သော့ခတ်ထားသော အင်တာနက်နှင့် ဆင်ဆာစလောင်း

၎ နှစ်ဆိုသော်လည်း မနေ့တနေ့ကလို ဘာမှ မကြာလိုက်ဘူး ထင်ရသည်။

၈ နှစ်တာခန့် ပျော်ပိုက်ခဲ့သော မြန်မာပြည်တွင်းက စာနယ်ဇင်းလောကကို စိတ်လိုက်မာန်ပါ ကျောခိုင်းခဲ့သည့် အကြောင်းတရားများထဲမှ တခုအဖြစ် ထိုကာလကို ပြန်ပြောင်းသတိရမိသည်။ ထိုစဉ်က ရွှေဝါရောင် သင်္ကန်းများနှင့် မေတ္တာပို့သံများ ရန်ကုန်မြို့ ပေါ်က လမ်းများပေါ်တွင် လွှမ်းခဲ့ဖူးသည်။ ပခုက္ကူမြို့က သံဃာတော်များ အနိုင်ကျင့် အစော်ကားခံရသည့် ဖြစ်ရပ် နောက်ဆက်တွဲ အနေဖြင့် လမ်းမများပေါ်တွင် သံဃာတော်များ မေတ္တာပို့ဆုတောင်းသံတို့ကို ရန်ကုန် မြို့လူထု ကြားကြရသည်။

burma-monk-protest“အေးချမ်းကြပါစေ … ငြိမ်းချမ်းကြပါစေ” ဆိုသော အသံများ၊ ခြေဗလာ သင်္ကန်းတလွှားလွှား လျင်မြန်သော အဟုန်ဖြင့် လျှောက်သွားသည့် ဖြတ်ခနဲ ပုံရိပ်များ။ တက္ကသိုလ်ကျောင်းသားများက စာမေးပွဲခန်းထဲမဝင်တော့ဘဲ သံဃာတော်များအား အကာအကွယ်ပေးသည့် အနေဖြင့် လက်ခြင်းဆက်ထားကြသည့် မြင်ကွင်းများ၊ ပထမရက်များတွင် အံ့သြတကြီး ကြည့်နေသည့် မြို့လူထု၊ ထို့နောက် လက်ခုပ်သံများ၊ အအေးဗူးများနှင့်ရေဗူးများကို အပြေးဝယ်ကြ၊ သံဃာတော်များအား ကပ်ကြ။

တရက်၊ နှစ်ရက်၊ သုံးရက်မှသည် ၄၊ ၅၊ ၆ ရက်၊ ၇ ရက်လောက်တွင် မြို့လူထုက သတိထားမိလာသည်၊ တမင်စောင့်ကြည့် လာသည်၊ နောက်တော့ သံဃာတော်များနောက်က လိုက်ပါ လမ်းလျှောက်သည်။ ရက်ဆက် ခရီးဝေးလျှောက်ခဲ့ရ သောကြောင့် ခြေဗလာများ သွေးဖြင့်နီရဲခဲ့ကြသည်၊ မနေနိုင်သော ဒကာများက ခေတ္တ ရပ်ဖို့တောင်းပန်ပြီး ပတ်တီးများ စည်းပေးကြသည်။ လမ်းလျှောက် သံဃာတော် အရေအတွက်၊ လူအရေအတွက် တရက်ထက် တရက် များလာသည်။

ကျမ ရုံးသို့လာရာလမ်း ဖြစ်သည့် ၄၆ လမ်းထိပ်တွင် စစ်ကားများတန်းစီ ရပ်တံ့နေသည်။ တစီး၊ နှစ်စီး၊ သုံးစီးမက၊ အစီးပေါင်းများစွာပေါ်တွင် မျက်နှာသေနှင့် စစ်သားများ။ လက်ပတ်အနီများနှင့် အသင့်အနေအထား ရှိနေသည်။ အမိန့် တစုံတရာကို စောင့်ဆိုင်းနေဟန် ငြိမ်သက်နေသည်။ သံဃာတော်များကတော့ နေ့ဆွမ်းစားပြီးချိန်မှ စ၍ မပျက်မကွက် ထွက်လျှောက်မြဲ။

