သစ္စာမြည်ဟည်းသံ

Friday, 15 July 2011 15:38 အောက်မေ့ဖွယ်
Print
ထောင်ထဲက ဇာတ်လမ်းတွေကို ပြန်ရေးတိုင်း ဒီဇာတ်လမ်းကတော့ ရင်ထဲမှာ အခံစားရ ဆုံးပါပဲ။ ကြုံတွေ့ခဲ့သမျှ အစာငတ်ခံ ဆန္ဒပြမှုတွေထဲ ၁၉၈၈ နောက်ပိုင်း အခုရေးမယ့် ဇာတ်လမ်းဟာ ပေးဆပ်ရမှု အကြီးမားဆုံးလို့တောင် ပြောလို့ရပါတယ်။ ၁၉၉၈ မှာ ဖြစ်ခဲ့တာပါ။

altသူတို့ ဆင်နွှဲခဲ့တဲ့ အချိန်ရောက်တိုင်း ရင်ထဲမှာ နာကျင်စွာ ခံစားရပါတယ်။ စာတစောင် ပေတဖွဲ့ မရေးဖြစ်ခဲ့ပေမယ် ရင်ထဲက ဒဏ်ရာကို ကဗျာတပုဒ်အဖြစ် ရေးသီခဲ့ဖူးပါတယ်။

မေလကို ဖြတ်သန်းဖို့
ငါ့မျက်ရည်တွေကို
တမံတုတ်ထားရတယ်။
စိတ်ကိုကလစ်တချက် နှိပ်ရုံနဲ့
မေလထဲက
အံကြိတ်သံ၊ တောက်ခေါက်သံ တွေဟာ
ငါ့ရင်ထဲမှာ ဆူညံနေဆဲပဲ။

၁၉၉၈ မှာ သူတို့ အမှုတွဲအားလုံး လွတ်ရက်စေ့တော့မှာပါ။ ဒါပေမယ့် ခံစားခွင့် အားလုံး ပိတ်ပင်ထားတယ်ဆိုတဲ့ သတင်းစကားက သူတို့ကို တစုံတခု တုန့်ပြန်ဖို့ ပြင်ဆင်ခိုင်း လိုက်တာပါပဲ။

ထောင်ထဲ စရောက်ရောက်ချင်း အကျဉ်းသားတိုင်း ကြားနေကျ စကားတခွန်းရှိတယ်။ အိမ်မှာလည်း အိမ်စည်းကမ်း၊ ထောင်မှာလည်း ထောင်စည်းကမ်း ဆိုပြီး တန်းစည်းဆိုသူ၊ တာဝန်ကျ ဝန်ထမ်းဆိုသူက ကျယ်လောင်စွာ အသိပေးတဲ့ စကား တခွန်းပါ။ သူတို့ပြောနေတဲ့ စည်းကမ်းဟာ ပြဿနာမရှာဘဲ နေထိုင်ဖို့ ပြောတဲ့ စကားသာ ဖြစ်နေပါတယ်။ အကျဉ်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး အားလုံးနီးပါးကို ပိတ်ပင်ထားပြီး ထောင်က ပေးရမယ့် အခွင့်အရေး အားလုံးနီးပါးကတော့ ချိုးဖျက်ခြင်း ခံထားရပါတယ်။ ချိုးဖျက်ခြင်းခံရတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား အားလုံးရဲ့ လျှော့ရက်တွေကို လုံးဝ မပေးတော့တာပါပဲ။

သာမန်အကျဉ်းသားတွေ ၃ လ ၁ ကြိမ် လျှော့ရက်တွေကို ကိုယ်စီ ခံစားကြရပေမယ့် နိုင်ငံရေး အကျဉ်းသားတွေကတော့ ဘာလျှော့ရက်မှ မရဘဲ အခန်းကျဉ်းထဲမှာ နှစ်အတိအကျ ထည့်လှောင်ထားခြင်း ခံရတာပါ။ ဒီမတရားမှုကို တွန်းလှန်ဖို့ သူရဲကောင်းတွေ ပေါ်ထွက်ခဲ့တယ်။ ကိုအောင်ကျော်မိုး၊ ကိုခင်မောင်ကြည်၊ ကိုသိန်းထူး၊ ကိုမြင့်ရီ၊ ကိုသိန်းဇော်၊ ကိုကျော်ဦးညို ဒီရဲဘော် တွေဟာ ၁၉၉၈ မေလ ၁၀ ရက်နေ့မှာ တိုက်ပွဲကို စတင်ဖို့ ပြင်ဆင်လိုက်တယ်။

