အရည်အချင်း ပြည့်မီသောနေ့

ကျနော် ငယ်စဉ်က နယ်တွင် နေသည်။ နယ်ဟု ဆိုသော်လည်း ရန်ကုန်နှင့် သိပ်ပြီးတော့ မဝေးလှ။ ကျနော်တို့ မိသားစုလေးက အင်မတန် ပျော်စရာ ကောင်းသော မိသားစုလေး ဖြစ်သည်။ ကျနော်တို့ မိသားစုတွင် အဖေ၊ အမေ နှင့် ကျနော် အပါအ၀င် မွေးချင်း ၁၂ ယောက်၊ ပေါင်း ၁၄ ယောက်ရှိသည်။ အဖေ၏ ညီ၊ ဦးလေး ဆိုလျှင် မွေးချင်း သားသမီးမွေးထားတာချည်း ၁၅ ယောက်ရှိသည်။ မိသားစု ၂ စုခွဲ၍ ဘောလုံး နှစ်သင်းဖွဲ့ပြီး ချိန်းကန်၍ရသည်။ 

ကျနော် သူငယ်တန်း စတက်ခါစက ... ကျောင်းတွင် ဆရာ၊ ဆရာမ၊ သူငယ်ချင်း ကျောင်းသား မိဘတွေက “ဟဲ့ … ကျော်သိင်္ခ၊ နင့်မှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ” ဟု မေးလျှင် ကျနော် အပိုအလို ကြွားပြီးမပြောတတ်ပါ။ မှန်ရာကိုပဲ ဆိုပါသည်။ “ဆယ့်နှစ်ယောက်” ဟု ဆိုလိုက်လျှင် ဆရာ၊ ဆရာမ များက တပြုံးပြုံး၊ သူငယ်ချင်းများက တဟားဟား၊ သူငယ်ချင်း မိဘများက ၀ါးလုံးကွဲ ၀ိုင်းရယ်ကြသည်။ အစ်ကို၊ အစ်မတွေကလည်း တစ်တန်းမှ စ၍ ဆယ်တန်းအထိ အတန်းစုံတွင်ရှိသည်။ ထို့ကြောင့် ကျောင်းတွင်သော်လည်းကောင်း၊ အရပ်ထဲတွင်သော်လည်းကောင်း ကျနော့်ကို သူငယ်ချင်းများက ဖြစ်စေ၊ အိမ်နီးနားချင်း များက ဖြစ်စေ မခံချင်အောင် မစရဲကြပါ။ အစ်ကို၊ အစ်မများ ကြားလျှင်လည်း ၎င်းတို့၏ ညီ၊ မောင် တခုခုဖြစ်သည်ကို ကြားလျှင် ကြား ရာနေရာကနေ ရောက်လာတတ်သည်။ ထိုမျှလောက် သွေးစည်းသည်။

ထို့ပြင် ကျနော့်အား ဘယ်မျှလောက် ချစ်ကြသည် ဆိုသည်ကိုလည်း ပြောပြချင်သေးသည်။ နေ့စဉ်နေ့တိုင်း အဖေ သို့မဟုတ် အမေ သို့မဟုတ် အစ်ကို၊ အစ်မ တယောက်ယောက်၏ လက်စွမ်းပြ ရိုက်နှက်၊ ဒဏ်ပေးတာကို ကျနော်မခံရသည့်နေ့ တနေ့မှမရှိပါ။

တခုတော့ စဉ်းစားစရာ။ ကျနော့်အနေနှင့် ကျနော့်အထက်က အဖေ၊ အမေ၊ အစ်ကို၊ အစ်မ စုစုပေါင်း ၁၃ ယောက် တို့၏ မူဝါဒ တွေ နှင့် ညီညွတ်အောင် မနေတတ်ခဲ့၍လား၊ သို့မဟုတ် သူတို့၏ မူဝါဒများကပင် တင်းကျပ်လွန်းနေ၍လား ကျနော် မသိပါ။ ကျနော် သိသည်ကတော့ ကျနော်သည် လိမ္မာသည်ဟု ကိုယ့်ကိုယ်ကို ကျမ်းကြိမ်ပြီး ဆိုနိုင်သည်။ သို့သော် ကျနော် ဘာ့ကြောင့် နေ့စဉ် အရိုက်ခံနေရသည်ကို ငယ်စဉ်က အဖြေရှာနေမိသည်။ သေချာတာကတော့ သူတို့မကြိုက်သည်ကို လုပ်မိ၍ ဒဏ်ပေးခံရသည်သာ ဖြစ်သည်။ သို့ ဆိုရလျှင် သူတို့ ပြဌာန်းသည့် ဥပဒေများကို ကျနော် ပြောပြပါမည်။

