“လွမ်းအောင်ရယ်တတ်သူ”

“ကိုစိန်သောင်း အနေနဲ့ စာပေလောကထဲကို ဘယ်လိုလုပ်ပြီး ဝင်လာတာပါလဲ”
“ကိုမျိုးညွန့်က လှမ်းခေါ်လို့ ဝင်လာတာပါ”

စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ သရော်စာပုံစံ အရေးအသားတခုဖြစ်ပါတယ်။ ချယ်ရီမဂ္ဂဇင်းမှာ ဖတ်မိတယ်လို့ ထင်ပါတယ်။ မင်းသား၊ မင်းသမီးတွေရဲ့ ချဲ့ထွင်ပြောဆိုတဲ့ အင်တာဗျူး အမေးအဖြေတွေကို သရော်ထားတာပါ။ မောင်စိန်သောင်းက မောင်စိန်သောင်းကို ပြန်မေးထားတယ် ဆိုတဲ့ ပုံစံနဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။

wana01သူ စာရေးနိုင်တဲ့ နောက်ဆုံးအချိန်အထိလည်း အဲဒီလို သရော်စာပုံစံစာတွေ ရေးတာတွေ့ရပါတယ်။

စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ ကွယ်လွန်ပြီလို့ ကြားလိုက်ရတော့ မြန်မာပြည်ရဲ့ အစားထိုးမရတဲ့ အနုပညာရှင် တယောက် ဆုံးရှုံးရပြန်ပြီဆိုပြီး ဝမ်းနည်းမိပါတယ်။ သူ့ရဲ့ဘဝကို စာရေးသူအဖြစ်နဲ့ ရုပ်ရှင်ဒါရိုက်တာအဖြစ် ဆိုပြီး ၂ ပိုင်းခွဲပြသင့်တယ် ထင်ပါတယ်။

မောင်ဝဏ္ဏရဲ့ ပန်းတွေနဲ့ဝေ၊ လိပ်ပြာလေပျံကာသွား ဟိုမှာသည်မှာနား စတဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုတွေကို သဘောကျ နှစ်သက်သလို မောင့်အပြင် မောင့်ညီကိုတွေ့ မေ့အလွမ်းပြေ ဆိုတဲ့ မြေလတ်ဒေသက သစ်စက်ဝန်းတခု နောက်ခံ ပြုထားတဲ့ အချစ် ဘဝသရုပ်ဖော် ဝတ္ထုလေးကိုလည်း ကျမ သိပ်ကြိုက်ပါတယ်။ နောက်ပြီး အိမ်ဖော်မလေးရဲ့ အချစ်ဇာတ်လမ်းကို ရိုးရိုးရှင်းရှင်း ရေးပြထားတဲ့ ဝတ္ထုတိုလေးကိုလည်း စွဲလမ်းနေပါတယ်။

သဘာဝ အုပ်စုတွေဖြစ်တဲ့ မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ ညီအစ်ကိုတွေရဲ့ ဝတ္ထုတွေကို ကျမ ကြိုက်မိတဲ့အချက်တချက်က သူတို့ရဲ့ ဇာတ်ကောင်တွေဟာ လူတွေနဲ့ တကယ်တူနေလို့ပါပဲ။ သူတို့ ဇာတ်ကောင်တွေဟာ ဟီးရိုးတွေမဟုတ်ဘူး၊ အရမ်း မချမ်းသာကြဘူး၊ နောက်ဆုံးပေါ် ကားကြီးတွေစီးပြီး ဇာတ်ပို့ဖြစ်တဲ့ သူငယ်ချင်းတွေထက် အစစအရာရာ သာမနေဘူး။ တကယ့် လူထဲက လူတွေ ဖြစ်ပါတယ်။

သူတို့ ဝတ္ထုတွေထဲက တက္ကသိုလ်ဟာလည်း တကယ့် တက္ကသိုလ်စစ်စစ် ဖြစ်ပါတယ်။ စာအုပ်ကို ဖတ်မိတာနဲ့ ငါ ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်မိလောက်အောင် လွမ်းမောဖွယ် ကောင်းလွန်းပါတယ်။

