ကမ္ဘာ့ဖလား ချန်ပီယံ အသစ် ဘယ်သူဖြစ်မလဲ

စပိန်မြင်းရိုင်းတွေနဲ့ လိမ္မော်ရောင် ဟော်လန်အသင်းတို့ လာမယ့် တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲကို ယှဉ်ပြိုင် ရတော့ မှာပါ။

၁၉၃၀ ခုနှစ် မှ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အခုဆိုရင် နှစ်ပေါင်း ၈၀ ရှိခဲ့ပါပြီ။ အဲ့ဒီသက်တမ်းအတွင်းမှာ အစဉ်အလာ ကြီးခဲ့တဲ့ ဘရာဇီး၊ အီတလီ၊ ဂျာမနီ၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဥရုဂွေးအသင်းများကသာ ဗိုလ်စွဲခဲ့ကြပေမယ့် ဒီတကြိမ်မှာတော့  ဒီအစဉ်အလာတွေကို ချိုးဖျက်ပြီး စပိန် သို့မဟုတ် နယ်သာလန် တသင်းသင်း ချန်ပီယံ အဖြစ် အသစ်ပေါ်ထွက် လာတော့မှာပါ။

spain_teamစပိန်အသင်း အတွက်ကတော့ ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ရောက်ခြင်းဖြစ်ပြီး နယ်သာလန်အသင်းကတော့ ၁၉၇၈ ကမ္ဘာ့ဖလား နောက်ပိုင်း ပထမဆုံး အကြိမ် ဗိုလ်လုပွဲ တက်ရောက်ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားနဲ့ ပတ်သက်ရင် အစဉ်အလာအရတော့ နယ်သာလန်အသင်းက အလေးသာတယ်လို့ ဆိုရမှာပါ၊ ၁၉၇၄ ၊ ၁၉၇၈ ခုနှစ် ကမ္ဘာ့ဖလားတွေမှာ ဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက် ရောက်ခဲ့ပေမယ့် အနောက်ဂျာမနီအသင်းနဲ့ အာဂျင်တီးနား အသင်းတို့ကို ရှုံးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီနှစ်သင်းစလုံးဟာ ကမ္ဘာ့ဖလားကို တခါမှမဆွတ်ခူးခဲ့ဘူးသေးတဲ့ အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကြမယ်ဆိုတာတော့ အထူး ပြောစရာလိုမယ် မထင်ပါဘူး။ ဘောလုံးဝါသနာအိုးတွေ အတွက်တော့ ပွဲကောင်းတပွဲ ဖြစ်လာမှာအမှန်ပါ။

ဒီနှစ်သင်းဟာ ၉ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး နှစ်သင်းစလုံး ၄ ကြိမ်စီ အနိုင်ရထားပြီးတော့ တကြိမ်သာသရေဖြစ်ခဲ့ပါတယ်။ စပိန်အသင်း ကတော့ ၁၉၈၃ ခုနှစ်မှာ  နောက်ဆုံးအနိုင်ရခဲ့ပြီး အဲ့ဒီနောက်မှာတော့ နယ်သာလန်အသင်းကသာ အနိုင်ရခဲ့ပါတယ်။

စပိန်အသင်းရဲ့ တည်ဆောက်ထားမှုကို ဆန်းစစ်ကြည့်မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး လိဂ်တွေထဲမှာ အပါအ၀င်ဖြစ်တဲ့ လာလီ ဂါရဲ့ထိပ်တန်း အသင်းကြီး တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ် မက်ဒရစ် ပေါင်းစပ်ထားတဲ့ အသင်းလို့တောင် ပြောလို့ရပါတယ်။