၁။ ရေမကူးရ
၂။ မီးမဆော့ရ (အကြီးလေးဆုံးအပြစ်ဒဏ်)
မှတ်ချက် - ဤအပြစ်ဒဏ်ကို အဖေက ပေးမည်။
၃။ ဟင်း ချေးမများရ။
၎။ ညစ်ညမ်းသော စကားလုံးများ အိမ်သို့ ယူမလာရ။
၅။ သူများ နှင့် ရန်ဖြစ်လာလျှင် သူများကလည်း ခံရ၍ အိမ်ကိုလာမတိုင်စေရ၊ မိမိကိုယ်တိုင်လည်း သူများလုပ်တာ မခံစေရ။
၆။ သူများပိုင်ဆိုင်သည့် ပစ္စည်းကို ပိုင်ရှင်မသိပဲ မယူရ (ဒုတိယအကြီးဆုံးအပြစ်ဒဏ် - ၀ါးခြမ်းပြားဒဏ်)
မှတ်ချက် - ဤ အပြစ်ဒဏ်ကို အမေက ပေးမည်။
၇။ အိမ်က လှမ်းခေါ်၍ မကြားနိုင်သည့်နေရာသို့ မသွားရ (ကျနော် အများဆုံးကျူးလွန်သည့် အပြစ်ဖြစ်သည်)
၈။ အစ်ကို၊ အစ်မများက ကြမ်းတိုက်ထားလျှင် တအိမ်လုံး အနှံ့ လျှောက်မသွားရ။ ခြေထောက်ဆေးပြီး ခြေထောက်ကို ရေခြောက် အောင် သုတ်ပြီးမှ သွားရမည်။ ကြမ်းပြင်တွင် ခြေရာ ဗရဗွ ဖြစ်နေပါက အပြစ်ပေးခံရမည်။

မှတ်ချက် - ထိုအပြစ်ကို ထိုနေ့တွင် ကြမ်းတိုက် တာဝန်ကျသည့် အစ်ကို (သို့မဟုတ်) အစ်မက ပြစ်ဒဏ်ပေးမည်။

စည်းကမ်းချက် ၁ မှ ၆ ကို အဖေ နှင့် အမေတို့ က ပြဌာန်းထားခြင်းဖြစ်ပြီး ကျန်အချက်များကို အစ်ကို နှင့် အစ်မ များက ပြဌာန်းထားခြင်း ဖြစ်သည်။

ကျနော်တို့ အိမ်ရှိ သစ်သား ထမင်းစား စားပွဲဝိုင်းကြီးမှာ မိသားစု အားလုံး ၀င်ဆန့်ရန် လက်သမား ဆရာကို တကူးတက ခေါ်ယူ၍ လုပ်ခိုင်းထားရသည်။ အစ်ကို နံပါတ် ၁၁ နှင့် ကျနော်မှာ မိသားစုအတွင်းတွင် အဖေ၊ အဖေ နှင့် ကျန်သော အစ်ကို အစ်မများ နှင့် ထမင်းတ၀ိုင်းတည်းစားခွင့်ရ ရန် အရည်အချင်း မပြည့်မီ (qualify မဖြစ်) သည့်အတွက်ကြောင့် သူတို့ နှင့် အတူ ထမင်း တ၀ိုင်းတည်း စားခွင့်မရှိပါ။

အားလုံးနှင့် ထမင်း အတူ စားခွင့် ပါမစ်ကို အစ်မ နံပါတ် ၆ က ချပေးခြင်းဖြစ်ပါသည်။ နံပါတ် ၁၀ အစ်မသည်ပင် တ၀ိုင်းတည်း စားခွင့် ရထားတာ သိပ်မကြာသေး။ အဘယ့်ကြောင့်ဆိုသော် နံပါတ် ၁၀ အစ်မက ဟင်းရည်သောက်ပြီး၍ ဟင်းရည်ခွက်ထဲ ဇွန်းပြန်ထည့်လျှင် အသံမြည်အောင် ချသော အကျင့်ရှိသည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော် ယခုသူ qualified ဖြစ်သွား၍ အတူစားခွင့်ပါမစ် ရထားတာ သိပ်မကြာသေး။ ပါမစ်ရခါစဆိုတော့ သူ စကားပြော တာကိုက လူကြီးတွေ လေသံမျိုးနှင့်။ စကားပြော နည်းနည်း ကြီးကျယ်လာသည်။ ဒီကြားထဲ အမေက သူ့ကို စကတ်ဝတ်သည့် အဆင့်မှ ထဘီဝတ်သည့်အဆင့်ထိ promotion လုပ်ပေးလိုက်သည်က ပိုဆိုးသည်။ အဆိုးဆုံးက သူ ကျနော်တို့ ညီအစ်ကို နှစ်ယောက် နှင့် အတူ မကစားတော့ခြင်း ဖြစ်သည်။ ကျနော့်မျက်စိထဲ သူ့ကို တယ်ပြီးကြည့်မရတော့ပါ။