“ကိုဇာဂနာနဲ့ ကိုကျော်သူတို့တွေ ရွှေတိဂုံဘုရားပေါ်မှာ ဆွမ်းကပ်ကြတာ”
“ဖုန်းထဲကို မက်ဆေ့ခ်ျ ဝင်လာပြီ၊ မြေနီကုန်းရောက်ပြီတဲ့”
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံရှေ့က ဖြတ်နေပြီ”
“ဒေါ်အောင်ဆန်းစုကြည် ထွက်လာတယ်တဲ့”

သတင်းစကား အမျိုးမျိုး ကျမတို့ မီဒီယာတိုက်ခန်းကျယ်ဆီ လွင့်လာသည်။ ထိုကာလတွင် ကျမတို့ မီဒီယာတိုက်ကြီး၌ အင်တာနက် ရှိသည်၊ တီဗီရှိသည်။ သို့သော် ထိုအင်တာနက်က သော့ခတ်ခံထားရသည်၊ ထိုတီဗီက စစ်အစိုးရ စိစစ် ဖြတ်တောက်ပြီးမှ အလွှင့်ခံရသည့် CNN၊ BBC စသည်တို့ကို ဖွင့်ထားသည်။ သံဃာတော်များ သတင်းမပါ။ ရန်ကုန် မြို့လယ်က မီဒီယာ တိုက်ကြီးပေါ်တွင် ထိုင်ရင်း သတင်းအမှောင်ချ ခံထားရသည့် အယ်ဒီတာများကို ပြပါဆိုလျှင် ကျမတို့ပဲ ဖြစ်မည်။

ကျမအလုပ်က သတင်းထောက်အလုပ် မဟုတ်သောကြောင့် အပြင်ထွက်ဖို့ခက်သည်။ ခဏတဖြုတ် လက်ဖက်ရည်သောက် ဆင်းရုံသာ ထွက်နိုင်သည်။ ရုံးမှာထိုင်ပြီး ဖောင်ပိတ်အမီ သတင်းများ၊ ဆောင်းပါးများကိုတည်းဖြတ်၊ ဘာသာပြန်စရာရှိပြန်၊ စာစီသမားများထံ စာမူများချပေး၊ ပရုစစ်နေရသည်။ သတင်းထောက်များကတော့ ကံကောင်းသည်။ အပြင်ထွက်ခွင့်ရများ ဖြစ်သောကြောင့် သူတို့ယူလာသည့် သတင်းစကားကို ကြားပြီး ဘာတွေဖြစ်နေသည်ကို ခန့်မှန်းရသည်။

ညနေ ရုံးအဆင်းကျမှ အင်တာနက်ဆိုင် ကမန်းကတန်းပြေးဝင် သတင်းဖတ်ရသည်။ အမှောင်ထဲကလူ ဖြစ်သောကြောင့် တုံးတယ်ပဲ ဆိုဆို ဘယ်ဝက်ဘ်ဆိုက်တွင် ဘာရှိမှန်းပင်မသိ။ နိုင်ငံခြားရောက်နေသည့် သူငယ်ချင်းများထံ သတင်း လှမ်းမေး ရသည်လည်း ရှိသည်။ ဘယ်လောက် အူကြောင်ကြောင် နိုင်လိုက်ပါသလဲ။ ဘလော့ဂ် ဆိုသည့် အရာ ရှိကြောင်းကို ထိုစဉ် အခါကျမှ တအံ့တသြ သိရသည်။ အင်တာနက်အား သော့ခတ်သိမ်းထားသည့် မီဒီယာတွင် အယ်ဒီတာ လုပ်နေရသူ မဟုတ်လား။

သော့ခတ်ထားသည့် အင်တာနက် ဆိုသည်ကို ကျမ နည်းနည်း ရှင်းပြပါမည်။ ကျမတို့၏ ဆရာသမား တိုက်ပိုင် အယ်ဒီတာချုပ်က ရုံးတွင် အင်တာနက်ဆင်ပြီး လိုင်းခွဲ ၂ ခုထုတ်ထားသည်။ ကြိုး ၂ စ ထုတ်ထားခြင်း ဖြစ်သည်။ ကြိုးတစကို သူ့အခန်းထဲက ကွန်ပျူတာတွင် တပ်၍ ကျန်တစကို ကွန်ပျူတာ တလုံးနှင့် လူတယောက်ဆန့်သာရုံ အခန်းဖွဲ့ တပ်ဆင် ပေးထားသည်။ ထို မှန်ခန်းငယ်ကလေးကို အမြဲသော့ခတ်ထားပြီး အင်တာနက် သုံးလိုသူက သုံးလိုသော အကြောင်းကို ပြော၍ ရုံးအဖွဲ့ထံမှ သော့ကိုတောင်းယူရသည်။ ထို့ကြောင့်ကျမက သော့ခတ်ထားသော အင်တာနက်ဟု ဆိုခြင်းဖြစ်သည်။ ထိုအင်တာနက်ကို အသုံးပြုလို ကြသော်လည်း ရုံးရှိ လူကုန်က ကျားမြီးဆွဲရသည်ထက် ကြောက်ကြသည်။ အသုံးမပြုရဲကြ။

