အခန်းဆက် သစ္စာ

Thursday, 15 September 2011 18:24 အောက်မေ့ဖွယ်
Print
“သစ္စာမြည်းဟည်းသံ” ဆောင်းပါး ဧရာဝတီမှာ ပါပြီးတဲ့နောက် ကိုအောင်ကျော်မိုးနဲ့ ပတ်သက်ပြီး ဟိုကဒီက မေးမြန်း လာပါတယ်။

တကယ်က ကိုအောင်ကျော်မိုး ကိစ္စဟာ သိရှိသူအားလုံးက ကိုယ်သိတာကို မခြွင်းမချန် ပြောကြားရမယ့် ကိစ္စဖြစ်ပါတယ်။ တတိုင်းတပြည်လုံး ဒုက္ခငရဲက လွတ်ဖို့ ကြိုးပမ်းရင်း မသမာမှုတွေကို အသက်ပေး ခုခံသွားသူ တယောက်ရဲ့ သတ္တိမှတ်တမ်းဟာ ဘယ်သူမှ မသိရှိဘဲ တိမ်မြုပ်ပြောက်ကွယ် မသွားသင့်ပါဘူး။ မအေးအေးမိုးဆီက “ဦးပဉ္ဇင်းဘုရား ကိုအောင်ကျော်မိုး ကိစ္စနဲ့ ပတ်သက်ပြီး ကိုခွန်စိုင်းက လျှောက်ထား ခိုင်းပါတယ်၊ ကိုအောင်ကျော်မိုးနဲ့ အတူ အစာငတ်ခံ ဆန္ဒပြတဲ့ ကိုခင်မောင်ကြည်ဟာ ရွှေဘိုထောင်ကို ထောင်ပြောင်း ခံရပါတယ် ဘုရား။ ရွှေဘိုထောင်မှာ ကိုခွန်စိုင်းနဲ့ အတူနေရစဉ် ကိုခင်မောင်ကြည် ပြောတာက ကိုအောင်ကျော်မိုး ကျဆုံးသွားခြင်းဟာ အာဏာပိုင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံရလို့ ကျဆုံးသွားတယ်လို့ သူ သိခဲ့ရတယ်လို့ ဆိုပါတယ် ဘုရား။ အရှင်ဘုရားကော ဘယ်လို သိထားပါသလဲဘုရား” ဆိုပြီး ဖုန်းဆက် မေးမြန်း လာပါတယ်။alt

တကယ်တော့ ဒီကိစ္စဟာ သမိုင်းဆိုင်ရာ ကိစ္စ ဖြစ်နေပါတယ်။ အာဇာနည်ပီပီ အာဏာရှင်ကို ရင်ဆိုင်သွားသူရဲ့ သမိုင်းဟာ တခမ်းတနား ရှိနေရမည့်ကိစ္စပါ။ အစာငတ်ခံ ဆန္ဒပြတဲ့သူတွေဟာ ဦးပဉ္ဇင်းတို့နဲ့ အတူတူ တတိုက်တည်း နေသူတွေပါ။ တကယ်ကို တိတိကျကျ သိပြီး သေသေချာချာ ရေးရမယ့်ကိစ္စပါ။ ဦးပဉ္ဇင်း ဒီကိစ္စမှာ ကိုယ်သိရှိ လိုက်တာကို ရေးပြခြင်းပါ။ အဲဒီအချိန်က သူတို့ အစာငတ်ခံ ဆန္ဒပြဖို့ ထောင်အာဏာပိုင်ကို အကြောင်းကြားပြီး တိုက်ကနေ ထွက်ခွာ သွားပြီးတဲ့နောက် တယောက်နဲ့မှ ပြန်မဆုံရတော့ပါဘူး။

သူတို့ အစာငတ်ခံ ဆန္ဒမပြခင် သိရှိလိုက်ရ၊ မြင်တွေ့ လိုက်ရတဲ့ အခင်းအကျင်းလေးကို မှတ်မိသမျှ တင်ပြ ချင်ပါတယ်။ သူတို့ တိုက်ပွဲစမယ့် ၁၉၉၈ မေလ ၁၀ ရက် မတိုင်ခင် ရက်တွေက သူတို့ အမှုတွဲတွေ မကြာခဏ စည်းဝေး တိုင်ပင်နေကြတာကို သိတယ်။ မတရားမှု တခုအတွက် တစုံတခု တုန့်ပြန်ဖို့ ဆိုတာလောက်ကိုတော့ အကြမ်းဖျင်း ခန့်မှန်းမိတယ်။ ထောင်ဝန်ထမ်းတွေ မသိရှိအောင် ဝိုင်းဝန်း ကင်းစောင့်ပေးကြပြီး သူတို့ကို ဝိုင်းဝန်း ကူညီခဲ့ကြတယ်။