နံပါတ် ၁၁ အစ်ကို ကိုတော့ အတူစားခွင့်ပါမစ် ရစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူက ကစားလျှင် ကျနော့်ကို ညီလေး ဆိုပြီး ညှာသည်။ သူ သွားကစားလျှင်လည်း ခေါ်သည့်အတွက် အစ်ကိုတွေထဲမှာ သူ့ကို အချစ်ဆုံးဖြစ်သည်။ လမ်းထိပ်က ခေါက်မုန့် ရောင်းသော ပါပါသီးက အစ်ကို ၁၁ စကားပြောတာကို “လူကြီးလေးလိုပဲ” ဟု မကြာ ခဏပြောသည့် အတွက်ကြောင့် လည်း သူ့ကို လူကြီးတွေ နှင့်အတူ စားခွင့်ပါမစ် ရစေချင်တာဖြစ်သည်။ သို့သော် သူက လူကြီးတွေနှင့် ထမင်းစားလျှင် လူကြီးတွေပြော တာကိုချည်း နားထောင်၍ ထမင်းကို ပြီးအောင် မစား။ အများပြီး၍ ထမင်းဝိုင်း သိမ်းခါနီးကျမှ အမြန်စားရာ ထမင်း သီးကုန်သည်။ ထို့ကြောင့် အစ်မ ၆ က သူ့အား အတူစားခွင့်ပါမစ် မပေးသေးခြင်းဖြစ်သည်။

ထမင်းစားပြီဆိုလျှင် သူ နှင့် ကျနော် နှစ်ယောက်လုံးအား အမေက ပန်းကန်ထဲမှာ ဟင်းပုံပေးလိုက်သည်။ ညီအစ်ကို နှစ်ယောက် သား ကိုယ့်ပန်းကန်ကိုယ်မပြီး၊ အိမ်ရှေ့က သံဆန်ခါကွက်လေးများ ကာထားသည့်နေရာတွင် သွားစားကြရသည်။ လမ်းက ဖြတ်သွားသည့် တလမ်းတည်းသားများကို လှမ်းနှုတ်ဆက်ကြသည်။ “ထမင်းစားပါဦး” ဟု လှမ်းလှမ်းခေါ်၍ အိမ်နောက်ဖေးမှ အမေက တဟဲ့ဟဲ့ အော်ကာ “ထမင်းပြီးအောင် မစားကြဘူး” ဟု ဆူတော့မှ ထိုကဲ့သို့ လူတွေ့လျှင် လှမ်းလှမ်းခေါ်သည့်အကျင့် ပျောက်သွားသည်။ အိမ်ရှေ့တွင် ပိုက်ဆံကြေး ပစ်နေကြသော ကျောက်ဒိုးဝိုင်းကလည်း ကောင်းနေတော့ ထမင်းလည်းစား၊ ငေးလည်းငေးပေါ့။ နောက်ဖေးမှ လူကြီးများ ထမင်းစားဝိုင်းပြီးသည်အထိ ကျနော်တို့ ညီအစ်ကိုနှစ်ယောက် ထမင်းစား၍ မပြီး။ ထိုအခါ အစ်မ ၆ က ဆူလည်းဆူ၊ ပြောလည်းပြောရင်း ကျန်နေသော ထမင်းများကို ခွံ့ကျွေး၍ ထမင်းစားခြင်းကို လက်စသတ်ပေး လိုက်သည်။

တရက်တွင် တွံတေးမြို့မှ အဖေ၏ ညီ၊ ဦးလေး နှင့် သူ့သားတို့ အိမ်ကို အလည်လာကြသည်။ ကျနော်တို့ ညီအစ်ကို နှစ်ယောက် လည်း ညီအစ်ကို ၀မ်းကွဲနှင့် အတူဆော့ရမည်ဖြစ်သည့်အတွက် ပျော်ကြသည်။ ညီအစ်ကို ၀မ်းကွဲက ကျနော့်အောက် လပိုင်း ငယ်သည်ဟု အမေက ပြောထား၍ သိရသည်။ ကျနော်တို့လည်း ညီအစ်ကို ၀မ်းကွဲနှင့် အတူဆော့ကြသည်။