သစ္စာတရားရဲ့
ခါးသီးတဲ့ အရသာတွေကိုစားသုံးဖို့
သူတို့ သွားကြတော့မည့်
၁၉၉၈ ခုနှစ်ရဲ့
မေလ ၁၀ ရက်ဟာ
ငါတို့အားလုံးကို
အသင့်အနေအထားရှိဖို့
ပုတ်နှိုးလိုက်ကြတယ်...။

သူတို့ အစာငတ်ခံ ဆန္ဒပြကြတယ်။ ညွှန်ကြားရေးမှူးဆိုသူ ကိုယ်တိုင် လာရောက်ဖြေရှင်းတယ်။ တကယ်က ထောင်ထဲ ရောက်ခါစ သူတို့ပြောတဲ့ စကားအတိုင်း ထောင်စည်းကမ်းဆိုတာကို အတိအကျလိုက်နာရင် ဘယ်သူမဆို ၃ လ ၁ ကြိမ်ရမယ့် လျှော့ရက်ဆိုတာ ခံစားရမှာ မလွဲပါဘူး။ ခုတော့ လွတ်ရက်စေ့ပေမယ့် ဥပဒေအထက်က လူကြီးမင်းများရဲ့ အမိန့် တခွန်းတည်းနဲ့ ထောင်စည်းကမ်း ဆိုတာ မြောင်းထဲ ရောက်သွားရတာပါပဲ။

သူတို့ရဲ့အလုပ်ဟာ
တရား ဥပဒေ အထက်ကလူများရဲ့
မတရားမှုကိုခုခံဖို့
မသမာမှုကို
တွန်းလှန်မည့် ခံစစ်ဖြစ်သလို....
သစ္စာတရားအတွက်
ရှေ့ကိုတိုးတဲ့
ထိုးစစ်လည်းဖြစ်တယ်...။

တကယ်က သူတို့ဟာ
ယုံကြည်ချက်ကို
အသက်ထက်ချစ်သူ..
ဂုဏ်သိက္ခာကို
ရှင်သန်ခြင်းထက်မြတ်နိုးသူ...

ညွှန်ကြားရေးမှူး ပြောတာကတော့ ဒီကိစ္စက သူတို့လုပ်တာ မဟုတ်ပါဘူး၊ အထက်က တာဝန်အရှိဆုံး လူကြီး ၂ ယောက်က လုပ်တာပါလို့ ဆန္ဒပြမှုကို နောက်ဆုတ်အောင် တောင်းပန်ခဲ့တယ်ဆိုတာ သိရတယ်။ သူတို့ ဘယ်လိုပဲ တောင်းပန် တောင်းပန် အမှန်တရားအတွက်၊ တရား မျှတမှုအတွက် အရာအားလုံးကို ရင်ဆိုင်ရဲတဲ့ ရဲဘော်တွေဟာ တိုက်ပွဲကို မကြောက်ရွံ့ခဲ့ဘူး။

သူတို့ တိုက်ပွဲဝင်သူတွေကို များပြားလှတဲ့ သာယာဝတီထောင်ရဲ့ တိုက်ခန်းတွေထဲမှာ နေရာရွှေ့ပြီး ကျန်တဲ့သူတွေနဲ့ အဆက်အသွယ် ဖြတ်ထားလိုက်တယ်။ အယ်လ်နီညို အပူလှိုင်း အစွမ်းကုန် အစွမ်းပြနေတဲ့ နေ့ရက်တွေမှာ သူတို့ကို ရေဖြတ် လိုက်တယ်။ ထမင်းအသက် ၇ ရက် ခံတဲ့ အချိန်မှာ ရေအသက်ဟာ တမနက်ပဲ ရှိပါတယ်။ ရေဓာတ်ကုန်ခမ်းတဲ့ ဒဏ်ကို သူတို့တွေ ကြာရှည် မခံစားနိုင်ကြပါဘူး။ တယောက်ပြီး တယောက် မေ့မြောကုန်ကြ ပါတယ်။ ဟိုရှေ့က ကြားခဲ့ဖူးတဲ့ အစာငတ်ခံ ဆန္ဒပြမှုတွေဟာ ရက်ရှည်ရှည် ခံနိုင်ရည် ရှိခဲ့ကြပါတယ်။ မေ့မြောသွားစဉ် ကျန်တဲ့ ရဲဘော်တွေ ဆေးကုသမှု ခံယူခဲ့ပေမဲ့ နောက်ဆုံးအထိ တိုက်ပွဲဝင်သွားသူကတော့ ...