ကျွန်းပြန် ဦးအောင်မေသုဆီက ကျွန်းတိုက်ပွဲ အတွေ့အကြုံတွေကို သူတို့ ရယူကြတယ်။ ဒီတိုက်ပွဲမှာ တိုက်ပွဲကို သဘောတူသူတွေ၊ သဘောမတူသူတွေ ကွဲသွားတယ်လို့ သိရတယ်။ ဦးအောင်မေသုက တိုက်ပွဲကို မထောက်ခံ သော်လည်း သူကြုံတွေ့ဖူးတဲ့ တိုက်ပွဲအတွေ့အကြုံတွေကို ပြောပြပေးခဲ့တယ်။ ကိုအောင်ကျော်မိုးဟာ အစ ပထမက ဒီအစာငတ်ခံ ဆန္ဒပြပွဲကို မထောက်ခံတဲ့ ဘက်က ရှိနေခဲ့တယ်လို့ သိရတယ်။ နောက်ပိုင်းမှ သူက တိုက်ပွဲထဲ ပါလာသူ ဖြစ်ပါတယ်။ မေလ ၁၀ ရက်မတိုင်ခင် သူတို့ လှုပ်ရှားမှုတွေထဲမှာ ထောပတ်ကို ရှာဖွေနေတာ တွေ့ရတယ်။ ဒီတာဝန်ကို ကိုဇော်ဇော်အောင်က ယူထားတယ်။

မေလ ၁၀ ရက် မနက်ခင်းမှာတော့ တန်းဖွင့်သံချောင်း ခေါက်လို့ အခန်းတံခါးတွေ ဖွင့်ပြီးပြီးချင်း လူနှစ်ယောက် ဦးပဉ္ဇင်းဆီ ရောက်လာတယ်။ သဲကုန်းက ဦးအောင်သန်းနဲ့ မှော်ဘီက ကိုခင်မောင်ကြည်တို့ပါ။ ကိုခင်မောင်ကြည် က မှော်ဘီမှာသာ နေတယ်၊ ဇာတိက ရွှေဘိုသားပါ။

“တပည့်တော်တို့ အစာငတ်ခံ ဆန္ဒပြကြတော့မယ်၊ တပည့်တော်တို့ကို သရဏဂုံ တင်ပေးပါ”

ဒီစကား ကြားရမှ သူတို့ စည်းဝေး တိုင်ပင်ကြတဲ့ ကိစ္စဟာ ဒါ ဆိုတာ သဘောပေါက်တယ်။ ဦးပဉ္ဇင်းလည်း ငါးပါးသီလ ပေးပြီး သူတို့ကို သရဏဂုံ ဆောက်တည် ပေးလိုက်တယ်။ မကြာခင် သူတို့ ၇ ယောက် ထောင် အာဏာပိုင်ကို အကြောင်းကြားပြီး အာဏာပိုင် ရှိရာကို ထွက်ခွာသွားကြတယ်။ အာဏာပိုင်က သူတို့ကို စဉ်းစားကြဖို့ ဖျောင်းဖျပြောဆိုပြီး ပြန်လွှတ်လိုက်တယ်။ တိုက်ကို သူတို့ ခဏ ပြန်ရောက်လာပြီး ထောက်လှမ်း ရေးက သူတို့ကို ခေါ်တွေ့တယ်။ ချော့တခါ၊ ချောက်တလှည့် စကားတွေနဲ့ သူတို့ကို အစာငတ်ခံ ဆန္ဒပြပွဲ မဖြစ်အောင် နည်းမျိုးစုံနဲ့ ဖြိုခွဲဖို့ ကြိုးစားကြောင်း သိရတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကို အပီအပြင် ချထားပြီးတဲ့ သူတို့ရဲ့ ဆန္ဒကို နောက်ဆုတ်အောင် မလုပ်နိုင်ခဲ့ဘူး။