ပွဲထွက်စာရင်း ပထမ ၁၁ ယောက်မှာလည်း အဲ့ဒီ အသင်းကြီး နှစ်သင်းက လူ ၈၀ ရာခိုင်နှုန်းလောက်ကို ထည့်ကစား သွားတာကို တွေ့ရပြီး လီဗာပူး အသင်းတိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၊ ဗလင်စီယာ အသင်း တိုက်စစ်မှူး ဒေးဗစ်ဗီလာ၊ အာဆင်နယ်အသင်းရဲ့ အလယ်တန်းကစားသမား ဖာဘရီဂက်စ် စတဲ့ နာမည်ကြီးကစားသမားတွေနဲ့လည်း စုဖွဲ့ထားပါတယ်။

ရှေ့တန်းမှာတော့ ဒေးဗစ် ဗီလာ၊ တောရက်စ် နဲ့ ပက်ဒရို တို့ကို ထားကစားပြီး အလယ်တန်း ကစားသမားတွေကတော့ ဇာဗီ၊ အလွန်ဆို၊ အင်နီယေ စတာတို့ ဖြစ်ပါတယ်၊ နောက်တန်းကိုတော့ ရီးယဲလ်အသင်းရဲ့နောက်တန်းလူကို ဘာစီလိုနာ အသင်းရဲ့ ခံစစ်မှူးနဲ့ တွဲပေးထားပါတယ်၊ အဓိက ကွင်းလယ်မောင်းနှင်အားကတော့ ဇာဗီပဲ ဖြစ်ပါတယ်။

ဂျာမနီနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ စပိန်အသင်းက ကွင်းလယ်ကစားကွက်အသာနဲ့ ဂျာမနီအသင်းကို ကစားခဲ့ပြီး ဂျာမနီ အသင်းရဲ့တန်ပြန်တိုက်စစ်တွေကို ကွင်းလယ်မှာပင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဂိုးသမား အနေနဲ့ ကြည့်မယ်ဆိုရင် စပိန်အသင်းရဲ့ အဓိကဂိုးသမား ကားဆီးလက်စ် ဟာ အသက်၂၁ နှစ် အရွယ်ကတည်းက စပိန်လက်ရွေးစင် အသင်းအတွက် ကစားခဲ့ပြီး ၂၀၀၂ခုနှစ် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှာ အိုင်ယာလန်က ကန်သွင်းတဲ့ ပယ်နယ်တီကို ကာကွယ်ခဲ့ဖူးသလို ယူရို ၂၀၀၈ တုန်းကလည်း အီတလီကန်သွင်းတဲ့ ပယ်နယ်တီ ၂ လုံးကို ဖမ်းပြီး စပိန်ကို အနိုင်ရ စေခဲ့ဖူးပါတယ်။

နည်းပြ ဒဲလ်ဘော့စ်ကလည်း နည်းပြ အတွေ့ အကြုံရင့်ကျက်တဲ့ သူတယောက်ပြီး ဥရောပ ချန်ပီယံလိဂ် ဖလားကို ရီးယဲလ်မက် ဒရစ် အသင်းနဲ့ အတူ ရယူပေးထားဖူးပါတယ်။

စပိန် နောက်တန်းလူ ဂျရတ်ပီကေးကတော့“တောင်အာဖရိက ကမ္ဘာ့ဖလားဟာ စပိန်အသင်းအတွက် သမိုင်းသစ်ရေးထိုးရမယ့် အခွင့်အရေးကောင်း တရပ်ပဲ”ဆိုပြီးတော့ ပြောပါတယ်။

အသင်းနှစ်သင်း ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း ကစားသမား အားလုံး ညီမျှနေရင်တောင် စပိန်အသင်းက နယ်သာလန် အသင်းထက် ဂိုးသမား သာတယ်၊ စပိန်ဂိုးသမား ကားဆီးလက်စ်က အဆုံးအဖြတ်ပေးသွားမှာပါ၊ စပိန်အသင်းက စာရွက်ပေါ်မှာ တော့ လူပိုတောင့်တယ်လို့ ၀ါရင့်ကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)ကလည်း သုံးသပ်ပါတယ်။

