လ ၁၃ ရဲ့ တပ်ကြပ်ကြီး

Friday, 29 July 2011 11:44 စစ်သည်တော် စာမျက်နှာ
Print
တပ်မတော်သား ဘဝမှာ ရာထူး အဆင့်အတန်း အမျိုးမျိုးနဲ့ ဆုံတွေ့ရတာ၊ ခွဲခွာရတာဟာ အဆန်း မဟုတ်ပေမယ့် ဆရာကြီးအေးမင်း (အမည်ရင်း မဟုတ်) နဲ့ ဆုံတွေ့ခဲ့ရ၊ သူ့ဆီက ကြားသိခဲ့ရတာတွေကတော့ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေပါပဲ။ ကျနော်တို့ စခန်း (ပွိုင့်-၂၉၄၈) ကို ယာယီတာဝန်နဲ့ ရောက်လာတဲ့ တပ်ကြပ်ကြီးအေးမင်း အဲဒီ မနက်မှာ သတင်းပို့လာပါတယ်။ စခန်းမှာ ဆရာကြီးတို့ အဖွဲ့ ခေတ္တ နေဖို့ ထိုင်ဖို့ နေရာ ချထားပေး အပြီးမှာ စကားစမြည် ပြောဖြစ်ရာက သူ့ဘဝ တစိတ်တပိုင်းကို သိခွင့်ရလိုက်တယ်။ ကျနော်နဲ့ ဆုံတဲ့ အချိန်မှာ ဆရာကြီးက အသက် ၅၀ နီးပါး၊ စစ်သက် ၃၀ ပြည့်ခါနီးပြီ။ လူပုံ ပိန်ပိန်ပါးပါး၊ စကားနည်းပြီး မျက်နှာကတော့ အမြဲတမ်း ပြုံးရောင်သမ်း နေတတ်တယ်။ မျက်နှာထားက နူးညံ့သလို စကားပြောတာကလည်း လေသံအေးအေးနဲ့ တလုံးချင်း ဖြည်းဖြည်း ပြောတတ်တယ်။ ခြေလျင်စစ်သား အနေနဲ့ မြန်မာပြည် အနှံ့အပြားများ တာဝန် ထမ်းဆောင်ပြီးပြီမို့ အတွေ့အကြုံတွေက အများကြီးပါ။ ဆရာကြီးနဲ့ စကားပြောရတာ၊ သူ့ အတွေ့ အကြုံတွေ နားထောင်ရတာဟာ ကျနော်တို့ စခန်းက ရဲဘော် အားလုံး အတွက် ဘယ်တော့မှ မရိုးနိုင်ပါဘူး။ ဗမာလူမျိုး၊ ကရင်ပြည်နယ် ဖာပွန်သား ဆရာကြီးအေးမင်းဟာ အရက် မသောက်၊ ဖဲ မရိုက်၊ လောင်းကစား မလုပ်၊ တကယ့် လူရိုး လူအေးကြီးပါ။ လူပျိုကြီး ဖြစ်ပြီး တပ်ပြင်ပမှာ အမျိုးအဆွေလည်း မရှိပါဘူး၊ တပ်မတော်သည်သာ သူ့အိမ်ပေါ့။ သူ့ရဲဘော်တွေကလည်း ဆရာကြီးအေးမင်းကို လေးစား ရိုသေကြတာ တွေ့ရတယ်။ လူပျိုကြီး ဆိုတော့ ရဲဘော်တွေနဲ့ မရှိအတူ၊ ရှိအတူ နေပြီး ရဲဘော်တွေ ငွေရေး ကြေးရေးက အစ အခက်အခဲ ရှိတိုင်း ကူညီတဲ့သူ။

Burma_Armed_Forces_Day_Naypyitawသူ့အဖေကလည်း တပ်မတော်က တပ်ကြပ်ကြီး တဦးပါ၊ ဒါကြောင့် ဆရာကြီးအေးမင်းတို့ မိသားစုဟာ အဖေတာဝန်ကျရာ ဖာပွန်မြို့၊ ခလရ ၁၃၁၃ မှာ နေထိုင်ရင်း ကြီးပြင်းခဲ့တယ်။ ခလရ ၁၃ ဆိုတာကတော့ ခြေလျင်တပ်ရင်းကို အတိုကောက် ခေါ်တာပေါ့၊ တပ်ထဲမှာတော့ တခါတလေ အဲဒါကို ထပ်ပြီး လ-၁၃ လို့ အတိုကောက် ခေါ်ကြတယ်။

လ-၁၃ မှာ နေထိုင် ကြီးပြင်းခဲ့တဲ့ ဆရာကြီးအေးမင်းတို့ မိသားစုဟာ တနေ့မှာ ကံကြမ္မာဆိုးတခု ကြုံရတယ်၊ သူ့အဖေ ရှေ့တန်း စစ်ဆင်ရေး တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားတာပါ။ အဖေမရှိတော့ဘူး ဆိုတော့ တပ်ထဲမှာ နေလို့ မရကြတော့ဘူး။ တခြားမှာလည်း နေစရာ မရှိလေတော့ အဖေ့ပင်စင်နဲ့ ကရုဏာကြေး ရတာလေးတွေ အရင်းပြုပြီး ဖာပွန်မြို့ထဲမှာ ပြောင်းနေကြတယ်။ သူတို့မိသားစုက ညီအစ်ကို နှစ်ယောက်ပါ။ သူက အငယ်ဖြစ်ပြီး အစ်ကို အကြီးက အထက်တန်း တက်နေရင်းကနေ ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးရှာတယ်။ ဒါပေမယ့် သိပ်မကြာဘူး၊ အစ်ကိုဖြစ်သူက တပ်ထဲ ဝင်သွားပါတယ်၊ အဲဒီမှာ ဆရာကြီးအေးမင်းလည်း အလယ်တန်းကျောင်းသား ဘဝနဲ့ ကျောင်းက ထွက်ပြီး အမေကို ကြုံရာကျပန်း လုပ်ကျွေးရတယ်။ အစ်ကို လုပ်တဲ့သူက တနှစ် တခေါက်လောက်ပဲ သူတို့သားအမိကို လာတွေ့နိုင်တယ်။ နှစ်အနည်းငယ် အကြာမှာ သူ့အစ်ကို ရှေ့တန်းမှာ ကျဆုံးသွားတယ်။

