျော်လောက်ကျမှ အဆောင်တံခါးကို တဂျုံးဂျုံးလာဆွဲကာ ကျမနာမည်ကို အကျယ်ကြီး လာအော်ပြီး မြို့ထဲပြန်ဖို့လမ်းစရိတ် ချေးတတ်ကြသည်။ ကျမမှာ မရှိလျင် တခြား အဆောင်သူ သူငယ်ချင်းများဆီက ချေးပေးရသည်။ ကျမတို့ ဆူညံနေသည်ကို ဆရာမက မသိယောင် ဆောင်ပေးနေတတ်သည်။

မိန်းကလေး နည်းလွန်းသော ကျမတို့ ကျောင်းမှ ကျောင်းသားများက RC 2 သို့သွားကာ ရသေ့စိတ်ဖြေ ငမ်းကြရရှာသည်။ ကျောင်းနားက စီးရသည့် ၄၅ ကားလေးနှင့် ၅၀ ဗိုက်ပူ ကားကြီးများက RC 2 ရှေ့ တန်းတန်းမတ်မတ် ရောက်သည် ဆိုတော့ သူတို့အတွက် ငမ်းကြောတည့်သည်ဟု ဆိုရမည်။ သူတို့နှင့်အတူ ကျမတို့မိန်းကလေးများကလည်း အားကျမခံ လိုက်သည်။ တက္ကသိုလ် ကျောင်းတော်သူ အလှပဂေးများကို သွားကြည့်ကာ မုဒိတာ ပွားကြသည်။ ကျမတို့ကတော့ ကျောင်းတက်လျှင် သူတို့လို မပြင်ဆင်ရဲကြ။ ပြင်သွားလျှင်လည်း အနောက်ပြောင် ခံရဖို့သာများသည့်တူတူ သနပ်ခါးဘဲကျားနှင့်ပင် ပြီးကြသည်။ ပြင်ဖို့ဆင်ဖို့ထက် အဆောင်ရှေ့က တယောက်တည်း ဖြတ်လျှောက်မည့် ယောက်ျားလေး တယောက် ယောက်ကို ခြေလှမ်း မှားအောင် နောက်ပြောင်ဖို့လောက်သာ စိတ်ကူးနေမိကြသည်။

နောက်ဆုံးနှစ် ကျမက အဆောင် သာယာရေးမှူးဆိုတော့ အဆောင်မသာယာ၊ သာယာအောင် စွမ်းဆောင်ရသည်။ ဒီတော့ အဆောင်မှာ တွဲနေကျ သူငယ်ချင်းတစုနှင့် တိုင်ပင်ကာ စကားရည်လုပွဲ ကျင်းပရန် ကြံစည်သည်။ စကားရည်လုပွဲ ခေါင်းစဉ်က လျှို့ဝှက် ...။ ယှဉ်ပြိုင်ကြမည့်သူများသာ သိသည်။ ကျမက သဘာပတိ၊ အဆောင်မှူးဆရာမ ဒေါ်မြင့်မြင့်အေးနှင့် ဒေါ်သန္တာညွန့်က အမှတ်ပေးဒိုင်လူကြီးများ။ အချိန်မှတ်စရာ ခေါင်းလောင်းမရှိတော့ စတီးချိုင့်ကို ထမင်းစားဇွန်းနှင့် ခေါက်ကာ အချိန်မှတ်သည်။

