မိုးကုန်မှ ချမိသော ထွန်သွားများ

Monday, 18 April 2011 18:13 အောက်မေ့ဖွယ်
Print
နောင်တဆိုသော စကားလုံးက အချိန်မီသေးလျှင် နောင်တကို တွေ့ရှိလိုက်သူရော သူနှင့်ဆက်စပ်သော အရာအားလုံးအတွက် အကောင်းဆုံးသော ဆေးဖြစ်ပါတယ်။ ဘယ်လိုမှ ပြင်ဆင်ချိန်မရတော့သောအချိန်မှ နောင်တကို ရှာဖွေသိမ်းပိုက်လျှင် ဘယ်လိုကောင်းကျိုးကိုမှ ပေးစွမ်းနိုင်မည် မဟုတ်ပါ။

UZawana-Irrawaddy
ထောင်မှူးထောင်ပိုင်ဆိုတာ အကျဉ်းသားတွေကို ရက်ရက်စက်စက် ဆက်ဆံတတ်ကြလို့ လောကငရဲခန်းရဲ့ ပါးကွက်သားများအဖြစ် လူပြောများပါတယ်။ ဒီပါးကွက်သားတွေထဲက ပါးကွက်သားတယောက်ရဲ့အဖြစ်ကို တွေ့ရှိလိုက်ရချိန်မှာ အချိန်လွန်မှ ကျသော မျက်ရည်တပေါက်က သူ့ဘဝတွင်မက သူ့သံသရာခရီးအတွက်ပါ မီးကျည်းခဲကို မျိုချသွားရပြီဆိုတာ စိတ်မကောင်းစွာ သံဝေဂ ယူမိပါတော့တယ်။

တောင်ငူထောင်ထဲမှာ နေထိုင်ရစဉ်က တွေ့ရှိခဲ့ရတဲ့ မြင်ကွင်းတွေထဲမှာ လက်သီးနဲ့ အထိုးခံရလို့ ညှိုးငယ်စွာ အသနားခံနေတဲ့ အကျဉ်းသားတို့ရဲ့ မျက်နှာလည်းပါတယ်။ ရဲဘက် မလိုက်ချင်ပေမယ့် ငွေမပေးနိုင်လို့ သောကရောက်နေတဲ့ အကျဉ်းသားတို့ရဲ့ သောကတွေလည်း ပါတယ်။ ပြစ်မှုပြစ်ဒဏ် ကြီးကြီးမားမား ကျူးလွန်ခဲ့သော်လည်း ငွေနဲ့ရှင်းလို့ ရှုံးပေမယ့် အနိုင်ရသွားသူရဲ့မျက်နှာ၊ မှန်ပေမယ့် ငွေမခင်းနိုင်လို့ နိုင်ရာက ရှုံးသွားသူရဲ့မျက်နှာ၊ ငွေမတတ်နိုင်လို့ ပင်ပန်းကြီးစွာ နေ့ရက်များကို ချွေးနှင့်ရေချိုးနေရသူတို့ရဲ့ ညည်းညူသံ၊ ရောဂါသည်းထန်ပေမယ့် ဥပေက္ခာ အခန်းကျဉ်းထဲ အထည့်ခံထားရသူတို့ရဲ့ ပူဆွေးမှု၊ ဒါတွေ ဒါတွေအပြင် အနိဋ္ဌာရုံတို့ရဲ့ မြင်ကွင်းပေါင်းစုံဟာ နံရံလေးဘက်ကြားမှာ ဖြစ်တည်နေပါတယ်။

“ထောင်မှူး ဦးရဲတင့်ကို ခင်ဗျား မှတ်မိလားဗျ”

တောင်ငူထောင်မှာ အတူနေခဲ့ရသူ ဆရာဦးဌေးလှိုင်ကိုမေးတော့ သူအမှတ်ရမိဆုံး မြင်ကွင်းတခုကို ဆရာက ပြောလာတယ်။ သူ့မြင်ကွင်း မှတ်တမ်းထဲက စာမျက်နှာတွေထဲက အလွတ်နီးပါး အမှတ်ရနေတဲ့ ကိစ္စတခုပါ။

“အဲဒီထောင်မှူးမျက်နှာက ဒဏ်ရာကို သတိထားမိလား”