သို့သော် ညနေ ထမင်းစားကြသောအခါ ဦးလေးက ကျနော်တို့ ညီအစ်ကို နှစ်ယောက်အား “ဟေ့ … ငါ့တူကြီးတွေ၊ မင်းတို့ ညီနဲ့ ထမင်း အတူတူစားလေ၊ တခါတလေမှတွေ့ကြရတာ၊ ရောက်တုန်းရောက်ခိုက် အတူတူ စားကြပေါ့” ဟု ဆိုသဖြင့် ကျနော်နှင့် အစ်ကို ၁၁ တို့ ၀မ်းသာသွားသည်။ လူကြီးများ ထမင်းဝိုင်းတွင် သူတို့ ပြောသည့် စကားများကို နားထောင်ပြီး ထမင်းစားရသည်ကို ပျော်သည်။ သူတို့ပြောသည့်အကြောင်းအရာများကလည်း စိတ်ဝင်စားစရာကောင်းသည်။ 

ထမင်းမစားမီ တနာရီခန့်အလိုတွင် အစ်မ ၆ က “အေး … မင်းတို့ကို အစ်မ ဒီပွဲမှာ ကြည့်မယ်။ ဒီမှာ ထမင်းစားတာ စံနစ်တကျ စားတတ်သွားရင် နောင်ကို လူကြီးတွေနဲ့ အတူတူ စားရမယ်” ဟု လူကြီးများ ကွယ်ရာမှာ တီးတိုးပြောပါသည်။

အမေကလည်း “ဖိုးကျော် နဲ့ ဖိုးဇော်၊ အမေဒီနေ့ ဧည့်သည်တွေလည်းရှိတော့ ဘဲဥဟင်း၊ ငါးလေးဟင်း နဲ့ ပဲကုလားဟင်းချက်တယ်။ ငါးလေးဟင်း ကိုတော့ ပန်းကန်ထဲမှာ ပုံပေး လိုက်မယ်။ ဘဲဥဟင်း နဲ့ ပဲကုလားဟင်းကိုတော့ ခုံဝိုင်းပေါ်က အလယ်ပန်းကန်ထဲမှာ ထည့်ထားမယ် ဟုတ်ပြီလား။ အမေ မင်းတို့ကို ထည့်မပေးဘူး။ ကိုယ့်ဟာကိုယ် ယူစား။ ဒါပေမယ့် ဘဲဥကို တခြမ်းထက် ပိုမယူရဘူးနော်” ဟု မှာပါသည်။

ကျနော်လည်း လူကြီးတွေနည်းတူ ဘဲဥဟင်း တခြမ်းကို ဟန်ပါပါ လှမ်းနှိုက်လိုက်သည်။ လက်ကတော့ တုန်ချင်ချင်။ တခါမှ သည်လို အခွင့်အရေးမျိုး မရဘူးပါ။ အစ်ကို ၁၁ ပန်းကန်ထဲကိုကြည့်လိုက်တော့ သူက ဒီတခါ လက်မြန်သည်။ ဘယ်အချိန် ကတည်းက ဘဲဥတခြမ်း သူ့ပန်းကန်ထဲကို ရောက်နေသည်မသိ။ ညီအစ်ကို ၀မ်းကွဲကလည်း စားလိုက်တာမှ နောက်တပန်းကန်ပင် ထပ်ယူသည်။ ကျနော်က တပန်းကန်တောင် စားမကုန်သေး။ ထမင်းမဖိတ်အောင်လည်း ထိန်းပြီးစားနေရသေးသည်။

ထိုအခိုက် ညီဝမ်းကွဲက ဘဲဥကို  နောက်တခြမ်း ထပ်နှိုက်ရန် ဟင်းဇွန်းကို လှမ်းကိုင်လိုက်စဉ်၊ ကျနော်လည်း အလန့်တကြား ဖြစ်ကာ “အမေ … ဧည့်သည်ရော တခြမ်းပဲလားဟင်” ဟု အမေ့မျက်နှာကို ကြည့်ပြီးမေးလိုက်သည်။ ထိုအခါ ညီအစ်ကို ၀မ်းကွဲလည်း ကိုင်မိပြီးသားဖြစ်သော ဇွန်းကို လန့်၍ လွှတ်ချလိုက်ရာ ဘဲဥတခြမ်းရော၊ ဇွန်းပါ ပြုတ်ကျသွားတော့သည်။