မောင်ဝဏ္ဏရဲ့ ဝတ္ထုတွေထဲက ပန်းတွေနဲ့ ဝေ ကတော့ ရုပ်ရှင်အဖြစ် ပိတ်ကားပေါ်ကို လှပစွာ ရောက်ခဲ့ပါတယ်။ ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းရာမှာ မောင်ဝဏ္ဏဟာ ပဉ္စလက်ပညာ တတ်ကျွမ်းသူလို့ ကျမ ဆိုချင်ပါတယ်။ ဝတ္ထုကို မမီသည့်တိုင်အောင် ဝတ္ထုရဲ့ အရသာမပျက်အောင် ရိုက်တတ်တယ်လို့ ပြောချင်တာပါ။

မြန်မာပြည်မှာ ကျမ ဂျာနယ်လစ် လုပ်နေစဉ်ကာလက ရုပ်ရှင်သရုပ်ဆောင် ဦးမိုးဒီနဲ့ အင်တာဗျူးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဦးမိုးဒီက အလွတ်သဘောပြောတာကို ကျမ သတိရမိပါတယ်။ အဲဒီအချိန်က ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ “ပို့စ်မော်ဒန် ဂမ္ဘီရ ရိုက်ချက်” လို့ အမည်တပ်ထားတဲ့ “ဓာတ်ခဲ” ဇာတ်ကား အကြီးအကျယ် အောင်မြင်နေချိန် ဖြစ်ပါတယ်။

ဦးမိုးဒီက “ကိုဝဏ္ဏက ရုပ်ရှင် မရိုက်ခင် မှန်ဘီလူးတွေကို တပ်ကြည့်၊ ဖြုတ်ကြည့်၊ ပြီးတော့ စိတ်တိုင်းမကျရင် ထိုင်သွေး နေလိုက်သေးတယ်။ ကျနော်က ရင်တထိတ်ထိတ်နဲ့၊ ဒီပုံစံနဲ့ ငါတို့အရုပ်တွေ ထွက်ပါ့မလားပေါ့လေ။ နောက်တခါ ရိုက်ပြန်တော့လည်း မှန်ဘီလူးတွေကို ၂ ခု၊ ၃ ခု ဆင့်ထပ်ပြီး ရိုက်ချင်ရိုက်နေပြန်ရော။ ဒါပေမယ့် ထူးဆန်းတယ်ဗျာ၊ အရုပ်တွေ ထွက်တယ်ဗျို့” လို့ အံ့သြတကြီး ပြောပြခဲ့ပါတယ်။ ဒါကြောင့်လည်း ပို့စ်မော်ဒန် ဂမ္ဘီရ ရိုက်ချက်လို့ နာမည်တပ်တာကိုးလို့ ကျမ တွေးမိပါတယ်။wana02

“ဓာတ်ခဲ” ဇာတ်ကားဟာ ငွေကြေးအားဖြင့် အကြီးအကျယ် အောင်မြင်တဲ့ ကားလို့ ပြောရမှာပါ။ အဲဒီအတွက် ဒါရိုက်တာ မောင်ဝဏ္ဏတယောက် ဒီပရက်ရှင် ရသွားတယ်လို့ သူ့ရဲ့ညီ ရုပ်ရှင်သရုပ်ဆောင် စာရေးဆရာ အဆိုတော် သုမောင်က ပြောခဲ့ပါတယ်။

ဘာကြောင့် ဦးသုမောင် ဒီလိုပြောတယ်ဆိုတာ ကျမ ခန့်မှန်းကြည့်လို့ရပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်လိုက်တဲ့ ဇာတ်ကားတွေဟာ ငွေကြေးအားဖြင့် အောင်မြင်မှု သိပ်မရခဲ့ပါဘူး။ ဒါပေမယ့် အနုပညာအားဖြင့်တော့ အောင်မြင်မှု ရခဲ့တာချည်းပါပဲ။ အကယ်ဒမီတွေကိုလည်း ထိုက်ထိုက်တန်တန် ရခဲ့တာပါ။

အကယ်ဒမီ မရသည့်တိုင်အောင် အနုပညာအားဖြင့် အောင်မြင်တယ်ဆိုတာကတော့ အနုပညာကို တန်ဖိုးဖြတ်နိုင်သူ ပညာရှင်တွေရော၊ ပရိသတ်တွေကပါ အသိအမှတ်ပြုပြီးသားဖြစ်လို့ ကျမ အထူးပြောစရာ လိုမယ် မထင်ပါဘူး။