ဦးဇင်းက “ဒဏ်ရာကိုတော့တွေ့တယ်၊ ဖြစ်ပျက်ပုံ ဇာတ်လမ်းကို ပြောပြပါဦး” လို့ သိချင်ဇောနဲ့မေးတော့ …

“စစ်တောင်းမြစ်ဘေးက ရဲဘက်စခန်း တခုမှာ ရခဲ့တဲ့ ဒဏ်ရာလေ။ အကျဉ်းသားက အသေသတ်တာ၊ မနည်းလွတ်အောင် ပြေးလို့ လွတ်သွားတာ။ မျက်နှာမှာတော့ ဒဏ်ရာရသွားတာပေါ့”

အကျဉ်းသားဆိုတာ ထောင်မှူးထောင်ပိုင်ကို မော်တောင်ကြည့်ရဲတာ မဟုတ်ဘူး။ ထောင်ထဲစရောက်ကတည်းက ပုံစံခန်းမှာ ပုံစံကျအောင် ပညာပေးခံရတာတွေထဲမှာ ထောင်မှူးထောင်ပိုင်ကို မော်မကြည့်ရ၊ ခေါင်းငုံ့နေရတဲ့ ပုံစံတခုပါတယ်။ “ပုံစံ” လို့ တာဝန်ကျ အကျဉ်းသားတယောက်က အသံကုန် တထောင်လုံး ဟိန်းသွားအောင် ဟစ်အော်လိုက်တဲ့ စကားအဆုံးမှာ ရောက်ရာနေရာကနေ အသံကြားကြားချင်း ဆောင့်ကြောင့်ထိုင် လက်နှစ်ဖက်ယှက် ဒူးပေါ်တင်လို့ ခေါင်းကို ငုံ့ထားရပါတယ်။

ဒီလိုမှ ငုံ့မထားရင် ထောင်က ခိုင်းစေထားတဲ့ နီးစပ်ရာ အာဏာပိုင်အလိုတော်ရိ တန်းစီး၊ ဘုတ်ကိုင် ဆိုသူတွေရဲ့ လက်သံပြောင်ပြောင် ဆုချီးမြှင့်မယ့် တုတ်ချက်ကို ဖြစ်စေ၊ ဖြတ်သန်းသွားမယ့် ထောင်မှူးထောင်ပိုင်ရဲ့ ကန်ချက်ပြင်းပြင်းကိုဖြစ်စေ တနင့်တပိုး ခံစားရမှာပါ။ ထောင်မှူးလို လူမျိုးကို မပြောနဲ့ တန်းစီး၊ ဘုတ်ကိုင် ဆိုသူတွေကိုတောင် မော်ကြည့်ရဲခဲ့တာ မဟုတ်ဘူး။

ဒီလိုမော်မကြည့်ရဲတဲ့ အကျဉ်းသားက ထောင်မှူးလို လူမျိုးကို ပြန်လည် တုံ့ပြန်ရဲလောက်အောင် သတ္တိတွေပေးတာကတော့ သူ့အပေါ် ဆက်ဆံတဲ့ လူမဆန်မှုများစွာက တုံ့ပြန်ချင်စိတ်တွေကို ဖြစ်ပေါ်စေခဲ့တာပါပဲ။