သူတို့ ၇ ယောက်ထဲက တယောက်ဟာ နောက်တနေ့ မနက်မှာ စိုးထိတ် တုန်လှုပ်တဲ့ ပုံစံနဲ့ တိုက်ကို ပြန်ရောက် လာတယ်။ ရန်သူရဲ့ မသမာ ယုတ်ညံ့တဲ့ စရိုက်တွေထဲက တခုသောနည်းနဲ့ ဖြိုခွင်းခြင်းရဲ့ဒဏ်ကို သူမခံနိုင် ခဲ့ရှာဘူး။ ဒါကတော့အနိုင်ကျင့် ခံလိုက်ရတာပါ။ အပြင်က မိသားစုကိုဒုက္ခပေးတဲ့ နည်းနဲ့ ဖြိုခွင်း လိုက်တာပါ။

ဘာမှ မသက်ဆိုင်တဲ့ မိသားစုခမျာ သူတို့ရဲ့ ညှဉ်းပမ်းနှိပ်စက်ခန်းထဲကို ဆွဲခေါ်ထည့်တာ ခံလိုက်ရတယ်။
ည ၈ နာရီလောက်မှာ ထောင်ကို တာဝန်ယူရတဲ့ ထောက်လှမ်းရေးဟာ ရေးကြီး သုတ်ပျာနဲ့ ရောက်လာတယ်။

“ခင်ဗျားကို ဟိုနေ့က ထောင်ဝင်စာ လာတွေ့တဲ့သူဟာ ခင်ဗျားနဲ့ ဘာမှ မတော်ဘူး မဟုတ်လား” လို့ လာမေးတာပါ။

သူတို့တွေရဲ့ ပြင်ဆင်မှုတွေထဲက တခုဟာ ခုနက ထောင်ဝင်စာ လာတွေ့တယ်ဆိုတဲ့ လူနဲ့ သက်ဆိုင်နေတယ်။ အဲဒီလူကနေ သတင်းစကားတွေ အပြင်ကို ပါးလိုက်နိုင်တာကိုး။ သတင်းစကားက ဒေါ်အောင်ဆန်းစုကြည်ဆီကို ရောက်နေပြီ။ သူတို့ စိုးရိမ်တာကလည်း ဒီကိစ္စပါပဲ။ လျှို့ဝှက်ပြီး ကျိတ်ဖြေရှင်း ချင်ကြတာ။ လူတွေ မသိစေ ချင်ဘူးလေ။ အခုတော့ တကယ့် ရပ်ကျော် ရွာကျော် ဖြစ်ရတော့မယ်ဆိုတော့ စိုရိမ်းစိတ် ဒီဂရီက ပိုတိုးလာကြပြီ။

ထောင်ထဲမှာ အခုလို အစာငတ်ခံ ဆန္ဒပြတဲ့ ကိစ္စဟာ ကျိတ်ပြီး အဖြေရှင်းခံရပြီဆိုရင် ကိုယ့်ဘက်က ရှုံးဖို့ သေချာနေပြီ။ ဒီတော့ ထောင်ထဲ ဆန္ဒပြမယ့် သူတွေအတွက် စစ်အစိုးရ လက်ထက်  ဖြတ်သန်းမှုတွေက ပညာတွေ တခုပြီးတခု တိုးလာစေတာပါပဲ။ ထောင်ထဲက နိုင်ငံရေးသမားတွေရဲ့ ဒီ တွေ့ရှိချက်ဟာ မှန်ကန် နေတယ် ဆိုတာ သေချာနေတယ်။ အပြင် မီဒီယာတွေရဲ့ ပံ့ပိုးမှုဟာ ထောင်ထဲမှာ သူတို့ စိတ်ကြိုက် စီမံ ဖြေရှင်းလို့ မရတော့တာပါပဲ။ အခု အစာငတ်ခံ ဆန္ဒပြမှုကိုလည်း စစခြင်း သတင်းဌာနတွေက တာဝန်ကျေကျေ ထုတ်လွှင့် ပေးခဲ့ပါတယ်။