“ပန်းတွေနဲ့ဝေ” ဇာတ်ကား အောင်မြင်စဉ်အချိန်က ကျမတို့ ကလေးသာသာပဲ ရှိပါဦးမယ်။ ဒါပေမယ့် လှပညင်သာတဲ့ မောင်ဝဏ္ဏရဲ့ ရိုက်ချက်တွေကို ဒီနေ့အထိ မှတ်မိနေပါသေးတယ်။ ပန်းတွေနဲ့ ဝေ သီချင်းနဲ့အတူ အဲဒီကားထဲက အောင်လတ်နဲ့ မဝေ တို့အတွက် မချင့်မရဲ ဖြစ်နေရဆဲပါ။ အဖြူအမည်း ဇာတ်ကားဖြစ်ပေမယ့် အဲဒီဇာတ်ကားဟာ မြန်မာ့ ရုပ်ရှင်သမိုင်းမှာ ချန်ထားလို့ မရတဲ့ ဇာတ်ကားလို့ ထင်ပါတယ်။

ဒါရိုက်တာမောင်ဝဏ္ဏကို ဒါရိုက်တာဘဝရောက်အောင်တွန်းပို့ပြီး အကယ်ဒမီပါ တပါတည်းရစေတဲ့ “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဇာတ်ကားထွက်စဉ်က ကျမ မမွေးသေးပါဘူး။ အဲဒီကားကိုတော့ ကျမ မကြည့်ဖူးပါဘူး။

ဒါပေမယ့် ကျမ ဆယ်ကျော်သက် အချိန်မှာ ကြည့်ရတဲ့ “ချစ်တဲ့သူငယ်လေ” ကိုတော့ ကျမ စွဲလမ်းပါတယ်။ မေဝင်းမောင်နဲ့ မောင်ရူပ သာမကဘဲ မေဝင်းမောင်ရဲ့ အဖေနေရာက သရုပ်ဆောင်တဲ့ ပန်းချီ (ဦး) အောင်စိုးကိုပါ ကျမ မျက်စိထဲမှာ မြင်နေပါတယ်။ အလှဆုံးကတော့ သစ်ပင်ကြီးတွေ တန်းစီပေါက်နေတဲ့ နေရာမှာ သူငယ်ချင်း ၂ ယောက် ပြေးဆော့တဲ့ အခန်းပါ။

နောက်တော့ မြန်မာ့ရုပ်မြင်သံကြားမှာ မကြာခဏပြလို့ ကြည့်ရတဲ့ “ခြေဖဝါးတော် နုနု” ဇာတ်ကားပါ။ မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ ဦးဇော်လွင်ရယ်၊ ကနွဲ့ကလျ လှပလွန်းတဲ့ ရှုမဝ ဒေါ်စန်းစန်းအေးရယ်၊ ကျမ စဉ်းစားမိတဲ့အချက်ကတော့ အခုခေတ်လို ဆေးရောင်စုံလည်း မဟုတ်ပါဘဲ၊ အဖြူအမည်း သက်သက်နဲ့ ဘာကြောင့်များ မျက်စိထဲစွဲနေအောင်၊ အနုပညာမြောက်အောင်၊ လှပအောင် ရိုက်နိုင်ကြတာလဲ ဆိုတဲ့အချက်ပါ။ အဲဒီဇာတ်ကားဟာ မြန်မာ့ ဇာတ်သဘင်ဆိုတာ ဘာလဲ၊ မင်းသမီးရဲ့ အကဆိုတာ ဘာလဲလို့ ပြောပြနေတဲ့ သိပ်မများတဲ့ ဇာတ်ကားတွေထဲက တကားပါပဲ။

ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ညီ စာရေးဆရာမင်းလူရဲ့ ခုနစ်စဉ်အလွမ်း ဝတ္ထုကို အသက်သွင်းလိုက်တဲ့ ဇာတ်ကားကတော့ အကယ်ဒမီတွေ တသီကြီး ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားပါ။ အဲဒီအချိန်က ဆေးရောင်စုံတွေ စပေါ်နေပေမယ့် ဒီဇာတ်ကားကတော့ အဖြူအမည်းပဲဖြစ်ပါတယ်။ ဇာတ်ကားရုံတင်စဉ်က လူတွေတောင် သိပ်သတိမထားမိလိုက်တဲ့ ကားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်သုမောင်၊ ခင်သန်းနုတို့ အကယ်ဒမီ ဆွတ်ခူးခဲ့ကြပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဒုတိယမြောက် အကယ်ဒမီကားလည်း ဖြစ်သလို မောင်ဝဏ္ဏရဲ့ဇနီး ဒေါ်ချိုချိုရီရဲ့ ပန်းဝေဝေ ရုပ်ရှင်ထုတ်လုပ်ရေး အနေနဲ့လည်း ဇာတ်ကားဆု ရခဲ့ပါတယ်။ မင်းသမီးသစ် ဆုလှိုင်နှင်းကို စ တင်ပေးတဲ့ ဇာတ်ကားလို့လည်း ဆိုနိုင်ပါတယ်။