ရွှေဝါရောင် အကြောင်း ပြန်ဆက်ရလျှင် ညနေရုံးအဆင်း အင်တာနက်ဖွင့်ကြည့်ပြီး သိရသည့် သတင်းများနှင့် ကျမတို့ သတင်းထောက်များ ပြန်ပြောသည်ကို ဆက်စပ်ပြီး ခန့်မှန်းကြရသည်။ ညကျတော့ ပြည်ပအခြေစိုက် ရေဒီယိုများ နားထောင်ကြကာ သတင်း အပြည့်အစုံကို သိရသည်။

စက်တင်ဘာ ၂၃ ရက်လောက် ရောက်တော့ ကျမတို့ မနေနိုင်ကြတော့။ သံဃာတော်များ၏ လမ်းလျှောက် မေတ္တာပို့ ဆုတောင်းသံကလည်း ပိုမို ကျယ်လာပြီ၊ လူထုတလည်း လိုက်ပါလာပြီ၊ ကျမတို့၏ တိုက်ပိုင် ဆရာသမားကိုယ်တိုင် သူ့ကားဖြင့် ထွက်ကြည့်ကာ ဓာတ်ပုံ ထွက်ရိုက်နေပြီ။ ကျမတို့ သတင်းထောက်များ၊ အယ်ဒီတာများအားလုံး တနေ့တနေ့ ဒီအကြောင်းပဲ ပြောနေကြသည်။ အစိုးရရုံးများတွင် လုပ်ကိုင်နေသည့် သူငယ်ချင်းများ၏ ပြောစကားအရ သူတို့ ရုံးရောက်သည်နှင့် ပြန်ထွက်ခွင့်မရတော့၊ မနက် ၉ နာရီခွဲလောက်တွင် အစိုးရရုံးသူရုံးသားများ အားလုံး အထဲဝင်ရပြီး တံခါးများ ပိတ်လိုက်ကြသည်။ ညနေ ရုံးဆင်းမှ ထွက်ခွင့်ရသည်။

ကျမတို့ ဆာငတ်သည်က သတင်း။ ညဘက်တွင် သတင်းအတွက် ကျမတို့ အားကိုးအားထားရာက တရုတ်လုပ် ရေဒီယို ကလေးများ ဖြစ်သည်။ အသံလွှင့်ချက်များအရ သတင်းများကို ခန့်မှန်းရသည်။ ထိုကာလက လျှပ်စစ်ပစ္စည်းဆိုင်များတွင် ရေဒီယိုများ ပြတ်လပ်သွားသည်ကို အမှတ်ရသည်။

ရုံးတွင်တော့ မဖြတ်မတောက်သည့် CNN၊ BBC နှင့် ထိုအချိန်က စတင် ခေတ်စားလာသော အယ်လ်ဂျာဇီးယား၊ DVB တို့ကို ကြည့်ချင်သည်။ ကျမနှင့် လုပ်ဖော်ကိုင်ဖက် အယ်ဒီတာတယောက်က ကျမတို့ ဆရာသမားအား တောင်းဆိုသည်။

“ဆရာ ကျနော်တို့ကို စလောင်း တပ်ပေးပါလား။ ဒါမှ ကျနော်တို့ သတင်းတွေ အပ်ဒိတ်ဖြစ်မှာ။ အခုတော့ ကျနော်တို့ ဘာမှ မသိရဘူး။ သူများတွေကြေညာမှ သိရသလို ဖြစ်နေတယ်”