စိုးရိမ်စိတ် ကြီးတဲ့ အာဏာရှင်ဟာ အောက်က တာဝန်ရှိသူတွေကို ဖိအားတွေ ပေးပုံရတယ်။ ထောင်ကို အုပ်ချုပ်နေရတဲ့ ထောင်အရာရှိတွေဟာ သူတို့မှားနေတယ် ဆိုတာကို သဘောပေါက်တယ်။ သူတို့ရဲ့ မတရားမှုကြောင့် ဒီကိစ္စ ဖြစ်ပေါ်လာတယ် ဆိုတာ သူတို့မသိဘဲ နေပါ့မလား။ ဒီ အစာငတ်ခံ ဆန္ဒပြနေမှုကို အမြန်ဆုံး ပြီးအောင် ဖိအားတွေ ပေးနေတယ် ဆိုတာ သူတို့ပြောစကားတွေက ပြနေတယ်။

ထောင်ဥပဒေမှာ အကျဉ်သားတိုင်းဟာ သုံးလတကြိမ် လျှော့ရက် ခံစားမှု ရကို ရရမှာ ဖြစ်တယ်။ ဒါပေမယ့် ထောင်ဆိုတာ စတင် ဖြစ်ပေါ်ကတည်းက တည်ရှိခဲ့တဲ့ ဥပဒေဟာ စစ်အစိုးရ လက်ထက်မှာ အဖျက်ဆီး ခံလိုက်ရပါပြီ။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး ဆိုတဲ့စကားဟာ တကယ်တော့ စစ်အစိုးရ လက်ထက်မှာ လူကြားကောင်းအောင် ပြောနေတဲ့ စကားဆိုတာ သေချာပါတယ်။

အခု ထောင်က လွတ်ရက်စေ့ပေမယ့် လျှော့ရက် ခံစားခွင့်တွေကို အားလုံး ပယ်ဖျက်ခံလိုက်ရလို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာပါ။ ဒီ ပြဿနာကို ထောင်က တာဝန်မခံပါဘူး။ ဒါပေမယ့် အထက်က အကြီးဆုံး လူကြီးတွေဟာ ညွှန်ကြားရေးမှူး ဦးရွှေကျော်ကို တာဝန်ခံလုပ်ပြီး ဖြေရှင်းခိုင်းတယ်။ အထက်ကို ကြောက်ရတဲ့ ညွှန်မှူးဟာ လာတော့ ဖြေရှင်း ပါတယ်။ ဒီကိစ္စဟာ အထက်က တာဝန်အရှိဆုံး လူကြီးနှစ်ယောက်က လုပ်တာပါ ဆိုတဲ့ စကားကိုလည်း ပြောရင်း ဆန္ဒပြ နေသူတွေကို အသိပေးပြန်တယ်။ အထက်က လူကြီး နှစ်ယောက် ဆိုတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ယခင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ဆိုတာ သိရတယ်။

ဆန္ဒပြသူတွေ ထွက်ခွာသွားတဲ့ အချိန်က စပြီး နောက်ပိုင်း ပြန်မတွေ့ရတော့အောင် ထောင်က စီမံထားပါတယ်။ ဒါပေမယ့် မုန့်တချပ်၊ ကော်ဖီ တထုပ်လောက် ကျွေးရုံနဲ့ လုပ်ပေးတတ်ကြတဲ့ ဝန်ထမ်းတွေရှိသလို၊ တကယ်ကို နိုင်ငံရေး သမားတွေကို တလေးတစားရှိတဲ့ ဝန်ထမ်းတွေလည်း ရှိနေပါတယ်။ ဝန်ထမ်းတွေနဲ့ နှစ်ရှည်လများ နေလာရတော့ ဘယ်သူက ဘယ်စိတ် ရှိနေတယ် ဆိုတာကို နိုင်ငံရေး သမားတွေကလည်း သိနေကြပြီ။ ဘယ်လိုပဲ ပိတ်ဆို့ထားထား သတင်းစကား တွေကတော့ တခုပြီးတခု ရောက်လာ တာပါပဲ။

သုံးရက်မြောက် ညရဲ့ ၁ နာရီထိုးလောက်မှာ ဆန္ဒပြတဲ့အထဲ ပါနေသူ လူတယောက် နာမည်ကို ပြောပြီး သူ့ဆီ ဆန်ပြုတ်သွားပို့ချေ ဆိုတဲ့ စကား ပြောသံ ကြားလိုက်ရတယ်။ ထောင်ထဲ အစာငတ်ခံ ဆန္ဒပြကြတယ် ဆိုတာ တသုတ်ပြီး တသုတ် ဆက်တိုက် ဝင်လာတတ်တာကိုး။ ထောင်က သူတို့ အတွေ့အကြုံအရ သိထားကြတော့ နောက်ထပ် ဝင်လာတဲ့သူများ တကယ်လို့ ရှိနေရင် မင်းတို့ လူတော့ တိုက်ပွဲထဲ မရှိတော့ ဘူးဆိုပြီး နောက်လူ တွေကို ဟန့်တားလည်း ပါမယ် ထင်ပါတယ်။