ကျနော် ပြောခွင့်ရှိပါသည်။ တော်ကြာ သူက နောက်တခြမ်းစားလိုက်လျှင် အစ်မ ၁ နှင့် အစ်ကို ၃ တို့လည်း ထမင်း မစားရ သေးသည့်အတွက် သူတို့အတွက် ကျန်တော့မည်မဟုတ်ဟု တွေးထားသောကြောင့်ဖြစ်သည်။ ထို့သို့ပြောခြင်းသည် ကိုယ့်အစ်ကို၊ အစ်မများအတွက် ထည့်စဉ်း စားရာရောက်သည်။ သူတို့ကို ချစ်ရာရောက်သည်။ အစ်မ ၆ မျက်နှာကို လှမ်းကြည့်လိုက်တော့ သူက တည်တည်ငြိမ်ငြိမ်ပင်။ သူ့ စိတ်ထဲတွင် “သြော် … ငါ့မောင်လေး၊ ကျန်တဲ့ အစ်ကို၊ အစ်မတွေအတွက် မကျန်မှာစိုးလို့ ပြောလိုက်တာ နေမှာ” ဟုလည်း တွေးကောင်း၊ တွေးနေလိမ့်မည်။ ထို့ကြောင့် ကျနော့်စိတ်ထဲတွင်တော့ သည်တချက်တည်းနှင့်ပင် qualified ဖြစ်သွားပြီဟု အပိုင် တွက်ထားလိုက်သည်။

သို့သော် အခြေအနေက ကျနော်ထင်သည့်အတိုင်း ဖြစ်မလာခဲ့ပါ။ ထမင်းဝိုင်းပြီးဆုံး၍ နောက်ထပ် ၂ နာရီခန့်ကြာသောအခါ အမေက ကျနော့်ကို မီးဖိုဆောင်ထဲတွင် ဧည့်သည်အပေါ် အလိုက်မသိတတ်ဟူသော ပြစ်ချက်ဖြင့် ၀ါးခြမ်းပြားစာ ကျွေးပါတော့ သည်။ ဤနေရာတွင် ကျနော် ရလိုက်သည့် သင်္ခန်းစာက ကိုယ့်အိမ်က လူထက်စာလျှင် ဧည့်သည်ကို ဦးစားပေးရမည်ဟူသော သင်္ခန်းစာပင်ဖြစ်သည်။ ကျနော် ဧည့်သည်အပေါ်ကို အလိုက်မသိတတ်ခဲ့ပါ။ ထိုနေ့က ထမင်းဝိုင်းတွင် ကျသော စာမေးပွဲက ကျောင်းကစစ်ဆေးသော စာမေးပွဲ ကျတာထက် ကျနော့်စိတ်ကို ပို၍ ထိခိုက်စေပါသည်။ 

ကျနော့်တွင် ညီအစ်ကို မောင်နှမ များသော်လည်း အစ်ကို၊ အစ်မများနှင့် သိုင်းသိုင်းဝန်းဝန်း ထမင်းအတူမစားရ၍ အထီးကျန် ဖြစ်ရသည်။ အမေရိုက်တုန်းက အစ်ကို၊ အစ်မ တယောက်ယောက်က “အမေရယ် … တော်ပါတော့၊ မောင်လေး၊ ညီလေးကို မရိုက်ပါနဲ့” ဟူ၍ ၀ိုင်း မဆွဲကြတာကို ကျနော်တော်တော် စိတ်မကောင်းဖြစ်မိသည်။