ကျမတို့ ဆရာသမား စဉ်းစားသွားသည်။ လက်ခံသည်။ သူကိုယ်တိုင်လည်း တိုက်ပိုင်ဆိုသည်ထက် သတင်းသမားဟု အမြဲဆိုတတ်သူကိုး။ ထိုအချိန်က သံဃာတော်များ အောင်ပွဲခံရန် နီးစပ်နေပြီဟု သူကိုယ်တိုင်လည်း ယုံကြည်နေပုံရသည်။ ကျမတို့လည်း အပြောင်းအလဲတခု ဖြစ်တော့မလားဟု စိတ်လှုပ်ရှားမိသည်။ အမှန်အတိုင်းပြောရလျှင် လူထုတရပ်လုံး ပါဝင်ခဲ့သည့် ၈၈ ကာလကို ပြန်သတိရပြီး စိတ်ကူးယဉ်ကြည့်မိကြသည်။

၂၄ ရက်နေ့ကျတော့ ကျမတို့ရုံးမှာ ထိုင်မနေနိုင်ကြတော့။ သံဃာတော်များနှင့် လူထု လမ်းလျှောက်သည့်နောက် လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဘယ်လိုပုံစံနှင့် သွားနေလဲ၊ ဘာကြောင့် စစ်အစိုးရက မဖြိုခွင်းသေးတာလဲ၊ အသင့်အနေအထားနှင့် အခြေအနေကို စောင့်ကြည့်နေတာလား၊ ဒါမှမဟုတ် သံဃာတော်များဖြစ်သောကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ပီပီ အရေးမယူဘဲ လွှတ်ပေးထားတာလား ဆိုသည့် လားပေါင်းများစွာဖြင့် ကျမတို့ လိုက်သွားကြသည်။

မြေနီကုန်းရောက်နေပြီ ဆိုသည့်စကားကြောင့် ကျမတို့ မြေနီကုန်းထိ ဘတ်စ်ကား စီးသွားကြသည်။ ဟိုရောက်တော့ သံဃာတော်နှင့် လူတန်းကြီးကို တွေ့လိုက်သည်။ ကျမစိတ်ထဲ ၈၈ အရေးအခင်းကို သွားသတိရမိသည်။ သို့သော် တူတာတော့ မတူ၊ နည်းနည်းတော့ ကွဲနေသည်။ လူထုက အားပေးသည်၊ ကျောင်းသားများပါသည်၊ သို့သော် လူထု အကုန်မပါ အခြေအနေ စောင့်ကြည့်နေပုံ ရသည်၊ အစိုးရဝန်ထမ်းများ ပါခွင့်မရ၊ ကျောင်းသားများက တကွဲတပြားစီ ဖြစ်နေသည်။ ကျမ မျက်မှန်းမတန်းမိသည့် သတင်းသမားများ ဓာတ်ပုံရိုက်နေသည်။

လူတန်းထဲတွင် ကျမ မျက်မှန်းတန်း မိသူ စာပေနယ်မှ လူပိုများသည်။ သံဃာထုကတော့ တနေ့ထက်တနေ့ များလာသည်။ “အေးချမ်းကြပါစေ၊ ငြိမ်းချမ်းကြပါစေ” ဆိုသည့် အသံများ ပိုကျယ်လာသည်။ ကျမတို့ မြေနီကုန်းမှတဆင့် ကြည့်မြင်တိုင်အထိ လိုက်သွားကြသည်။ မြန်မာ့အသံရှေ့ ရောက်တော့ ချန်နေရစ်ခဲ့သည်။ ရုံးပြန်ရဦးမည်၊ အလုပ်က တဝက်တပြက်။

ရုံးပြန်ရောက်တော့ ကျမတို့လိုပဲ ဆန္ဒထုတ်ဖော်သူများနောက် လိုက်၍ ဓာတ်ပုံရိုက်ယူခဲ့သူ ဆရာသမားက တက်ကြွနေသည်။ သူ့ကိုကြည့်၍ ကျမတို့လည်း ဝမ်းသာမိသည်။ ကျမစိတ်ထဲ မျှော်လင့်မိသည့် အပြောင်းအလဲများထဲတွင် စာပေစိစစ်ရေး အောက်က လွတ်မြောက်လိုသည့် အပြောင်းအလဲကို မျှော်လင့်မိခြင်းက ပိုများနေသည်ဟု ဝန်ခံရပါမည်။ နိုင်ငံရေး အပြောင်းအလဲ တခုခုမှသည် မီဒီယာအပြောင်းအလဲ ဖြစ်လာလေမလား။ တပတ် တပတ် စိစစ်ရေးက ဖြုတ်ပယ်လိုက်သော သတင်းများကို ကြည့်ကာ နှမျောနေရသည့်အဖြစ်၊ ဆောင်းပါးရေးလျှင် အနှောင့်လွတ် အသွားလွတ် ရေးနေရသည့် အဖြစ်တို့ကို စိတ်ကုန်လှပြီ။  