ဒီလိုနဲ့ မေလ ၁၇ ရက်နေ့ အရောက်မှာ ဦးပဉ္ဇင်းတို့ အတွက်တော့ တိုင်းပြည်ချစ် ဝန်ထမ်း၊ သူတို့အတွက်တော့ သစ္စာဖောက် ဝန်ထမ်းတယောက်ရဲ့ အသိပေးမှုနဲ့ ကိုအောင်ကျော်မိုး ကျဆုံး သွားပြီဆိုတာ သိလိုက်ရတယ်။
နောက်တော့ ထောင်ဆရာဝန်ရဲ့ ဆေးစာကို ဖတ်လိုက်ရသူ တဦးရဲ့ ပြန်ပြောစကားအရ ကိုအောင်ကျော်မိုးရဲ့ ဦးခေါင်းမှာ ဒဏ်ရာတချက် တွေ့ရှိရတယ်လို့ သိလိုက်ရတယ်။ နောက်တော့ သာယာဝတီမှာ တလလောက်ပဲ ထားပြီး သူတို့တွေကို ထောင်ပြောင်းလိုက်တယ်။ မှော်ဘီ လိပ်စာနဲ့ ထောင်ကျခဲ့တဲ့ ကိုခင်မောင်ကြည်ကို ဒုက္ခတွေ ပိုရောက်စမ်းကွာ ဆိုပြီး ပြောင်းလိုက်တဲ့ထောင်က ရွှေဘိုထောင်ကိုပါ (သူ ရွှေဘိုသား စစ်စစ် ဖြစ်တယ်ဆိုတာကိုသာ ပို့လိုက်တဲ့ ထောက်လှမ်းရေး သိရရင် ငိုချင်းချလောက်မယ်။ ငါတို့က ဒုက္ခရောက်အောင် သေချာစီမံ ထားရက်နဲ့ ဒီလူ ဒုက္ခမရောက်ရ လေခြင်းလို့)

ကိုခင်မောင်ကြည် ရွှေဘိုရောက်တော့ ကိုခွန်စိုင်းနဲ့ သူတို့ ဆုံကြပြီး အဖြစ်အပျက်တွေ ကြားသိခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဦးပဉ္ဇင်းက တကယ်တိုက်ပွဲဝင်ခဲ့ သူတွေနဲ့လည်း တခါမှ ပြန်မဆုံတော့ ပြီးခဲ့တဲ့ ဆောင်းပါးမှာ သာမန်ပဲ ရေးလိုက်တယ်။ အဲဒီ ဆောင်းပါး ပါပြီးနောက်ပိုင်း ဟိုက၊ သည်က မေးလာတာတွေ၊ ပြောလာတာတွေကြောင့် ဒီအခန်းဆက်သစ္စာကို ဆက်ရေး ဖြစ်တယ်။ အထူးသဖြင့် ဆန္ဒပြပွဲမှာ ကိုယ်တိုင် ပါခဲ့သူ တဦးဖြစ်တဲ့ ကိုကျော်ဦးညို ပြောလာတဲ့ စကားက တခြားသူတွေကို ပိုပြီး အသိပေးချင်စိတ် ဖြစ်စေခဲ့တာပါ။

“ဦးပဉ္ဇင်းရေ ဆောင်းပါးရေးတာ ဖတ်ရတယ်၊ ကောင်းပါတယ် ဦးပဉ္ဇင်းရယ်” 
“ကိုကျော်ဦးညိုရေ ခင်ဗျားက ကိုယ်တိုင် ပါခဲ့သူဗျ။ မှတ်မိသလောက်ကို ပြောပြပေးပါဦး”