လူတွေရဲ့သောကများစွာ၊ ညည်းညူမှုများစွာကို ငြိမ်သက်စေတဲ့ တခုတည်းသောအရာကတော့ ထောင်မှူးတွေရဲ့ သည်းခြေကြိုက် ငွေပါပဲ။ ငွေကိုခင်းပြီး လမ်းကိုရှင်းနိုင်ပါတယ်။ ငွေနဲ့ မရှင်းနိုင်သူတွေကတော့ ကျောနဲ့ရင်းတယ်လို့ ထောင်ထဲမှာခေါ်တဲ့ အနာခံပြီး ပြဿနာရှင်းနည်းပါပဲ။ လူမိုက်တို့ထုံးစံအတိုင်း နောင်ခါလာနောင်ခါဈေးပဲ၊ ကျောပေါ်ကို တုတ်ချက်များစွာ ကျရောက်လာမည်ဆိုတာ သိသိကြီးနဲ့ တန်းစီးလိုလူမျိုး၊ ဘုတ်ကိုင်လိုလူမျိုး၊ နောက်ဆုံးထောင်မှူးလိုလူမျိုးအထိ ရက်စက်သူ၊ လူမဆန်စွာ ဆက်ဆံသူများကို ပြန်လည် ရန်ပြုပြီး ပင်ပန်းဆင်းရဲမှုက လွတ်အောင် ရုန်းထွက်ကြည့်တတ်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထောင်ထဲမှာ ၀န်ထမ်းတော်တော်များများဟာ ရက်စက်ကြမ်းကြုတ်မှုကို လက်နက်သဖွယ် အသုံးပြုလို့ အကျဉ်းသားတွေကို လူမဆန်စွာ ပြုမူခဲ့သူတွေက အများစုဖြစ်ပါတယ်။ ဒီလိုရက်စက်မှုကိုပဲ အရသာခံပြီး နေတတ်ကြပါသေးတယ်။ လူတွေက သူတို့ကို ကြောက်ရွံ့(ကြောက်ရွံဆို ပိုမှန်မယ်) နေတာကို ပီတိဖြစ်ကြပါတယ်။ ဒီပီတိတွေဟာ သူတို့ရဲ့ဘ၀လမ်း အနိမ့်ပိုင်းမှာ သောကဖြစ်ဖို့ လောင်စာတွေဆိုတာ နောင်အခါမှ သဘောပေါက် နားလည်ကြပါတယ်။ 

ထောင်ကလွတ်ပြီးစမှာ အကျဉ်းသားဟောင်းတယောက်နဲ့ တွေ့တော့ ထောင်ပိုင် တယောက်နဲ့ အပြင်လောကမှာ ဆုံတဲ့ အဖြစ်ကို သူက ပြောပြပါတယ်။

“ကျနော် ကုလားကျော်ဝင်းနဲ့ တွေ့တယ်။ သူက တော်တော်လေး ကြောက်ရွံ့နေတဲ့ဟန်နဲ့ ကျနော့်ကို ဗွေမယူပါနဲ့ဗျာလို့ တောင်းပန်နေလိုက်တာများ ဖိနပ်နဲ့ချွတ်ပြီး ပါးရိုက်ချင်စရာဗျာ”

ကုလားကျော်ဝင်း ခေါ် ဦးကျော်ဝင်းဆိုတာ တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လူမဆန်စွာ ဆက်ဆံပြီး ထောင်တွေ ထပ်ကျအောင် လုပ်ခဲ့တဲ့သူပါ။ အခုတော့ ရာထူးပြုတ်ပြီး ၀န်ထမ်း မဟုတ်တော့တဲ့အချိန်။ သူနှိပ်စက်ခဲ့တဲ့ အကျဉ်းသားဟောင်းကို ကြောက်လန့်တကြား တောင်းပန်နေလိုက်တာ။ သူ့အမှား သူ့လုပ်ရပ်တွေအတွက်ရယ်၊ သူတချိန်က မော်ကြွား မောက်မာခဲ့တာတွေရယ်ဟာ အကြောက်တရားကို မွေးဖွားပေးလိုက်ပါပြီ။

ဦးဇင်းတို့လည်း ဒီ ဦးကျော်ဝင်း ထောင်ပိုင် ဖြစ်နေစဉ်မှာ အခန်းကျဉ်းလေးထဲကနေ ၁၅ မိနစ်သာဆင်းခွင့်ရပြီး တနေကုန် တိုက်ထဲ အပိတ်ခံထားရတဲ့ နေ့ရက်တွေကို အမှတ်ရမိပါတယ်။ အခုတော့ သူနှိပ်ကွပ်ခဲ့သူတွေကို တွေ့တိုင်း မျက်နှာ အောက်ချပြီး အသနားခံနေရပါပြီ။ သူလုပ်တဲ့အလုပ်တွေဟာ မတရားမှုတွေမှန်း လုပ်ပိုင်ခွင့်ရှိတုန်းကသာ သတိရခဲ့ရင် သူနိမ့်ကျစဉ်မှာ လူတိုင်းကို တောင်းပန်နေစရာ လိုမှာမဟုတ်ပါဘူး။