၂၅ ရက်နေ့။ မအားလပ်သဖြင့် မေတ္တာပို့ဆုတောင်းသူများ နောက်သို့ မလိုက်နိုင်တော့။ သို့သော် ညနေခင်း ဆူးလေ ဘုရားအကွယ်မှ ထွက်လာသည့် သံဃာထုနှင့် လူတန်းကြီးကို စောင့်ကြည့်ဖြစ်သည်။ သံဃာတော်ကော လူတန်းကြီးပါ မဆုံးနိုင်အောင်ရှည်လျားလှသည်။ ကျမ၏ စိတ်ထဲတွင် မသိုးမသန့် ဖြစ်မိသည့်အချက်ကတော့ ခါတိုင်း နေ့များတွင် သာသနာ့အလံကို အရင်ဆုံးမြင်နေကျ၊ ထိုနေ့က ခွပ်ဒေါင်းအလံကို သာသနာ့အလံများကြားတွင် မြင်တွေ့ လိုက်ရသည်။

ဘေးက ကျမထက် ငယ်သည့် သူငယ်ချင်းအယ်ဒီတာကို ကျမက “မနက်ဖြန်တော့ တခုခုဖြစ်တော့မယ် ထင်တယ်” ဟု ပြောမိသည်။ အထင်ဖြင့် ပြောခြင်း မဟုတ်ကြောင်း ကျမဘာသာသိသည်။ စစ်အစိုးရ၏ လက်စလက်နကို ၈၈ ကာလတုန်း ကတည်းက ကြုံခဲ့ပြီး ဖြစ်သောကြောင့် တကြောင်း၊ စစ်ကားများ၊ လုံထိန်းကားများ အဆင်သင့် အနေအထားဖြင့် ရန်ကုန်မြို့ကြီးကို စစ်မြေပြင်ကဲ့သို့ ဆင်ယင် ထားသောကြောင့်တကြောင်း ခန့်မှန်းပြောလိုက်ခြင်းသာ ဖြစ်သည်။ သူငယ်ချင်းက ရေဗူးများ ဝယ်ပြီး သံဃာတော်များကို ကပ်နေသည်။

ထိုနောက်ပိုင်း ဖြစ်ရပ်များကတော့ အားလုံးအသိပင်။ သံဃာတော်များကို ရိုက်နှက်ဖြိုခွင်းခဲ့သည်။ ရန်ကုန်မြို့ကြီးက တစပြင်သဖွယ် ဖြစ်ခဲ့သည်၊ ဂျပန်သတင်းထောက် ပစ်သတ်ခံရသည်၊ မကြားရတာ ကြာပြီဖြစ်သည့် သေနတ်သံကို ကြားရသည်။ လူစုလူဝေးကြီး၏ ကမ္ဘာမကျေ သီချင်းသံကို မြို့လယ်တွင် ပြန်ကြားရသည်။ ကျမတို့မျက်စိရှေ့တွင်ပင် ရုံးက ကြော်ငြာတာဝန်ခံ ညီမလေးတယောက် သေနတ်သံများကြားမှ ပြေးလာပြီး အကြောက်လွန်ကာ မူးမေ့သတိလစ်သွားသည်။

အဖြစ်အပျက်များက မြန်ဆန်သလို၊ ကောလာဟလများကလည်း အမျိုးမျိုး။ မဂ္ဂင် ကျောင်းတိုက် ဝင်စီးခံရသည့်သတင်း၊ လူများ အစုလိုက်အပြုံလိုက် အဖမ်းခံရသည့်သတင်း၊ သံဃာတော်များ သွေးမြေကျသည့် သတင်းများ။ သို့သော် တချို့ ကိစ္စများအား အကြားနှင့်သာ ခန့်မှန်းနေရခြင်း ဖြစ်သည်။ အင်တာနက်ဆိုင်များကိုလည်း မသွားရဲကြတော့။  မြန်မာ့ ရုပ်မြင်သံကြားကတော့ စတင် ဝါဒဖြန့်သည်။ မေတ္တာပို့ဆုတောင်းသည့် သံဃာတော်များအား သံဃာတုများဟု စွပ်စွဲသည်။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ ကိုယ်တိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ ကျမတို့မှာ ရေဒီယိုများကိုသာ အားကိုးကြရတော့သည်။ ကြားရသမျှ အသည်းတယားယား၊ တောက်တခေါက်ခေါက်။ ပြောင်လိမ်နေသည်ကို သိသိကြီးနှင့် ဒီတိုင်း ထိုင်ကြည့်နေရခြင်းဖြစ်သည်။