မင်းလူရဲ့ ဝတ္ထုဖြစ်တဲ့ ရင်ထဲက ဆောင်းရာသီကို ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဟာလည်း အနုပညာအားဖြင့် အောင်မြင်ခဲ့ပါတယ်။ မင်းသား လွင်မိုးကို အကယ်ဒမီရစေခဲ့ပါတယ်။

စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓုရဲ့ မျိုးဆက်ဖြစ်တဲ့ မောင်ဝဏ္ဏ၊ သုမောင်၊ မောင်ရူပ၊ မင်းလူ စတဲ့ အနုပညာရှင်တွေဟာ သူတို့ မျိုးဆက်မှာ တာဝန်ကျေခဲ့သလို၊ သူတို့ရဲ့ မျိုးဆက်တွေကိုလည်း အနုပညာအမွေ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ အဆိုတော် သရုပ်ဆောင် ဖိုးသောကြာ၊ သရုပ်ဆောင် ပြေဇင်၊ ဥက္ကာ၊ စာရေးဆရာမ ဝါနု စတဲ့ သာဓုမျိုးဆက်တွေ ဖြစ်ပါတယ်။

“လွမ်းအောင်ရယ်တတ်သူ” ဇာတ်ကားကြီးကို ဒါရိုက်တာမောင်ဝဏ္ဏက သားဖြစ်သူ ပြေဇင်ကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ခဲ့ပါတယ်။ ကျော်ရဲအောင်၊ မေသဉ္ဇာဦး၊ သက်မွန်မြင့်တို့နဲ့ မြန်မာ့အနုပညာ ရှေးသီချင်းကြီးတွေ ဝေဝေဆာဆာနဲ့ ၊ ဂီတလောက၊ ရုပ်ရှင်ပလေးဘက် တီးဝိုင်းသမားလောက နောက်ခံ ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့ရောက် သီးညီအစ်ကိုများအဖွဲ့က လူရွှင်တော် ကြယ်သီးက “ဘဘဝဏ္ဏက ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ပြောခဲ့တာရှိတယ်။ သူက အရင် ဇာတ်ကားတွေတုန်းက ပရိသတ် အကြိုက်ကို လိုက်ပြီး ရိုက်ခဲ့တာတဲ့။ ဒီဇာတ်ကားကတော့ ပရိသတ်ကြိုက်တာ မကြိုက်တာမသိဘူး၊ သူကြိုက်တာကို သူရိုက်ခဲ့တာလို့ ပြောပါတယ်” လို့ ပြောပြပါတယ်။ ဇာတ်ကားနာမည် ထူးခြားတဲ့ ဒီဇာတ်ကားဟာ ငွေကြေးအားဖြင့် အများကြီး မအောင်မြင်ပေမယ့် ပရိသတ်လက်ခံတဲ့ ဇာတ်ကားတကားဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုး ငွေကြေးအားဖြင့် တခါမှ များများစားစား အောင်မြင်မှုမရသေးတဲ့ ဒါရိုက်တာ မောင်ဝဏ္ဏဟာ သူ လုံးဝမမျှော်လင့် ထားတဲ့ ဓာတ်ခဲ ဇာတ်ကားမှာ ငွေကြေးအားဖြင့် အောင်မြင်မှု အကြီးအကျယ် ရခဲ့တာပါ။ တကယ်က ဒီဇာတ်ကားဟာ ဒါရိုက်တာမောင်ဝဏ္ဏရဲ့ ရုပ်ရှင်ကားတွေထဲမှာ အနုပညာအားဖြင့် ပြောစမှတ်ပြုလောက်တဲ့ ကားမဟုတ်ဘူးလို့ ပြောရမယ့် တကားတည်းသော ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။