ကျနော်နှင့် အစ်ကို ၁၁ မှာ အိပ်ချိန်မှသာ အမေ့ကို ဖက်ပြီး အိပ်ခွင့်ရကြသည်။ ကျနော့်အဖြစ်ကို ကျနော် တော်တော် ၀မ်းနည်း သွားသည်။ ပြီးတော့ ကျောင်းပိတ်ရက်၊ နေ့လယ်ခင်း ထမင်းစားပြီးချိန်များတွင် အမေက ကျနော်တို့ကို သူနှင့်အတူ နောက်ဖေး အဖီလေးမှာ အတူအိပ်ခိုင်းသည်။ နေ့လယ်ခင်း လျှောက်မဆော့ဘဲ သူနှင့် အတူအိပ်လျှင် ညနေ နိုးလာပါက တယောက်ကို မုန့်ဖိုး ၅ ပြားစီရသည်။ ထို ငါးပြားစေ့ ကိုယ်စီ ကိုင်ကာ ကျနော်တို့ ညီအစ်ကိုနှစ်ယောက် လမ်းထဲက ဈေးဆိုင်တွင် ပဲဆုပ် တလုံးစီ သွားဝယ်စားကြသည်။ ဒါကို အဖေသိလျှင် ကျောင်းပိတ်ရက်တွင် ကလေးများအား မုန့်ဖိုးပေးရမလား ဟူ၍ အမေ့ကို ဆူသည်။ မုန့်ဖိုးရမှ အိပ်တတ်သည့် ကျနော်တို့ ညီအစ်ကို နှစ်ယောက်ကိုလည်း အဖေက ဆူသည်။ ကျနော် စိတ်မကောင်းပါ။ ကလေးလည်း ဖြစ်၊ အငယ်ဆုံးလည်းဖြစ်သည့်အတွက်ကြောင့် ၀မ်းနည်းမိသည်။

တရက်တွင် အဖေ့ရှေ့၌ ဟင်းချေးများမိသဖြင့် အဖေရိုက်တာကို ခံရသည်။ အဖေက တော်ရုံတန်ရုံ သားသမီးများကို မရိုက်ပါ။ သူရိုက်သည့်အတွက် ကျနော် စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံမိသည်။ အိမ်အနီးအနားတွင် သောက်ရေကန် တကန်ရှိသည်။ ရေကန်ထဲ ခုန်ချပြီးသေမည်။ ထိုအကြောင်းကိုတော့ အစ်ကို ၁၁ ကို ပြောပြ၍ မဖြစ်။ သူကလည်း သဘောတူ မည်မဟုတ်။ သို့နှင့် ခေါင်းရင်းအိမ်က ကျနော် နှင့် ကစားဖော်လည်းဖြစ်၊ ခင်လည်း ခင်ကြသည့် အေးနိုင်ကို ပြောပြသည်။ သူကလည်း တားပါသည်။ ကျနော် အိမ်နှင့်ပက်သက်ပြီး စိတ်လည်းညစ်၊ ၀မ်းလည်းနည်းသည့်အတွက်ကြောင့် သေချင်သည်။

ထို့ကြောင့် တခုသောညနေ ထမင်းစားပြီးချိန်၊ မှောင်ချည်သန်းချိန်လောက်တွင် အနွေးအင်္ကျီကို ကြွပ်ကြွပ်အိပ် နှင့် ထုပ်သည်။ ကန်ဘောင်ဆိုတော့ လေကလည်းတိုက်၊ ရေကလည်း အေးသည် မဟုတ်လား။ ကျနော် အမြဲဝတ်နေကျ အနွေးထည်လေးကို ၀တ်ပြီးမှ ခုန်ချမည်။ ကျနော်တို့ လမ်းထဲတွင် စိတ်ညစ်၍ ရေကန်ထဲ ခုန်ချသေသွားသည့် လူသေအလောင်းများ ကို မြင်ဖူးသည်။ အလောင်းကောင်တွေက ပုပ်ပြီးပေါ်လာသည့်အခါ အင်္ကျီများက စုတ်ပြဲလျှက်၊ သားသားနားနားမရှိ။ ကိုယ့်ကျလျှင် ထိုကဲ့သို့ အဖြစ်မခံနိုင်။ သေလျှင်တောင် ကိုယ်ဝတ်နေကျ အနွေးထည်လေးကို ၀တ်လျှက်နှင့်သေမည်။

ထိုနေ့ညနေက ကျနော် ထမင်းကို အမြန်ပြီးအောင်စားသည်။ အစ်ကို ၁၁ မပြီးသေးခင် ကျနော်ပြီးသည်။ သူ နောက်ဖေးတွင် ရေသွားသောက်သည့် အလစ်ကို ချောင်းသည်။ သူ နောက်ဖေးကို ထွက်သွားတော့ ကျနော်လည်း အသင့်ထုပ်ထားသော အနွေးထည်ကို ယူသည်။ ရေကန်သို့ ရောက်ရန် ငါးမိနစ်ခန့်ပြေးရသည်။ ကန်ဘောင်သို့ ရောက်သောအခါ ကျနော် အနည်းငယ် စဉ်းစားမိသည်။ အဖေ့မျက်နှာ၊ အမေ့မျက် နှာ၊ အစ်ကိုအစ်မတွေမျက်နှာများကို မျက်စိထဲတွင် ပြန်မြင်ယောင်လာသည်။
ကျနော်ဝမ်းနည်းလာ၍ ငိုချလိုက်သည်။ ပြီးတော့ ရေကန်ထဲက သစ်သားတံတားလေးပေါ်မှာ အနွေးထည်ဝတ်လိုက်သည်။ ထို့နောက် မျက်စိစုံမှိတ်၍ ခုန်ချလိုက်သည်။