မကြာခင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြသည်။ မြင်ရကြားရသူ အားလုံး အလွန်အံ့အားသင့်သွားကြသည်။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်ခံထားရသည်။ အနှစ် ၂၀ နီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး မီဒီယာများ၌ တွေ့လိုက်ရခြင်း ဖြစ်သောကြောင့် လူအများ တအံ့တသြဖြစ်ကြရတာ မဆန်း။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြခွင့် ရသော သတင်းဂျာနယ်များက ဝက်ဝက်ကွဲ ရောင်းရသည်။ ကျမတို့ ဆရာသမားလည်း အတော်ပျော်နေသည်။ သို့သော် ကျမကတော့ မပျော်နိုင်။ လူထုကို လှည့်ဖျားဖို့ ကြိုးစားနေမှန်း သိသိကြီးနှင့် ပျော်နေနိုင်သော ဆရာသမားကိုလည်း အံ့သြသည်။

ဆရာသမား၏ အပြောင်းအလဲကို ကြည့်၍ ကျမတဦးတည်း တော်တော် စိတ်ပျက်မိသည်။ သူ့ စကားလုံးများက ရွှေဝါရောင်ကာလက တမျိုး၊ အနှိမ်နင်းခံလိုက်ရပြီး အစိုးရဝါဒဖြန့် ဒီရေထဲ လိုက်ပါ စီးမျောချိန်၌ တမျိုး။ ကျမ မနှစ်မျို့နိုင်။ ကျမလိုပဲ ကျန်သည့် သတင်းထောက်များ၊ လုပ်ဖော်ကိုင်ဖက် အယ်ဒီတာများလည်း မနှစ်မျို့ကြ။ သို့သော် ပြောလည်း မပြောရဲကြ။

ဒီလိုနှင့် လပတ်အစည်းအဝေး ကျင်းပချိန်ရောက်လာသည်။ ဆရာသမားက လမ်းဖွင့်ပေးသည်။ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို သွားတော့မည်၊ ထိုအချိန်တွင် သူ့သတင်းတိုက်ကလည်း ဒီမိုကရေစီနှင့်အံဝင်ခွင်ကျ ဖြစ်နေရမည်၊ ထို့ကြောင့် သူ့ဝန်ထမ်းများကလည်း ဒီမိုကရေစီဆန်ဆန် စကားပြောတတ်ရမည် စသည်ဖြင့် နားထောင်ကောင်းသော စကားလုံးများကို တန်ဆာဆင် ပြောဆိုတော့သည်။ ကျမကတော့ အတွေ့အကြုံအရ အန္တရာယ်ရနံ့ကို ခံစားမိသည်။ သနားစရာကောင်းသည်က ကျမနှင့် လုပ်ဖော်ကိုင်ဖက် အယ်ဒီတာ မောင်ငယ် ဖြစ်သည်။

ဆရာသမား၏ ဒီမိုကရေစီ တွင်တွင်သုံးသော မိန့်ခွန်းကြောင့် အားတက်သွား၍ ထင်သည် ရွှေဝါရောင်လှုပ်ရှားမှု ကာလက ကျမတို့ တောင်းဆိုခဲ့သည့် စလောင်းတပ်ပေးရေးကိစ္စကို ပြန်အစဖော်သည်။ သတင်းတွေ အချိန်နှင့်တပြေးညီ သိရရန် စလောင်းက အရေးကြီးသည် မဟုတ်လား။

သို့သော် ဆရာသမားက လှလှပပကလေး ရူးချင်ယောင် ဆောင်လိုက်သည်။

“မင်းတို့ကို ဆရာ စလောင်းတပ်ပေးချင်ပါတယ်။ ဒါပေမယ့် မင်းတို့က စလောင်းတပ်ပေးရင် သတင်းနားထောင်မှာ မဟုတ်ဘူး။ ရုပ်ရှင်ကြည့်နေကြမှာ။ မဖြစ်ပါဘူး။ မတပ်ပေးတော့ဘူး” ဆိုသည့်စကားများ ပြောလာသည်။ ကျမက မျှော်လင့်ပြီးသား။ သတင်းမကြည့်ဘဲ ရုပ်ရှင်ထိုင်ကြည့်နေရလောက်အောင် ကျမတို့အားလုံး ကလေးများ မဟုတ်ကြတော့ ဆိုသည်ကို စိတ်ထဲကသာ ပြောဖြစ်သည်။ စလောင်းကို ဒီမိုကရေစီကျကျ တောင်းခံမိသော မောင်ငယ်အယ်ဒီတာကတော့ မှတ်သွားပြီ။