သူ့သားငယ် ဥက္ကာ ကို ဓာတ်ခဲ ဇာတ်ရုပ်မှာ သရုပ်ဆောင် ခိုင်းခဲ့ပါတယ်။ သရုပ်ဆောင် အင်အားလည်း များခဲ့ပါတယ်။ တဝေါဝေါရယ်ရတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဘဝအမောတွေနဲ့ မွန်းကျပ်နေတဲ့ မြန်မာပရိသတ်တွေအတွက် စိတ်ဖြေဆေး ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ရိုက်ကူးတဲ့ မြန်မာ ဟာသကားတွေ ဝက်ဝက်ကွဲ အောင်မြင်တာ အခုအချိန်အထိလို့ ဆိုရမှာပါ။ အနုပညာအားဖြင့် ပြောပလောက်အောင် မပြခဲ့ရဘဲ ငွေကြေးအောင်မြင်မှု အများကြီး ရခဲ့တဲ့အတွက် ဒါရိုက်တာ မောင်ဝဏ္ဏ စိတ်ညစ်၊ စိတ်ကျ သွားတယ်လို့ ယူဆရပါတယ်။

ဒါရိုက်တာမောင်ဝဏ္ဏ နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားကြီးကတော့ စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေးရဲ့ ဝတ္ထုကို မင်းသမီး မျိုးသန္တာထွန်း ထုတ်လုပ်ခဲ့တဲ့ ရင်နင့်အောင်မွှေး ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဟန်အတိုင်း အနုပညာ ပြကွက်တွေ အများကြီး ပြန်မြင်ရပါတယ်။

ဒါရိုက်တာမောင်ဝဏ္ဏဟာ အနုပညာသက်တမ်း ၄၀ ခန့်မှာ ကွယ်လွန်ခဲ့ရတာပါ။ ၆၄ နှစ်ဆိုတဲ့ အသက်အရွယ်ဟာ နေမယ်ဆိုရင် နေလို့ရသေးတဲ့အရွယ်၊ အနုပညာတွေ ဖန်တီးကောင်းဆဲ ဖြစ်ရမယ့်အရွယ်၊ စာအုပ်တွေ အများကြီး ရေးနေရဦးမယ့် အရွယ်ပါ။ ဒါပေမယ့် သူ ကွယ်လွန်သွားခဲ့ပါပြီ။ သူချစ်တဲ့ မိသားစုနဲ့ သူချစ်တဲ့ အနုပညာတွေကို ချန်ခဲ့ပါပြီ။

သူဟာ ရုပ်ရှင်ကားကြီးပေါင်း ၂၀ ကျော်ကို ပြောစမှတ်ဖြစ်လောက်အောင် ရိုက်ကူးပြခဲ့သူ ဖြစ်ပါတယ်။ လုံးချင်း ဝတ္ထု ၂၀ ကျော်ရေးခဲ့ပြီး သူလိုကိုယ်လို မောင်ဝဏ္ဏ ဆိုတဲ့ သူ့ဖြတ်သန်းမှု အတ္ထုပ္ပတ္တိ စာအုပ်ကိုလည်း ပရိသတ်အတွက် ချန်ရစ်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးသည် ဒေါ်ချိုချိုရီ၊ သမီး ဝါနု၊ ထွန်းဝင်းအောင်၊ ပြေဇင်၊ ဥက္ကာနဲ့ မြေးလေး ပန်းနုတို့ ကျန်ခဲ့ပါတယ်။ လူသေပေမယ့် အနုပညာမသေဘူးဆိုတဲ့ စကား၊ လူသေပေမယ့် နာမည် မသေဘူးဆိုတဲ့ စကားကတော့ ဒါရိုက်တာ မောင်ဝဏ္ဏအတွက် အရမ်းကို ရိုးစင်းလွန်းလှပါတယ်။

ဒဿနိက ဗေဒနဲ့ ကျောင်းပြီးခဲ့ပြီး အတွေးအခေါ်ကို ဝါသနာထုံတဲ့ ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဝတ္ထု ခေါင်းစဉ်တွေဟာ ရိုးစင်းသလောက် ထူးခြားတာ တွေ့ရပါတယ်။

“လွမ်းအောင်ရယ်တတ်သူ” ဆိုတဲ့ ခေါင်းစဉ်ကတော့ သူ့ကိုယ်သူ ပြန်ညွှန်းလေသလားလို့ ကျန်ရစ်သူတွေက တသသ ပြော နေကြပါပြီ။

ဘာကြောင့်လဲဆိုတော့ သူ့ဇနီး ဒေါ်ချိုချိုရီက “နောက်ဆုံး ကျမကို တချက် ရယ်ပြခဲ့ပြီးမှ သူ အသက်ထွက်သွားတာ” လို့ ပြန်ပြောပြလို့ပါ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်