ယှဉ်ပြိုင်မှာက သပြေဆောင်ဧည့်ခန်းမှာ ...။ ပြိုင်ပွဲစပြီ … အဆောင်သူများက အားတက်သရော အားပေးနေပြီ။ ခေါင်းစဉ်ကတော့ ယောက်ျားလေးဆောင်များ ဖြစ်သည့် “ဗဟိုဆောင်နှင့် ဒက္ခိဏဆောင်ကိုယှဉ်လျင် ဗဟိုဆောင်သားများက ပိုချောသည်” ဟူ၍။ ယှဉ်ပြိုင်သူများက တဘက်ကို ချောသည်ဟု ဇွတ်ပြောကာ တဘက်က ကိုအဝှာများကို တယောက်ချင်း ဘယ်လို ရုပ်ဆိုးကြောင်း တဖွဲ့တနွဲ့ပြောကြသည်။ ချုပ်လိုက်တော့ ၂ ဘက်စလုံးက ယောက်ျားလေးများ ဘယ်လို ရုပ်ဆိုးသည် ဆိုတာသာ ထွက်လာသည်။ အဆောင်မှူး ဦးငွေထွန်းရှင်လည်း မကျန် အပြောခံရရှာသည်။ အဲဒီလို ပြောနိုင်ဖို့ကို သူတို့က တပတ်လောက်ကြိုပြီး လေ့လာ ထား ရ သေးသည်။

နောက်တနေ့ ကျောင်းတက်တော့ ကျမကို သူငယ်ချင်းယောက်ျားလေးများ မျက်ထောင့်နီကြီးများဖြင့် ကြည့်ကြသည်။ စိတ်ဆိုး ကြသည်။

“ညက ငါတို့အကုန်ကြားတယ်။ အဲဒါ နင့်လက်ချက်မှန်းသိတယ်နော်။ ပါလာ အပြင်က လမ်းမမှာ ငါတို့ တန်းစီပြီး ထိုင် နားထောင် နေတာ”

အခု ဆက်သွယ်ရေးဌာနမှာ အကောင်ကြီးကြီးဖြစ်နေသည့် သူငယ်ချင်းက စိတ်ဆိုးမာန်ဆိုးပြောတော့ ကျမတို့ ခေါင်းလေးတွေ ပုကုန်ကြသည်။ သူ့ရှေ့သွားကို မိုးရွာတော့ ပေါ်တီကိုမှတ်ပြီး ဝင်ခိုမိသည်ဟု ပြောထားသည်ကိုး ...။ သူ စိတ်တော်တော် ဆိုးသွားသော်လည်း ခဏသာ။ နောက်တော့လည်း ချစ်ချစ်ခင်ခင် ပျော်ပျော်ပါးပါး။ ကျမတို့ကလည်း မမှတ်။ ထို ထိုသော သူငယ်ချင်း ယောက်ျားလေးများကို ဘယ်လိုစရမလဲ ဆိုတာသာ စဉ်းစားနေကြသည်။

နောက်ဆုံးနှစ် ကျောင်းပိတ်ခါနီး ရွက်ကြွေတွေ တဖွဲဖွဲမြေခချိန် တရက်တွင် ကျမက ကိုညံ့ဟု စနောက်နာမည် ပေးထားသည့် ကိုဉာဏ်ကို စကြသည်။ “ရည်းစားတယောက် အမြန် အလိုရှိသည်” အစချီ၍ သူ့နာမည်တပ်ကာ ရေးပြီး သပြေဆောင် အုတ်တံ တိုင်းတွင် မနက်စောစော ထကပ်၍ အိပ်ချင်ယောင် ဆောင်နေကြသည်။ အဲဒီနေ့ကတော့ တော်တော်လေး ဖြေရှင်းလိုက် ကြရသည်။ ကိုဉာဏ်က ကျမတို့ဟု မထင်ဘဲ တခြား ယောက်ျားလေး သူငယ်ချင်းများကို ထင်ကာ စိတ်တော်တော်လေး ဆိုးသွား သောကြောင့်ဖြစ်သည်။

အင်္ဂလိပ်စာတော်သည့် သူငယ်ချင်း တနင်္လာသားက ကျောင်းရှေ့ ဆိုင်းဘုတ်ကို ကြည့်ကာ ပြောဖူးသည်ကို သတိရမိ၏ ...

