အားနာလိုက်တာ

အမှောင်ထဲမှ အလင်း၊ အပူထဲမှ အအေး၊ ကူးပြောင်းကာစ ကြုံတွေ့ရမှုများက ပြင်ဆင်ထားခြင်း မရှိသော သူတယောက်အတွက် အခက်အခဲ များစွာကြုံရပါတယ်။ ရောက်ရှိ တွေ့ကြုံရမယ့် အခြေအနေတွေက ခန့်မှန်းမထားမိ၊ မတွေးထားမိတော့ အံဝင်ခွင်ကျ မဖြစ်ဘဲ ရင်ဆိုင်ရမယ့် အခြေအနေတွေကို လိုက်မီအောင် မနည်း ကြိုးစားရတာတွေ ရှိပါတယ်။

uzawana_interview2ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီးနောက်တနေ့ အဖွဲ့ချုပ်ရုံးမှာ လူထုကြီးကို မိန့်ခွန်းပြောတဲ့ထဲမှာ ဟန်းဖုန်းကို ဘယ်လိုကိုင်ရမှန်း မသိတာကို ထည့်ပြောသွားတော့ အပြင်လောကက လူတွေအတွက် တမင် ဟာသ ပြောတယ်လို့ ထင်ကြမှာပဲ။ တကယ်က ဒီလို အတွေ့အကြုံမျိုးကို ဦးပဉ္ဇင်းလည်း ကြုံဖူးတယ်။

၂၀၀၉ စက်တင်ဘာ ၁၈ ရက်နေ့က ဦးပဉ္ဇင်းတို့ ထောင်ကလွတ်တယ်။ အသိမိတ်ဆွေ ဝန်ထမ်းတချို့ရဲ့ ကြိုတင် အကြောင်းကြားထားမှုကြောင့် တပည့်ဦးပဉ္ဇင်းတွေ၊ မိတ်ဆွေတွေ၊ ညီအစ်ကိုမောင်နှမတွေ ကားတစီးနဲ့ ထောင်ဗူးဝမှာ လာစောင့်နေကြတယ်။ လူတရာကျော် လွှတ်ဖို့အရေး တနေ့လုံး စာရွက်စာတမ်းတွေထဲ လိုအပ်တာတွေ ရေးသွင်းနေလိုက်တာ ည ၇ နာရီထိုးလောက်မှ ထောင်အပြင်ကို ရောက်တယ်။

ဒါတောင် နိုင်ငံရေးသမား ၅ ည ၇ ယောက်ကို သီးသန့်အစီအစဉ်နဲ့ အမြန်ခေါ်ထုတ်သွားလို့။ ရိုးရိုးအကျဉ်းသားတွေက တညလုံးထိုင်စောင့်ရတယ်လို့ နောက်မှ ပြန်သိရတယ်။ ထောင်အပြင်ဘက် ရောက်ရောက်ချင်း သွက်လိုက်တဲ့ သတင်းထောက်တွေ၊ ဘယ်က ဘယ်လို ဦးပဉ္ဇင်းရဲ့တပည့် ဦးပဉ္ဇင်းလေးရဲ့ ဟန်းဖုန်းနံပါတ်ကို ရသွားတယ်မသိဘူး။ ဖုန်းက မြည်လာတယ်။ ဦးဇဝနနဲ့ စကားပြောချင်လို့ပါတဲ့။

အပြင်လောကရောက်တာ ၁၅ မိနစ်တောင် မပြည့်သေးတဲ့ သူကို ဘယ်သူကများ ဖုန်းလာဆက်ပါလိမ့်လို့ ထင်လိုက်မိတယ်။ ကမ်းပေးတဲ့ ဖုန်းကိုယူပြီး ချက်ချင်းစကားပြန်ပြောတော့ ဘာသံမှ မကြားရဘူး။

“ဟေ့ မင်းဖုန်းက ဘာသံမှ မကြားရဘူး”

ဦးပဉ္ဇင်းက ဒီလိုပြောတော့ တပည့် ဦးပဉ္ဇင်းလေးက ဖုန်းကို လာကြည့်တယ်။

“ဟာ ဘုန်းကြီး၊ ဖုန်းပြောင်းပြန်ကြီး ကိုင်ထားတာကိုး” တဲ့။

တကားလုံး ဦးပဉ္ဇင်းကို ကြည့်ပြီး ရယ်စရာတွေ ဖြစ်သွားကြတယ်။ တခါမှလည်း မတွေ့ဖူးတဲ့ အတွေ့အကြုံတခုက အံဝင်ခွင်ကျ မဖြစ်တာ ကိုယ်တွေ့ပဲ။