ကျမလည်း မှတ်သွားသည်။ ပြောင်လိမ်သည့် စစ်အစိုးရ၊ ရူးချင်ယောင်ဆောင်သော ဆရာသမား၊ အင်္ဂါမစုံသော ပုဂ္ဂလိက သတင်းဂျာနယ်များ၊ သတင်းဂျာနယ် ဈေးကွက်ကြီးအတွင်း အိမ်ကြက်ချင်း ခွပ်နေကြသော မီဒီယာသမားအမည်ခံများ။ အစကတည်းက သိသော်လည်း ထိုအချိန်တွင်တော့ လက်ပါမြှောက်မိတော့သည်။

ရွှေဝါရောင်အပြီးတွင် စစ်အစိုးရ၏ ကမ်းကုန်အောင် ဆိုးရွားရက်စက်မှုကို ကျမတို့အားလုံး မျက်ဝါးထင်ထင် မြင်လိုက်ကြရပြီ။ ထိုဆိုးရွားမှု၊ ပုပ်ပွ နံစော်နေမှုများကို အများပြည်သူ သိရှိစေရန် ရေးသားဖော်ပြခွင့်မရှိသည်ကို ထားဦး၊ ကျမတို့ ဂျာနယ်တိုက် ကလေး အတွင်းတွင်တော့ လွတ်လပ်စွာ ပြောဆိုခွင့် ရချင်မိသည်။ အချင်းချင်း လွတ်လပ်စွာ သတင်းဖလှယ်ခွင့်၊ မနှစ်သက် သည်ကို ဝေဖန်ခွင့် အနည်းငယ်ဖြစ်ဖြစ် လိုချင်မိသည်။ ကန်းနေသော၊ ပင်းနေသော မီဒီယာသမားတော့ မဖြစ်လိုပါ။

ဤစာကို ရေးနေရခြင်းက ကျမဆရာသမားကို တိုက်ခိုက်ချင်သောကြောင့် မဟုတ်ပါ။ သူ့အပေါ်တွင်လည်း မည်သည့် အာဃာတမှ မထားပါ။ တခြားသော မည်သည့် ပြည်တွင်း စာနယ်ဇင်းသမားများကိုမှ မတိုက်ခိုက်ပါ။ ပြည်တွင်း စာနယ်ဇင်း လောကကို ကျောခိုင်းထွက်လာခြင်းက ကျမ၏ ပုဂ္ဂလိက ခံစားချက် သက်သက်၊ ကျမ တဦးတည်းနှင့်သာ သက်ဆိုင်ပါသည်။ ကျမ၏ လုပ်ဖော်ကိုင်ဖက်များကို ယခုအချိန်ထိ ကျမချစ်သည်။ သူတို့၏ တချို့သော အနစ်နာခံ လုပ်ရပ်များကိုလည်း လေးစားသည်။ ပြည်တွင်းတွင် မီဒီယာဖြင့် စီးပွားရှာနေရ သူများ၏ အဆင်ပြေသလို မီးစင်ကြည့် ကနေရသော ဘဝများကို ကျမ နားလည်ပါသည်။ 

အခုတော့ လက်ပ်တော့ပ်များ ပေါများလာချိန်၊ ဝါယာလက်စ် အင်တာနက်များလည်း ပေါ်လာပြီ ဖြစ်သောကြောင့် ထို မီဒီယာ တိုက်ကြီးတွင် အင်တာနက်ကို သော့မခတ်တော့ကြောင်း လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိရပါသည်။ လက်ကိုင်ဖုန်းများလည်း ပေါများလာပြီ။ ကျမတို့ တောင်းဆိုခဲ့ကြသော စလောင်းလည်း တပ်ထားပြီဟုသိရသည်။ ၄ နှစ်ဆိုသော အချိန်ကာလအတွင်း အပြောင်းအလဲများစွာ ဖြစ်နိုင်သည် မဟုတ်ပါလား။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်