“Government Technical Institute Insein”

“အင်းစိန် ဆိုတာကို အင်စိန်း (Insane) လို့လည်း အသံထွက်လို့ ရတာပဲ။ အင်စိန်း ဆိုတာက တဖြည်းဖြည်း ရူးသွပ်တာကို ပြောတာ။ အဲဒီတော့ ဒီကျောင်းမှာ တက်နေတဲ့ ငါတို့ဟာ တဖြည်းဖြည်း ရူးသွပ်ကြသူများပေါ့”

ကြံကြံဖန်ဖန် ပြောသည့်သူ့စကားကို ကျမတို့ အရူးတသိုက် ထောက်ခံကြသည်။ “အေဂျီတီအိုင် အင်စိန်းများ” ဟု ကျမက အမြဲ နောက်ပြောင်သည်။ ထို အင်စိန်း တစုတို့က ထို ကျောင်းကြီးကို အလွန် သံယောဇဉ်ကြီးသည်။ အလွန်ချစ်သည်။ ရူးပေါပေါ အလုပ်တွေလည်း လုပ်ကြသည်။ ဆရာကြီးခွင့်မပြုသည်ကို ရအောင်ပြောကာ နံရံကပ်စာစောင်လုပ်သည်။ အောင်လက်မှတ်ကို သံတိုင်ကြားက ယူရသည်မှာ မဖွယ်မရာ ဖြစ်လွန်းသည်ဟု ကိုယ့်ဘာသာ ဆုံးဖြတ်၍ အတိုက်အခံပြု ပြောဆိုရင်း အခမ်းအနားနှင့် အောင်လက်မှတ် အပ်နှင်းဖို့ကိစ္စ ကြိုးပမ်းသည်။ ရလည်း ရခဲ့သည်။ တကယ်အောင်လက်မှတ်ပေးသည့် အခမ်းအနားကိုတော့ ကျမတို့ သူငယ်ချင်း ၇ ယောက် မတိုင်ပင်ဘဲ တယောက်မှ မတက်ခဲ့ကြ။ သံတိုင်ကြားကပင် သွားယူကြသည်။ လက်မှတ် ရပြန် တော့လည်း ကျမတို့ ၇ ယောက်လုံး ထို လက်မှတ်နှင့် ဘာမှမဆိုင်သည့် အလုပ်များကို လုပ်နေကြသည်။

ကျမတို့ ကျောင်းဘေးက “တခါတလေ အေးအေးဆေးဆေး” လက်ဖက်ရည်ဆိုင် ကလေးလည်း ကျမတို့ ဆိုးသမျှ ခံရသည့် အထဲ တွင် ထိပ်ဆုံးမှပါသည်။ ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကောင်းသော အန်တီကြီးကို ကျမတို့ ဂျီကျနေကျ။ ဗယုတ်ကျသမျှ၊ ဆိုးသမျှ သည်းခံသည့် အန်တီကြီးတွင် သားနှစ်ယောက်ရှိကြောင်း ကျမတို့ မသိ၊ ၈၈ အရေးတော်ပုံကြီးနောက်ပိုင်းတွင် သားကြီးက တောခို၊ သားငယ်က တော်လှန်ရေးကြောင့် ထောင်ကျနေမှန်း ကျမတို့ မသိ၊ ကျမတို့နှင့် ရွယ်တူ သားငယ်ကို သူ ထောင်ဝင်စာ ပို့နေရ မှန်းလည်း ကျမတို့ မသိ။ သူငယ်ချင်းပြောသလို ကျမတို့က တဖြည်းဖြည်း ရူးသွပ်မှန်းမသိ ရူးသွပ်နေသူများသာ။