ကျနော် အရမ်းခံစားလိုက်ရသည်။ ကျနော် သေသွားပြီလားဟု မျက်စိကို ဖွင့်ကြည့်လိုက်သည်။ ယခုကဲ့သို့ နွေရာသီအချိန်၊ သင်္ကြန်လည်း နီးနေပြီဖြစ်သည့်အတွက်ကြောင့် ကန်ရေက ကျနော့် ဒူးခေါင်းလောက်သာ မြုပ်တော့သည်။ ထို့ကြောင့် ကျနော် ရေနစ်မသေခဲ့ပါ။ ထိုအချိန်တွင် ကန်ဘောင်ပေါ်၌ အမေ နှင့် အစ်ကို၊ အစ်မများက စိုးရိမ်တကြီးကြည့်နေသည်ကို တွေ့ရသည်။ အစ်ကို ၇ က ကန်ထဲဆင်း၍ ကျနော့်လက်ကို ဆွဲခေါ်သည်။ အမေက ငိုသံပါကြီး နှင့် ဘာတွေပြောနေမှန်းမသိ။ နောက်မှာတော့ အေးနိုင်ပါလာသည် ကိုလည်း တွေ့ရသည်။ ဒီကောင်သွားပြောလိုက်တာပဲ ဖြစ်မှာ။

အိမ်ရောက်တော့ အဖေက အစ်ကို၊ အစ်မတွေကို ဆူသည်။ အမေ့ကိုလည်း ဆူသည်။ ကျနော်လည်း ၀မ်းနည်းလွန်းသည့် အတွက်ကြောင့် ရှိုက်ကြီးတငင် ငိုချပစ်လိုက်သည်။ အစ်မ ၆ က ကျနော့်ကိုဖက်ပြီး “မောင်လေးရယ် … အစ်မတို့ မင်းကို စိတ်နာအောင် လုပ်လိုက်မိလို့လားဟင်” ဟုပြောပြီး ငိုသည်။ အားလုံး၏ မျက်နှာမှာ ကျနော်နှင့် ပက်သက်၍ ၀မ်းနည်းသည့် ပုံရိပ်တွေ အထင်းသား တွေ့ရသည်။ အစ်ကို ၁၁ ကလည်း ငိုမဲ့မဲ့မျက်နှာဖြင့် “မင်းသေသွားရင် ငါ ဘယ်သူနဲ့ ဆော့ရတော့မှာလဲ” ဟု မေးသည်။ ကျနော် လည်း ဘာမှ ပြန်မဖြေပါ။ ကျနော့်ကြောင့် တအိမ်သားလုံး စိတ်ဆင်းရဲရသည့် အတွက် စိတ်မကောင်း ဖြစ်မိသည်။

အဖေက ကျနော့်ကို “သား … အဖေ့ဆီကို လာဦး” ဟု ဆိုသဖြင့်၊ ကျနော် အစ်မ ၆ ရင်ခွင်ထဲမှ ထကာ အဖေ့ဆီကိုသွားသည်။ သာမန် အခြေအနေဆိုလျှင် ကျနော် အဖေ့နားသို့ မကပ်ရဲပါ။ သူက သားသမီးတွေရှေ့မှာ အရယ်အပြုံးနည်းသည်။ စကား ပြောလျှင်လည်း ခပ်တည်တည်ပြောတတ်သဖြင့် ကျနော်တို့ အားလုံး အဖေ့ကိုတော့ ကြောက်ကြသည်။

ယခု အဖေခေါ်သည့် အခါတွင်တော့ သူ့အသံမှာ ၀မ်းနည်းရိပ်တွေ လွှမ်းနေသည်ကို ကလေးပင်ဖြစ်သော်လည်း ကျနော် သတိပြုမိသည်။ အဖေ့ဆီကိုရောက်တော့ အဖေက ကျနော့်ကို သိုင်းဖက်ထားလိုက်သည်။ အဖေက “သား … ဘာဖြစ်ချင်လဲ အဖေ့ကိုပြောစမ်း” ဟု မေးသည်။ ကျနော် အဖြစ် ချင်ဆုံး၊ အတောင့်တဆုံးကို ကျနော်ပြောလိုက်ပါသည်။

