လိမ္မော်ရောင်တွေ ဗိုလ်လုပွဲတက်ပြီ

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွင် နယ်သာလန် အသင်းက ဥရုဂွေး အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီ ဖြစ်သည်။

ယင်းပွဲတွင် နယ်သာလန် အသင်း ဗိုလ်လုပွဲသို့ ရောက်အောင် အရေးပါသော အနိုင်ဂိုးကို သွင်းပေးခဲ့သူ ကွင်းလယ်ကစားသမား  ရှနိုက်ဒါက မေ့ဖျောက်၍ မရနိုင်သော ညတညဟု ပြောခဲ့ကြောင်း The Telegraph သတင်းစာတွင် ဖော်ပြထားသည်။

“ဘ၀မှာ တကယ့်ကို မမေ့နိုင်တဲ့ ညတညပါပဲ။ အတော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ ပွဲတပွဲပါ” ဟု ၎င်းက ဆိုသည်။

ဥရုဂွေးနှင့် ပွဲသည် ပိုမို ခက်ခဲပြီး ရေကုန်ရေခမ်း ကစားရခဲ့ ရကြောင်း၊ ယခုအခါ ပိုမိုခက်ခဲသည့် ဖိုင်နယ်ပွဲ ကစားရန် အသင့်ဖြစ် နေကြောင်း၊ ကမ္ဘာ့ဖလားကို မရဖူးသေးသည့် အတွက် အနိုင်ရရန် ကြိုးစားသွား မည်ဟု ရှနိုက်ဒါက ဆက်လက် ပြောသည်။

ရှနိုက်ဒါသည် ကမ္ဘာ့ဖလားပွဲတွင် ၅ ဂိုးသွင်းထားသော ထိပ်တန်းဂိုးသွင်းသူအဖြစ် ရပ်တည်လျှက်ရှိသည်။

နယ်သာလန်အသင်းသည် ဥရုဂွေးအသင်းကို ကစားကွက် အသာဖြင့် ကစားခဲ့ပြီး ၁၈ မိနစ်တွင် အသင်းခေါင်းဆောင် ဗန်ဘရွန် ခရော့စ်က အမှတ်မထင် ဘယ်တောင်ပံမှ လှလှပပ ကန်သွင်းခဲ့သောကြောင့် ဗွေဆော်ဦးဂိုး ရရှိခဲ့သည်။

သို့သော် ၄၁ မိနစ်တွင် ဥရုဂွေး တိုက်စစ်မှူး ဒီယေဂို ဖော်လန်က ဂိုးဧရိယာအပြင်ဘက်မှ ဘယ်ခြေဖြင့် ဝေ့၀ိုက်ကန် သွင်းလိုက်သဖြင့် တဘက်တဂိုးစီဖြင့် ပထမပိုင်း အဆုံးသတ်သွားခဲ့သည်။

ဒုတိယပိုင်းတွင် ဥရုဂွေးအသင်းက ပိုမို စုစုစည်းစည်းရှိလာသလို နယ်သာလန်အသင်းကလည်း အနိုင်ရရှိရေးအတွက် တင်ကစားလာခဲ့ရာ မိနစ် ၇၀ တွင် နယ်သာလန်အသင်းအတွက် ရှနိုက်ဒါက ဂိုးဧရိယာရှေ့မှ ရှုပ်ထွေးနေသည့် နောက်တန်း လူများကြားမှပင် ဂိုးပေါက်ထဲသို့ ခပ်ပြင်းပြင်း ကန်သွင်းကာ ဒုတိယဂိုး ရရှိခဲ့သည်။ နောက်ထပ် ၃ မိနစ် အကြာတွင် အာဂျန် ရော်ဘင်က တတိယဂိုး ထပ်မံသွင်းယူလိုက်သည်။

ဥရုဂွေးအသင်းသည် အချိန်ပို ၂ မိနစ်တွင် နောက်ထပ် တဂိုးထပ်မံ သွင်းယူနိုင်ခဲ့သော်လည်း ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့် သွားသည်။

နယ်သာလန် အသင်းနည်းပြ  ဗန်မာဝစ်က “ဒီပြိုင်ပွဲမှာ အခုလို အောင်မြင်မှု ရရှိတဲ့အတွက် သိပ်ကို ဂုဏ်ယူတယ်။ ဖိုင်နယ်နဲ့  ၃၂ နှစ် ကွာဝေးပြီးနောက်မှာ ကျနော်တို့ ဖိုင်နယ်ကို ပြန်ရောက်လာပါပြီ” ဟု ပြောသည်။
တောင်အမေရိက အသင်းကြီးဖြစ်သည့် ဘရာဇီးအသင်းကိုလည်း ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူခဲ့သည့် နယ်သာလန်အသင်းသည် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ၃ ကြိမ်ရောက်ခဲ့ဖူးပြီး ၁၉၇၄ ကမ္ဘာ့ဖလားတွင် ဂျာမနီ၊ ၁၉၇၈ ခုနှစ် ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအသင်းတို့ကို ရှုံးနိမ့်ကာ ၂ ကြိမ်ဆက်တိုက် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ယခုတကြိမ်တွင်မူ ဗိုလ်လုပွဲတွင် အနိုင်ရရှိပါက ပထမဆုံး ကမ္ဘာ့ဖလား ရရှိမည့် နိုင်ငံအသစ် ဖြစ်လာနိုင်သောကြောင့် နယ်သာလန်နိုင်ငံ၏ ထင်ရှားသော သတင်းစာ De Telegraaf က “လိမ္မော်ရောင်အသင်း ဖိုင်နယ်ကို ရောက်ပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ရေးသားထားသည်ကို တွေ့ရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်