နောက်ဆုံးနှစ် ကျောင်းပြီးတော့ ကျမက ကျောင်းမှာပင် အလုပ်သင် ဖီးလ် ပြန်ဆင်းရသည်။ အန်တီကြီး ဆုံးပြီ ဆိုသည့်သတင်း မယုံနိုင်စရာ ကြားရသည်။ ဆိုင်သိမ်းပြန်သည့် အန်တီကြီး၏ ဆိုက်ကားကို ကားဖြင့် တိုက်မိသဖြင့် ပွဲချင်းပြီး ….။ ဗာဒံ ရွက်ကြွေတို့ ပို ခြောက်သွေ့ရုံမက ကြေမွသွားကြသည်။ ဒါတင်မကသေး ဆရာမ ဒေါ်မြင့်မြင့်အေး၏ သူငယ်ချင်း၊ ကျမတို့နှင့် သိပ်ခင်သည့် ကျောင်းနားက ထမင်းဆိုင်က မဥမ္မာ၊ ကျမတို့ သွားစားလျင် ဟင်းအမြဲ ပိုထည့်ပေးနေကျ မဥမ္မာ … ဆရာမမြို့ နတ္တလင်းကို အလည်လိုက်ပါသွားရင်း စက်ဘီးစီးသွားရာ ကားက နောက်က ဝင်တိုက်သဖြင့် ပွဲချင်းပြီး ကွယ်လွန်သွားခဲ့သည် ဆိုသည့် သတင်းဆိုးကလည်း ထက်ကြပ်မကွာ လိုက်ပါလာသည်။

ဒီအထိကို ကျမတို့ ရူးသွပ်ခြင်းများက အဆုံးမသတ်၊ အန်တီကြီး ကြွေလွင့်သွားပေမယ့်၊ မဥမ္မာ ပျောက်ကွယ်သွားပေမယ့် ကျမတို့ ကျောင်းကြီးတော့ တည်မြဲနေဦးမည်ဟု ထင်ခဲ့သည်။ ကျမတို့ သား၊ သမီးများ လက်ထက်ထိ ကျောင်းတော်ကြီးက ရှိနေဦးမည်ဟု ယုံကြည်ခဲ့သည့် ကျမတို့ကို ရူးသွပ်သည်ဟု မပြောလျှင် ဘယ်သူ့ကိုများ ပြောရပါ့မလဲ။

တကယ်တော့ ကျမတို့ကိုလည်း အဆိုးမဆိုသင့်ပါ … ကျမတို့ ကျောင်းကြီးက နှစ်ပေါင်း ၁၀၀ အထိ တည်မြဲခဲ့သေးသည်ကိုး။ ကျမ အဘိုးက ဂျီတီအိုင်ကို မြို့ပြ ဘာသာရပ်နှင့် ပြီးခဲ့သည်။ အဘိုးတက်သည့် ကျောင်းမှာ မြေး တက်ခွင့်ရသည်ဆိုတော့ ဒီကျောင်းကြီး ၏ တည်မြဲမှုကို ကျမယုံကြည်သည်က မထူးဆန်းလှ။

ကျမ မျက်ခြည် ပြတ်ခဲ့ချိန်တွင် ကျမတို့ ကျောင်းတော်ကြီးက အော့စ်ဝစ် အကျဉ်းစခန်းကြီးလည်း ဖြစ်ခဲ့သည်။ ကုန်စည်ဒိုင်ကြီး လည်း ဖြစ်ခဲ့သည်။ ကျောင်းဝန်ထမ်းများ၊ ဆရာ၊ ဆရာမများလည်း တိရစ္ဆာန်များကို မောင်းသလို မောင်းထုတ်ခံခဲ့ရပြီ။ မျက်မှန် ထူကြီး အောက်မှ သဘောကောင်းသည့် မျက်နှာနှင့် ဆရာမ ဒေါ်မြင့်မြင့်အေးကို သပြေဆောင်မှာ အရိုးထုတ်မည်ဟု ထင်ခဲ့ဖူး သည့် ကျမအထင် မှားခဲ့ပြီ။ ဆရာမကိုလည်း ဘယ်ဆီမောင်းထုတ်လိုက်သည် မသိ။

တကယ်တော့ ကျောင်းကြီးက ပြောင်းလဲခဲ့ခြင်း မဟုတ်ပါ။ ကျောင်းကြီးကို ပြောင်းလဲခဲ့ကြခြင်းသာ။