ဆရာတော် ဦးဝိစာရဟာ
ရက်ပေါင်း ၁၀၀ ကျော်တဲ့အထိ..
ကျွန်းတိုက်ပွဲက ရဲဘော်များဟာ
ရက်ပေါင်း ၅၀ ကျော်တဲ့ အထိ..
ဒါပေမယ့် သူ့ကျတော့......

အယ်လ်နီညိုနဲ့
မာန်တက်နေတဲ့ မိုးမင်းကြီးတောင်
ကိုအောင်ကျော်မိုးကြောင့်
မေ ၁၆ ရက်နေ့မှာ
မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတယ်။

မေလ ၁၆ ရက်နေ့မှာ ကိုအောင်ကျော်မိုး ကျဆုံးခဲ့တယ်။ သူရဲဘောကြောင်တဲ့ အာဏာရှင်တွေဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ကြောက်ဒူးတုန်နေကြတယ်။ ပုံမှန် လွတ်ရက်စေ့နေသူတွေကိုတောင် ပြန်မလွှတ်ပေးရဲဘဲ အကြောင်းအ မျိုးမျိုးပြ တားဆီးတယ်။ သူတို့တွေ ကြောက်ရွံ့တုန်လှုပ်နေချိန်မှာ အမှန်တရားအတွက် ရဲဝံ့စွာ ရင်ဆိုင်ခဲ့သူတွေကတော့ ထောင်တိုင်း ထောင်တိုင်းမှာ ရှိနေဆဲပဲ။ သည်အထဲမှာ ကိုအောင်ကျော်မိုးလို အသက်ကို ပေးဆပ်ပြီး သစ္စာတရား ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့သူလည်း ရှိခဲ့တယ်။ သေခြင်းတရားကို ရဲဝံ့စွာ ရင်ဆိုင်ပြီး မတရားမှုကို ဆန့်ကျင်ပြခဲ့တယ်။ ဒီထက်ပြောင်မြောက်တဲ့ စွန့်လွှတ်မှု ဘယ်မှာ ရှိတော့မလဲ။ ဒီလို သူရဲကောင်းတွေကို တန်ဖိုးထားရမယ်။ သူတို့ဟာ အမှန်တရားကို အသက်ထက် ချစ်သူတွေ ဖြစ်တယ်။ သူတို့ ကိုင်စွဲထားတဲ့ သစ္စာတရားရဲ့ မြည်ဟည်းသံကတော့ ကမ္ဘာတည်သရွေ့ ပဲ့တင် ထပ်နေဦးမှာ ဖြစ်တယ်။

ဆရာတော် ဦးဝိစာရကို
သူ့ခေတ်ရဲ့ သူရဲကောင်းအဖြစ်
နှောင်းလူတွေ
ဦးညွှတ်ကြ....
ဂုဏ်ပြုကြ....
တန်ဖိုးထားကြ....

တို့ခေတ်ရောက်မှ ရိုင်းကြရတော့မှာလား
စစ်ပြိတ္တာတွေက
ငါတို့သမိုင်ကို
ချောင်ထိုးထား
ပါးစပ်မဟရဲအောင်လုပ်ထားပေမယ့်
ငါတို့ခေတ်ရဲ့
အပြောင်မြောက်ဆုံးသော
သူရဲကောင်းအကြောင်းကိုပြောမယ်။

ကိုအောင်ကျော်မိုးရေ ....
အတိုဆုံးသော ဒီဂုဏ်ပြုကဗျာလေးရဲ့
အကျယ်လောင်ဆုံးသော မြည်ဟည်းသံကို
လူသားအားလုံး ကြားသိစေ.....
ခေတ်တိုင်းရဲ့ လူသားတိုင်းကြားသိစေ....
ကမ္ဘာတည်သရွေ့ ကြားသိစေ.....။

အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံလည်း ဖြစ်ပါသည်။