“သား....ကိုကြီး၊ မကြီးတို့ နဲ့ ထမင်း အတူတူစားချင်တယ်”

ထိုအခါ အဖေက “သား … နောက်ပြီး ဘာလိုချင်သေးလဲ၊ အဖေ့ကိုပြော” ဟုဆိုတော့ ကျနော် နှုတ်ဆိတ်နေလိုက်သည်။ ကျနော်ဘာမှ မလိုချင်ပါ။ ကျနော် အလိုချင်ဆုံးသော အရာက မိသားစု စုံစုံလင်လင်နှင့် ထမင်းဝိုင်းတွင် တယောက်မျက်နှာ တယောက်ကြည့်ပြီး လက်ဆုံစားခွင့် ရရေးပင်ဖြစ်ပါသည်။

အဖေက အစ်မ ၆ အား “ကဲ … အညို၊ ဖိုးကျော် နဲ့ ဖိုးဇော်ကို မနှစ်က ကျောင်းသွားရင် မုန့်ဖိုး ဘယ်လောက်ပေးလဲ” ဟုမေးသည်။ အစ်မ ၆ က “၃၅ ပြားပါ … အဖေ” ဆိုတော့ အဖေက “အေး … ဒီတခါ ကျောင်းဖွင့်ရင် သူတို့ကို ၁၀ ပြားစီ တိုးပေးလိုက်၊ ဟုတ်ပြီ လား” ဟုပြောသည်။ ကျနော်ဝမ်းသာသွားပါသည်။ ဒီတခါ ကျောင်းဖွင့်လျှင် မုန့်ဖိုး ၄၅ ပြားရတော့မည်မို့ ကျောင်းမြန်မြန်ဖွင့်ပါစေ ဟုသာ ဆုတောင်းနေမိသည်။ 

အဖေက ကျနော့်ကို “သား … နောက်တခါ အဲဒီလို မလုပ်ရဘူးနော်။ ကိုယ်လိုချင်တာရှိရင် အဖေ၊ အမေရှိတယ်။ အစ်ကို၊ အစ်မတွေ ရှိတယ်။ အားလုံးကိုပြောပြ။ အခုတော့ လူကြီးတွေ အားလုံး စိတ်ဆင်းရဲရပြီ။ ကိုယ့်ကြောင့် သူများ စိတ်ဆင်းရဲ ရတယ်ဆိုရင် မကောင်းဘူး။ ကြားလား” ဟုပြောသည်။ ကျနော် "ဟုတ်ကဲ့” ဟုသာ တခွန်းပြောပြီး ကိုယ်က မှားသည်မို့ နှုတ်ဆိတ်နေလိုက်သည်။

နောက်နေ့များတွင် အစ်မ ၆ က ထမင်းဝိုင်းလေး တခုဖွဲ့၍ ကျနော်၊ အစ်ကို ၁၁ တို့နှင့်အတူ စားသည်။ စားရင်းက ထမင်းစားလျှင် လက်အလယ်ဆစ်နှင့်အထက် ထမင်းလုံးမတက်ရ၊ ဟင်းရည်သောက်လျှင် တရှုးရှုးမမြည်ရ၊ ဇွန်းကို အသံမမြည်အောင် ညင်သာစွာ ချရမည်။ ထမင်းလုံး မဖိတ်စေရ စသည်ဖြင့် ထမင်းလည်းစားရင်း၊ စကားလည်းပြောရင်း စိတ်ရှည်လက်ရှည် သင်ပေးပါသည်။ 

တရက်၊ နှစ်ရက်ကြာသွားသော် ညီအစ်ကို နှစ်ယောက်စလုံး ထမင်းစားတတ်သွားသည်။ ထိုအချိန်မှစ၍ ကျနော်တို့အိမ်ရှိ ထမင်းဝိုင်းကြီးမှာ အဖေ၊ အမေ အပါအ၀င် မိသားစု ၁၄ ယောက်ဖြင့် မိသားစု ထမင်းဝိုင်းကြီး ဖြစ်သွားပါတော့သည်။ 

ထိုနေ့သည် ကျနော်နှင့် အစ်ကို ၁၁ တို့ နှစ်ယောက်လုံး qualified ဖြစ်သော နေ့ဟု ဆိုရမည်။ ထို့ပြင် ကျနော်၏ ကလေးဘ၀ နေ့ရက်များတွင် အပျော်ဆုံးနေ့များထဲက တနေ့ဟုလည်း ဆိုချင်ပါသေးသည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်