“ငါတို့ ကျောင်းကို အလွမ်းပြေသွားကြည့်ကြတယ်”

သူငယ်ချင်း၏ စာကို ကျမ ရင်ခုန်စွာ ဖတ်နေမိသည်။ အဲဒီလို သွားကြည့်တော့ ဘာတွေတွေ့ရသလဲ၊ ကျမ သိချင်ပေမယ့် သိထားသည့် သတင်းတချို့ကြောင့် စာကို ဆက်မဖတ်ရဲပြန်။ ပူးတွဲပါ ဓာတ်ပုံလေးကို ကြည့်မိတော့ သူငယ်ချင်း ၄ ယောက်ကို တွေ့သည်။ တနင်္လာသား၊ အင်္ဂါသား၊ ဗုဒ္ဓဟူးသားနှင့် ကြာသပတေးသား။ ကျမတို့ ၇ ရက်သားသမီး အုပ်စု တနေရာစီ ဝေးကွာပြီး ဆက်စပ်ဖို့ ခက်သလို ကျောင်းကြီးလည်း ဖရိုဖရဲ ဖြစ်နေပြီ။

“ဖဲ့ရောင်းထားတာဟ။ တချို့တဝက်ကို စက်ရုံလုပ်ထားတယ်။ သပြေဆောင်နဲ့ မှန်ဆောင်ကိုတော့ ပုဂ္ဂလိက ကျောင်း လုပ်ထား တယ်။ ဒက္ခိဏဆောင်ကတော့ ကြံ့ဖွံ့ဆေးရုံဖြစ်နေပြီ”

ကျောင်းသူများနှင့် ဝေစည်ခဲ့စဉ်ကတော့ ပန်းမပွင့်သော်လည်း သပြေက လန်းခဲ့သေးသည်။ အခုတော့ သပြေသည်လည်း လန်းနိုင်တော့မည်မထင်။

ကျမသူငယ်ချင်း အင်္ဂါသား တယောက်လည်း စိတ်ဆင်းရဲနေလိမ့်မည်။ သူက ဒက္ခိဏ သားပေကိုး ...။ တချိန်က အနယ်နယ် အရပ်ရပ်က သူငယ်ချင်းတွေ ဆုံဆည်း ပျော်မောခဲ့သော ဒက္ခိဏဆောင်ကြီးကို အခုလို ကြံ့ဖွံ့ဆေးရုံ အဖြစ် ပြောင်းလဲပစ်မည် ဆိုတာ သူ စဉ်းစားခဲ့ဖူးမည်မထင်။

အဲဒါဟာ ကျမတို့ ကျောင်းကြီးတဲ့လား။ ဗန်တမာလမ်းကလေးသာ စကားဆိုတတ်လျင် “ငါ ကျောခင်းပေးထားတာ … လတ်ဆတ် နုသစ်တဲ့ ကလေးတွေနဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ဆရာ ဆရာတွေ အတွက်” ဟု ပြောလေမည်လားမသိ။

“စိုးရိမ်နေ … သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေက စိုးရိမ်နေ … သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေကလေ ...”

ဗန်တမာ လမ်းလေးက သူ့အပေါ် တန်းစီထိုင်ရင်း သပြေဆောင်သူများအတွက် ကျောင်းသားများ သီဆိုပေးခဲ့သည့် သီချင်းများ ကိုလည်း သတိရ နေပါလိမ့်မည်။ ကျောင်းသားတို့၏ သီချင်းသံနှင့် ရယ်မောသံများ ဝေစည်ခဲ့ရာ လမ်းကလေးက အခုတော့ ခြောက်သွေ့ ဆိတ်သုဉ်း နေရောပေါ့။

ကျမတို့အားလုံး တကယ်ကို တဖြည်းဖြည်း ရူးသွပ်သွားကြဖို့သာ ကောင်းပါတော့သည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်