ထောင်က ထွက်လာသူတယောက်အတွက် နောက်ကြုံတွေ့ရတဲ့ အခက်အခဲတခုက အားလုံးအသစ်တွေ ဖြစ်နေတာပါပဲ။ ၁၆ နှစ်ကျော် ကင်းကွာနေတဲ့ ဇာတိရွာကလေးဟာ ကိုယ့်အတွက် အသစ်ဖြစ်နေတယ်။ ဝါရှင်တန် အိုင်ဗင်ရဲ့ စာတပုဒ်ထဲက အနှစ် ၂၀ ကျော် တောကြီးမျက်မည်းထဲမှာ အိပ်ပျော်ပြီး ရွာကို ပြန်ရောက်လာတဲ့ ရစ်ဗင်ဝင်ကယ်လ်ရဲ့ အကြောင်းကို ဖတ်ရတုန်းက ကင်းကွာနေတဲ့ ပတ်ဝန်းကျင်ဟောင်းကို ပြန်ရောက်လာသူတဦးရဲ့ ရင်ဆိုင်ရပုံတွေဟာ ရယ်စရာကောင်းသလို ငိုစရာလည်း ကောင်းနေတယ်။

ကိုယ်တိုင် ရစ်ဗင်ဝင်ကယ်လ် ဖြစ်ရမှ “သြော် … သူတကယ် ကြုံလိုက်ရသလို ငါလည်းကြုံနေရပါလားလို့” ကိုယ့်ကိုယ်ကို တွေးမိတော့တယ်။ ပတ်ဝန်းကျင်ကို မမှတ်မိယုံတင်မကဘူး။ လူတွေကိုပါ မမှတ်မိတော့ဘူး။

ဦးပဉ္ဇင်းတို့ ထောင်ကလွတ်ပြီး ရက်ပိုင်းမှာပဲ ဦးပဉ္ဇင်းနဲ့ ဦးပဉ္ဇင်းရဲ့အမှုတွဲ ဦးစန္ဒောဘာသကို ဇာတိမြို့လေးဖြစ်တဲ့ ဒိုက်ဦးမှာ သိမ်ပြန်ထပ်တယ်။ ရက်ပိုင်းလေးအတွင်း ကောက်ခါငင်ခါ စီစဉ်လိုက်ရပေမယ့် မြို့ထဲက လာလိုက်တဲ့ ပရိသတ်ဟာ ကျောင်းဝန်းမဆန့်အောင် ပြည့်လျှံသွားတယ်။

မိတ်ဆွေဟောင်း ဆိုတာထက် ဦးပဉ္ဇင်းရဲ့ နိုင်ငံရေးအလုပ်တွေကို ထောက်ခံအားပေးတဲ့ သူတွေဆိုတာ ထင်ရှားတယ်။ သူတို့တွေက ဦးပဉ္ဇင်းတို့ရဲ့ အလုပ်တွေကို သဘောကျကြောင်း၊ အားပေးထောက်ခံကြောင်း ပြောချင်လို့ လာသူတွေက အများစုဖြစ်တယ်။ သူတို့နှုတ်ကနေလည်း ဦးပဉ္ဇင်းနဲ့ တသဘောတည်း ရှိကြောင်းကို ပြောပြကြတယ်။

သူတို့ပြောစကားကြောင့် ၁၆ နှစ် ဆိုတာ စိတ်ထဲမှာ တရက်လောက်ပဲကြာတယ်လို့ကို ခံစားလိုက်ရတယ်။ ခက်တာက သူတို့ကို မမှတ်မိတော့ခြင်းပဲ။ ကိုယ်ထောင်မကျခင်က ယဉ်ကျေးမှုသင်တန်းမှာ တက်ရောက်ခဲ့တဲ့ တပည့်တွေက သားတွေ သမီးတွေနဲ့ အိမ်ထောင်ရှင်တွေ ဖြစ်နေကြပြီ။ ဒီတော့ သူတို့ရဲ့ ၁၆ နှစ်အတွင်းမှာ ပြောင်းလဲသွားတဲ့ ဥပဓိရုပ်ဟာ ဘယ်လိုမှ ပုံဖော်လို့မရတော့ဘူး။