ဦးပဉ္ဇင်းရဲ့ တောင်းဆိုချက်နဲ့ သူက မှတ်မိသလောက်၊ သူသိသမျှကို ပြောပြတယ်။

“ဦးပဉ္ဇင်း။ တကယ်က ကိုအောင်ကျော်မိုးဟာ အစာငတ်ခံ ဆန္ဒပြလို့ ကျဆုံးတာ မဟုတ်ဘူးဗျ။ သူတို့ သတ်လိုက်တာ”

ကိုယ်တိုင်ပါဝင်ခဲ့သူ တယောက်ရဲ့ စကားဟာ အဓိက အရေးပါ နေတယ်။ သိလည်း သိချင်လာတယ်။ သူဆက်ပြောမယ့် စကားကို စိတ်ဝင်တစား နားထောင်မိတော့ “တပည့်တော် သေချာကို သိနေတာ တခု ရှိတယ် ကိုအောင်ကျော်မိုးက တပည့်တော်တို့ အထဲမှာ ခံနိုင်ရည်ကော၊ စိတ်ဓာတ်ကော အမာဆုံးသူ။ ကျန်တဲ့သူတွေ မေ့မျော လဲကျသွားပြီး သူတို့တွေ ထမ်းထုတ်သွားတာ ခံရပေမယ့် ကိုအောင်ကျော်မိုးက အားလုံး သတိ ရှိနေတယ်။ ပြီးတော့ တပည့်တော်ဆီ လှမ်းလှမ်းပြီး ကိုညိုကြီးရေ တောင့်ထား၊ တောင့်ထား လို့ မကြာမကြာ လှမ်းပြောတယ်။ တပည့်တော်လည်း အားအင်တွေ ချိနဲ့နေပေမယ့် ပြောစကားတွေ အသံတွေကို သေချာ သိနေတယ်။ သူ့ဆီ ဦးတည်ပြီး လာနေတဲ့ ခြေသံကို တပည့်တော် ကြားနေရတယ်။ နောက် အထဲနဲ့ အပြင် အပြန်အလှန် အော်သံတွေ ကြားနေရတယ်။ အဲဒီ အချိန်မှာ ဟေ့ကောင် မင်းကို ငါတို့ သတ်ပစ်လို့ရတယ် သိလား ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ တံခါးဖွင့်သံ၊ နောက် ဝရုန်းသုန်းကား အသံတွေကို ကြားရတယ်။ အပြင်က အော်တဲ့အသံဟာ ထောင်မှူး အောင်ဘော်ဦးဗျ။ သူ့အသံကို ကောင်းကောင်း မှတ်မိတယ်”

ကိုကျော်ဦးညိုက ကိုယ်တိုင် ပါဝင်ခဲ့သူ။ ဦးပဉ္ဇင်းတို့ သိခဲ့ရတဲ့ သတင်းစကား တွေထဲမှာ ကိုအောင်ကျော်မိုး ခေါင်းမှာ ဒဏ်ရာ တွေ့ရှိတယ် ဆိုတဲ့စကားနဲ့ သူပြောပြတဲ့ စကား အားလုံး ဆက်စပ်ပြီး တွေးနေ မိတော့တယ်။

တာဝန်ခံပြီး လာဖြေရှင်းတဲ့ ညွန်မှူးလည်း သူ့တာဝန်ပေါင်း များစွာရဲ့ ဒဏ်ရာကို မခံနိုင်ရှာဘဲ မကြာသော ကာလ တခုမှာ သူ့ကိုယ်သူ အပြစ်ပေးတဲ့ အနေနဲ့ အဆုံးစီရင် သွားရှာပြီ။

ဒါပေမယ့် အဓိက တာဝန်ရှိပြီး အခုလို ပြဿနာ ဖြစ်အောင် လုပ်လိုက်တဲ့ ထိပ်ဆုံးက နှစ်ယောက် ကကော ဘာတွေ တာဝန်ခံပြီး ဘာတွေ တာဝန်ယူဦးမယ် မသိသေးပါဘူး။ အကုသိုလ် လုပ်သူဟာ အကုသိုလ်ကို ကိုယ်က တာဝန်ခံ ရပါလိမ့်မယ်။ အကုသိုလ်ရဲ့ တာဝန်ကိုကော၊ တရားဥပဒေ တာဝန်ကော၊ သမိုင်းက ပေးမယ့် အပြစ်ဒဏ် ကိုကော တာဝန်ခံ ကြရပါဦးမယ်။  ။

အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံလည်း ဖြစ်ပါသည်။