“ဘုရားပေးသော လက်ပိုင်ရှင် အစစ်” ဟု ဆွာရက်ဇ် ကြွေးကြော်

ပြီခဲ့သည့် ကွာတား ဖိုင်နယ်ပွဲစဉ်၌ ဂါနာအသင်းနှင့် ကစားသည့်ပွဲတွင် အနီကတ်ပြ၍ အထုတ်ခံရသည့် ဥရုဂွေး တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်က  မိမိသာလျှင် “ဘုရားပေးသော လက်ပိုင်ရှင် အစစ်” ဖြစ်သည် ဟု ထုတ်ဖော် ကြွေးကြော်လိုက်သည်။

ဆွာရက်ဇ်က “ကျနော်ကမှ ဘုရားပေးသော လက်ပိုင်ရှင် အစစ်ဗျ။ ဥရုဂွေး အသင်းကို ဘုရားပေးတဲ့ လက်နဲ့ အကောင်းဆုံး ကယ်တင် နိုင်ခဲ့တယ်” ဟု ပြောကြောင်း The Telegraph သတင်းစာတွင် ဖော်ပြ ထားသည်။

ဆွာရက်ဇ်သည် ယခင် ကတည်းက လေ့ကျင့်ရေး ဆင်းချိန်များ၌  ဂိုးသမား အဖြစ် တခါတရံ လေ့ကျင့်ခဲ့ ကြောင်းလည်း ပြောသည်။

တဘက်နှင့် တဘက် တဂိုးစီ သရေကျနေပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေချိန် ဂါနာအသင်းမှ သွင်းသည့် သေချာပေါက် ဂိုးကို အဆိုပါ တိုက်စစ်မှူး ဆွာရက်ဇ်က ဂိုးရှေ့တွင် လက်ဖြင့် ဖမ်းတား လိုက်ခြင်း ဖြစ်သည်။

ထိုသို့ လက်ဖြင့် တားခဲ့သည့် အတွက် ဥရုဂွေးအသင်း ပယ်နယ်တီ အပေးခံခဲ့ရပြီး ဆွာရက်ဇ်လည်း အနီကတ်ဖြင့် ထွက်ခဲ့ရသည်။

ပယ်နယ်တီကို ဂါနာအသင်းမှအဆာမိုဂျန် ကန်သွင်းသော်လည်း ဥရုဂွေး ဂိုးသမားက ကာကွယ် လိုက်နိုင်သည့် အတွက် ဂါနာအသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် အနီကတ် အပြခံရသည့် အတွက် နယ်သာလန် အသင်းနှင့် ကစားရမည့် ဆီမီးဖိုင်နယ်ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ပေ။

“အခု ကျနော်တို့ အသင်း ဆီမီးဖိုင်နယ်ကို ရောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဆီးမီးကို အရောက် ပို့နိုင်တဲ့အတွက် ကျေနပ်ပါတယ်” ဟု ဆွာရက်ဇ်က ဆက်လက်ပြောသည်။

ဘောလုံးသမားတဦးအနေဖြင့် ထိုသို့ ပြုမူခဲ့လျှင် ကာလအတန်ကြာ ပွဲပယ်ခံရမည်ဟု ဘောလုံးစည်းမျဉ်းတွင် ပါရှိသည်ဟု ကမ္ဘာ့ဘောလုံး အဖွဲ့ ချုပ် (ဖီဖာ) ပြောရေးဆိုခွင့် ရှိသူ Pekka Odriozola က ဆိုသည်။

ဥရုဂွေး ပြည်သူများကြားတွင် ဆွာရက်ဇ်သည် သူရဲကောင်း ဖြစ်နေသော်လည်း ဂါနာ ပြည်သူများအတွက်  မျှော်လင့်ချက်ကို ရိုက်ချိုးသူ တယောက်သာဖြစ်ပြီး ကမ္ဘာ့ဘောလုံး ပရိသတ်များ အတွက်လည်း မနှစ်မြို့ဖွယ်ရာ အပြုအမူ တရပ်သာဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

ဥရုဂွေး နည်းပြကမူ “ဒါက အလိုလျောက် မတော်တဆ ဖြစ်သွားတာပါ။ ဒီအတွက်လည်း ပွဲပယ်ပြစ်ဒဏ် ကျပြီးပါပြီ” ဟု ဆိုသည်။

ထိုသို့ ဆွာရက်ဇ်၏ လုပ်ဆောင်ချက်မှာ လုံးဝမျှတမှုရှိဘဲ အားကစားလောကတွင် တုန်လှုပ်ဖွယ်ရာ ဖြစ်သည်ဟု ဂါနာနည်းပြက ပြောသွားသည်။

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းမှ မာရာဒိုနာသည် အင်္ဂလန် အသင်းဘက်သို့  လက်ဖြင့်ပုတ်ကာ အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

မာရာဒိုနာက ထိုပုတ်သွင်းခဲ့သော ဂိုးကို ဘုရားပေးသောလက်ဖြင့် သွင်းခဲ့သည်ဟု ကြွေးကြော်ခဲ့ဖူးသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်