နယ်သာလန်အသင်း ရှေ့တန်းလူ ကူရစ် ကတော့ သူတို့အသင်းအနေနဲ့ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု သမိုင်းမှတ်တိုင် စိုက်ဖို့ နီးကပ်လာနေပါပြီလို့ ပြောဆိုတဲ့အကြောင်း အင်္ဂလန်အခြေစိုက် Guardianသတင်းစာကြီးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

ကမ္ဘာ့ဖလား ဖိုင်နယ်ကို တတိယအကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်ပေမယ့် ဒီတခါတော့ နယ်သာလန်အသင်း အောင်မြင်ရမယ်လို့ သူက ကြုံးဝါးပြောဆိုလိုက်ပြီး အသင်းသားများ အားလုံးလည်း ဒီဗိုလ်လုပွဲမှာ အနိုင်ရပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်တော့ မှာ ပါလို့လည်း ပြောဆိုပါတယ်။

Peace FM Online သတင်းစာကြီးကလည်း အချက် ၇ ချက်ကို ထောက်ပြပြီး ဗိုလ်လုပွဲမှာ နယ်သာလန်အသင်း အနိုင်ရမယ်လို့ ရေးသားထားပါတယ်။

နယ်သာလန်ကွင်းလယ်ကစားသမား ရှနိုက်ဒါဟာ ကမ္ဘာ့အကောင်းဆုံးဆိုတာ ဘယ်သူမှ ငြင်းချက်မထုတ်နိုင်ပါဘူး၊ လက်ရှိ အခြေ အနေမှာ ၅ ဂိုးသွင်းယူထားပြီး ရွှေဖိနပ်ဆုကို ချိန်နေသူ ဖြစ်ပါတယ်၊ ဒါ့အပြင် ကူရစ်၊ ရော်ဘင်၊ ဗန်ဘွန်းမဲလ်တို့ဟာ လက်ရှိ ကမ္ဘာ့ အဆင့်မီ အလယ်တန်းဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တန်းမှာလည်း ဟိုက်တင်ဂါ၊ ဒီဂျောင်း စတဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ ၀ါရင့် ကစားသမား ဗန်ဘွန် ခရော့စ် ကို တွဲ ထားပြီး လက်ရှိအနေအထားမှာ အကောင်းဆုံးဖြစ်နေတယ်။ အေဂျက်ကလပ်အသင်းရဲ့ ဂိုးသမားဖြစ်တဲ့ ကလန်းဘတ်ဟာ ကမ္ဘာ့ ဖလားပွဲ ကစားတာ ပထမဆုံး ဖြစ်ပေမယ့် စိတ်ချရကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် အသင်းလိုက် စုစည်းမှုရှိပြီးတော့ ဘရာဇီးလိုအသင်းမျိုးကို ရှုံးနိမ့်နေတဲ့ အချိန်မှာတောင် စိတ်ဓာတ်ကောင်းကောင်းနဲ့ နောက်ကလိုက်ပြီး အနိုင်ကစားကစား နိုင်တယ်၊ နယ်သာလန်အသင်းဟာ အမြဲတမ်း ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်မှာ စိတ်ပျက် လက်ပျက်နဲ့ ထွက်သွားရတတ်ပေမယ့် ဒီတခါတော့ ကံတရားရဲ့ဖေးမမှုကိုလည်း ရထားတယ်ဆိုပြီး ထောက်ပြထားပါတယ်။

ဒီတကြိမ် ကမ္ဘာ့ဖလားမှာတော့ ဘယ်သူကမှ ဗိုလ်လုပွဲတက်မယ်လို့ တစ်ပေးမခံရတဲ့ အသင်းနှစ်သင်း ယှဉ်ပြိုင်မယ့်ပွဲမှာ ဘယ် အသင်း အနိုင်ရပြီးတော့ ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်မလဲဆိုတာကို လာမယ့် တနင်္ဂနွေညမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဧရာဝတီသတင်းထောက် ရန်ပိုင်နှင့် ဘစောတင် ပူးပေါင်းရေးသားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်