နှစ်ရှည်လများ ကင်းကွာနေရတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ဝင်ရောက်တဲ့အခါ ကြုံတွေ့ရတာတွေက ဝမ်းနည်းစရာ ကောင်းသလို အင်မတန် အားနာစရာ ကောင်းတာတွေလည်း ပါတယ်။

ဒိုက်ဦးမြို့မှာလိုပဲ မွေးရပ် ဇာတိရွာကို ရောက်တဲ့ အခါမှာ ကြုံတွေ့ရတာတွေကလည်း ပိုလို့တောင်ခံစားရတယ်။ တရွာလုံးက ဆွေမျိုးသားချင်းတွေ ချည်းပဲ။ ဦးပဉ္ဇင်းရောက်ပြီ ကြားတာနဲ့ အိမ်ပေါ်မှာ လူပြည့်ကျပ်သွားတယ်။ အိမ်ခြံဝန်းထဲမှာလည်း လူတွေအများကြီးပဲ။ သာမန် တခြားပြစ်မှုတွေကြောင့် ထောင်ကထွက်လာသူတွေနဲ့ မတူတဲ့ ပတ်ဝန်းကျင်ရဲ့ကြိုဆိုမှုပါပဲ။

သူတို့တွေ ကိုယ်လို မလုပ်နိုင်ပေမယ့် စိတ်ဓာတ်အားဖြင့်တော့ တသားတည်းဆိုတာကို ပြကြတာတွေတွေ့တော့ ခံခဲ့ရသမျှ ဒဏ်ရာတွေဟာ ချက်ချင်း အနာကျက်သွားသလိုပါပဲ။ ရွာက လူတွေရဲ့ ကြိုဆိုမှုက မြို့ပေါ်က လူတွေထက်တောင် ပိုပြီးရင်းနှီးတယ်ဆိုရမယ်။ အသားလေးကိုလာကိုင် လက်ကလေးကိုလာဆုပ်ပြီး -

“ဦးပဉ္ဇင်း ကျန်းမာရေးကောင်းတယ်နော်”

လူတိုင်းမေးတဲ့ စကားက ဒီတမျိုးတည်းပဲ။ ဦးပဉ္ဇင်းမှာ ခေါင်းငြိမ့်ပြီး လူတိုင်းကို အဖြေပေးနေရတယ်။ ဒါပေမယ့် လူတွေကိုတော့ တယောက်မှ မမှတ်မိဘူး။ အဲ့ဒီမှာ အဘွားအိုတစ်ယောက်က ဦးပဉ္ဇင်းလက်ကို အတင်းဆုပ်ကိုင်တယ်။

“အောင်မလေး၊ ကျန်းကျန်းမာမာ အသက်ရှင်လျက် ပြန်တွေ့ရသေးတယ်တော့ မမြိုင်ရေ၊ ညဉ်းသားကို လာကြည့်ပါဦး”

မရှိတော့တဲ့ ဦးပဉ္ဇင်းရဲ့အမေ နာမည်ကိုပါ တပ်ပြီး ငိုနေတယ်။ ဦးပဉ္ဇင်း စိတ်ထဲတော့ ဒီအဘွားအိုဟာ ငါနဲ့ တော်တော် ရင်းနှီးတဲ့သူ ဖြစ်လိမ့်မယ် ဆိုတာကိုတော့ တွေးမိတယ်။ ဒါပေမယ့် ဘယ်သူမှန်းမသိဘူး။ ဒါနဲ့ အနားမှရှိနေတဲ့ အစ်မကြီးကို

“အစ်မကြီး၊ သူက ဘယ်သူလဲ” လို့ ကပ်ပြီးမေးမိတယ်။

“အဲဒါ ကြီးကြီး မသိန်းကျင်လေ ” လို့ ပြန်ပြောတော့မှ ကြီးကြီး ပိုဝမ်းနည်းသွားပုံရတယ်။ အမေ့ရဲ့ အစ်မ၊ ငယ်ငယ်လေးတည်းက အမေလို နေလာခဲ့သူကို လုံးဝမမှတ်မိတော့ဘူး။ ၁၆ နှစ်ကျော် ကာလဟာ ကြီးကြီးကို အဖွားအိုတယောက် ဖြစ်သွားစေခဲ့ပြီ။