၂၀၀၃ ခုနှစ်မှာ ထောင်မှူး ဦးရဲတင့်ဟာ ခေတ်ပေါ်ရောဂါနဲ့ ဆေးရုံပေါ်မှာ နောက်ဆုံးနေ့ရက်တွေကို စောင့်စားနေရတဲ့အချိန်၊ သူ့ရဲ့အနီးအနားကို မထင်မှတ်တဲ့ဧည့်သည်တွေ ရောက်သွားခဲ့တယ်။ ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင် ကိုဝင်းမော်ရယ်၊ တောင်ငူသား မိုးမခရယ်ဟာ တကယ့် စာနာမှုနဲ့ လက်ဆောင်ပစ္စည်းတွေ ပွေ့ပိုက်ပြီး ဦးရဲတင့် ကုတင်ဘေးနား ရပ်လိုက်တယ်။

အားယူပြီး ဖွင့်လိုက်တဲ့ ဦးရဲတင့်ရဲ့ မျက်လုံးတွေမှာ နောင်တတွေ ပြည့်လျှံနေတယ်။ မထင်မှတ်တဲ့ ဧည့်သည်တွေဟာ ဦးရဲတင့်ရဲ့ နောက်ဆုံးခရီးကို မေတ္တာတွေ ခင်းပေးလိုက်နိုင်ပါတယ်။ သူလုပ်ခဲ့တဲ့ အရာတွေထဲက အမှားများစွာကို သူ့မျက်ရည်နဲ့ ဆေးကြောအပြီး တောင်းပန်တဲ့ လေသံသဲ့သဲ့ဟာ သူ့နှလုံးသားကို သူကိုယ်တိုင် ဓားနဲ့မွှန်းသလို ခံစားနေရမှန်း မြင်ရသူတိုင်း သိကြတယ်။

နောင်တဆိုတာ အချိန်မီဖို့ လိုပါတယ်။ အချိန်မမီတော့ရင် ဆေးယဉ်နေတဲ့ ရောဂါသည်ကို ဆေးတိုက်ရသလိုပါပဲ။ နောင်တနဲ့အတူ သူ့အမှားတွေအတွက် သောကတွေသာ ထပ်ဆင့်ပွားပြီး စိတ်ရဲ့ ဒဏ်ရာတွေသာ အဖတ်တင်ရပါတယ်။ နောင်တဆိုတာကို ပြုလိုက်မိတဲ့ ဒုစရိုက် မပြုလိုက်မိတဲ့ သုစရိုက်တို့အပေါ်၌ ဖြစ်ပေါ်လာသော ပူပန်မှုလို့ ဖွင့်ဆိုကြောင်း ပြောခဲ့ပြီးပါပြီ။ နောင်တဆိုတာ တကယ်တော့ သောကပါ။ နောင်တကိုပြင်မှ အကောင်းဘက်ကို ရောက်မှာပါ။ ပြင်ဖို့ အချိန်မရရင် သောကပြီးသောကနဲ့ မီးခဲတွေ ၀ါးမြိုရသလို ပူပန်ရတတ်ပါတယ်။

သေခါနီးအထိ နောင်တ မရနိုင်သူများ၊ နောင်တရနေသော်လည်း ပြုလုပ်မိခဲ့တဲ့ ဒုစရိုက်တွေအတွက် တာဝန်မခံလိုသော ကြောက်ရွံ့မှုတွေကြောင့် အမှားပြီးအမှား ဆက်မှားနေသူများဟာ စိတ်ဒဏ်ရာကြီးစွာနဲ့ နေထိုင်နေရတယ်ဆိုတာ သံသယ ဖြစ်စရာမလို တွေ့မြင်နိုင်ပါတယ်။ တယောက်တည်းနဲ့ သက်ဆိုင်တဲ့အမှားကို ပြုလုပ်ခဲ့သူဟာ တယောက်တည်းနဲ့ပဲ ရှင်းရပါမယ်။ တယောက်တည်းစာပဲ ရင်ထဲ ပူလောင် နောင်တရပါမယ်။ နှစ်ယောက် အပေါ်လုပ်ခဲ့သူ၊ သုံးယောက်အပေါ် လုပ်ခဲ့သူ၊ … သူ၊ … သူ။

ထိုသူတွေဟာ ကိုယ်မတရားလုပ်ခဲ့သည့်အလျောက် အပူပေါင်းများစွာ မီးခဲပေါင်းများစွာ မြိုချနေရပါပြီ။ သူတို့လိပ်ပြာကို  သူတို့မရှက်တမ်း ၀န်ခံရဲ၊ ပြုပြင်ရဲမည်ဆိုလျှင် …။

အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံလည်း ဖြစ်ပါသည်။