နောက်တွေးမိတိုင်း အားနာမဆုံးတဲ့ ကိစ္စတခုရှိသေးတယ်။ ထောင်ထဲမှာ ၁၆ နှစ်ကျော် နေခဲ့ရသူထံမှာ ရောဂါပေါင်းစုံကို လက်ဆောင်အဖြစ် ယူခဲ့ရမယ်ဆိုတာ သဘောပေါက်တယ်။ ထောင်က ထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကျန်းမာရေးစစ်ဆေးဖို့ မြေနီကုန်းနားက ဆေးခန်းကြီးတခုမှာ သွေးစစ်တာ တခုတည်းနဲ့တင် ငွေကျပ် ၅ သောင်းလောက်ကျသွားတယ်။

၁၆ နှစ်လုံး ရိက္ခာမပြတ်အောင် ပို့ပေးနေတဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း အားနာရတယ်။ ဒီတော့ ဒီအခက်အခဲကို ဖြေရှင်းပေးမယ့်သူကို တောင့်တမိတယ်။ ဦးပဉ္ဇင်း ဆုတောင်းပြည့်တယ် ဆိုရမယ်။ ဦးပဉ္ဇင်းရဲ့ အခက်အခဲကို တပည့် ဦးပဉ္ဇင်းလေးကနေ တဆင့် ကူညီဖို့ ကမ်းလှမ်းလာတယ်။ သူကတော့ မရွှေဇီးကွက်ပဲ။

မြောက်ဒဂုံမှာ ရှိတဲ့ သုခဆေးခန်းကို ရောက်တော့ တကယ့် ဆွေမျိုးသားချင်းလို ဦးပဉ္ဇင်းကို ကြိုဆိုတယ်။ လိုအပ်တာတွေကို အားလုံးလုပ်ပေးတယ်။ ဆရာဝန်မလာခင် သူတို့ရဲ့ ရုံးခန်းထဲမှာ ဧည့်ခံတယ်။ အတွေ့အကြုံတွေကို မေးတယ်။ အားပေးစကားတွေ ပြောတယ်။

သူနဲ့ စကားကောင်းနေတုန်းမှာပဲ လူတယောက်ဝင်လာတယ်။ စားပွဲထိပ်က ထိုင်ခုံမှာ ဝင်ထိုင်ပြီးတော့ ဦးပဉ္ဇင်းနဲ့ စကားတွေ လာပြောတယ်။ ဦးပဉ္ဇင်းလည်း အလိုက်သင့် ပြန်ပြောနေရပေမယ့် ဘယ်သူမှန်းမသိဘူး။ ထောင်ကလွတ်လာပြီးကတည်းက အနားက လူတယောက်ကို အကူအညီတောင်းနေကျ မေးနေကျ စကားတခွန်းကို အဖော်ပါလာတဲ့ ဘုန်းကြီးကို မေးမိတယ်။

“သူက ဘယ်သူလဲ” 

ဘေးက ပါလာတဲ့ ဘုန်းကြီးရော မရွှေဇီးကွက်ပါ အကြည့်တွေမှာ ထူးဆန်းနေတယ်။ အံ့သြတာ၊ သနားတာ၊ မယုံနိုင်တာ အစုံပါတဲ့ အကြည့်နဲ့ ဦးပဉ္ဇင်းကို သူတို့ ကြည့်နေတယ်။ ပြီးတော့ ပါလာတဲ့ ဘုန်းကြီးက -

“အဲဒါ ကျော်သူလေ”

ဦးပဉ္ဇင်း တကိုယ်လုံး အားနာတာရော၊ ရှက်တာရော မွှန်ထူသွားတယ်။ တနိုင်ငံလုံးသိနေတဲ့ မင်းသားကို ဦးပဉ္ဇင်း မမှတ်မိဘူး။

ရှက်ရှက်နဲ့ပဲ “အားနာလိုက်တာ ကိုကျော်သူရယ်၊ ဦးပဉ္ဇင်းသိတဲ့ ကိုကျော်သူက လွန်ခဲ့တဲ့ ၁၆ နှစ် ၁၇ နှစ်က ကိုကျော်သူလေ။ လုံးဝမမှတ်မိတာကို ခွင့်လွှတ်ပါ”

ဦးပဉ္ဇင်း တကယ် အားနာစွာနဲ့ပဲ ကိုကျော်သူကို တောင်းပန်လိုက်မိတယ်။ ကိုကျော်သူကတော့ ဦးပဉ္ဇင်းကို တော်တော် နားလည်တဲ့ပုံ ပေါက်တယ်။ ဘာမှကိစ္စမရှိတဲ့အကြောင်း သူက ပြောတယ်။ ဒီအကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း ကိုကျော်သူကို အားနာမဆုံးအောင်ပဲ။

အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံလည်း ဖြစ်ပါသည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်