အစ်ကို ဆုံးပြီးလို့မှ မကြာခင် သူကိုယ်တိုင် သေကံမရောက် သက်မပျောက် အဖြစ်နဲ့ ကြုံရပြန်တယ်။ ဖာပွန်ဒေသကို ထိုးစစ်ဆင်ဖို့ လာတဲ့ စစ်ကြောင်းတွေက ပေါ်တာ ဆွဲတာကို ခံရတာပါ၊ ပေါ်တာဘဝနဲ့ ဗုံးသီးတွေ၊ ရိက္ခာတွေ ထမ်းပိုးပေးရင်း တိုက်ပွဲတွေနဲ့လည်း ကြုံလို့ ဒုက္ခတွေ အရမ်းရောက်ခဲ့တယ်။ အဲဒီစစ်ကြောင်းက ရဲဘော်တချို့ ထိခိုက် ကျဆုံးတာတွေ ရှိပေမယ့် သူကတော့ သေကံမရောက် သက်မပျောက် ဆိုသလို ဘေးမသီ ရန်မခ အိမ်ပြန်လာနိုင်ခဲ့တယ်။ ဒါပေမယ့် အိမ်မှာက တိုက်ပွဲမှာ ကျဆုံးတဲ့ လင်ယောက်ျားနဲ့ သားကြီးတို့ရဲ့ စိတ်နဲ့ ဆရာကြီးအေးမင်းရဲ့ အမေဟာ ကျန်းမာရေး မကောင်းတော့ဘူး။ သူလည်း ရရာအလုပ် လုပ်ပြီး တတ်နိုင်သလောက် ကုသပေးပေမယ့် သိပ်မကြာခင်မှာပဲ ဆုံးပါးသွားတယ်။ ဒီတော့ အသက် ၂၀ ကျော် အရွယ်မှာပဲ မိဘတွေရော၊ အစ်ကိုရော မရှိတော့ပြီမို့ တကောင်ကြွက် ဖြစ်ခဲ့ရတယ်။ ဘာမှ အထွေအထူး စဉ်းစား မနေတော့ဘဲ တပ်ထဲကို ခြေစုံပစ်ဝင်လိုက်တော့တယ်။

စစ်သင်တန်းပြီးဆုံးလို့ တာဝန်ကျတဲ့ မိခင်တပ်ရင်း ရှိတဲ့ နေရာက မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ ရေစက်ဆုံပုံက သူ့ရဲ့ မိခင်တပ်ရင်းဟာ လ-၁၃ ပဲ ဖြစ်နေတယ်။ လ-၁၃ က ဖာပွန် အခြေစိုက်တပ်ရင်း အဖြစ်ကနေ ဒါးကွင်း ဖြစ်စဉ်ကြောင့် တပ်ရင်း တရင်းလုံး နေရာ ပြောင်းပစ်ခံခဲ့ရရာကနေ တပ်မ ၈၈ လက်အောက်ခံတပ် အဖြစ် ချောက်မြို့ကို ရောက်လာတာပါ။ (ဒါးကွင်းဖြစ်စဉ် ဆိုတာကတော့ လ-၁၃က တပ်စိတ် တစိတ်ဟာ ဖာပွန်မြို့နယ် ဒါးကွင်းဒေသမှာ ဒေသခံ ကျေးရွာသူတွေကို မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ကို အထက်က သိရှိတဲ့ အခါမှာ စစ်တရားရုံးနဲ့ စစ်ဆေးပြီး တပ်စိတ်မှူးနဲ့ ကျူးလွန်သူ အားလုံးကို သေဒဏ် စီရင်ချက် ချပြီး၊ တပ်ရင်းက ရာထူးကြီးသူတွေကိုလည်း အရေးယူခဲ့တယ်။ တပ်ရင်း တရင်းလုံးကိုပါ ဖာပွန်မြို့ကနေ ပြောင်းပစ်ပြီး တပ်မ လက်အောက်ခံတပ် အဖြစ် ပို့လိုက်တာပါ)

စစ်သားဘဝမှာ တပ်တွေ တခုပြီး တခု ပြောင်းရတာ မထူးဆန်းပေမယ့် စစ်သားတိုင်း မိခင်တပ်ရင်းကိုသာ သံယောဇဉ် ပိုရှိတတ်ကြတယ်။ ဒါကြောင့် ဆရာကြီးအေးမင်းလည်း သူ့အတွေ့အကြုံတွေအကြောင်း ပြန်ပြန်ပြောရင် ရဲဘော်သစ်ဘဝက လ-၁၃ နဲ့ ကယားပြည်နယ် စစ်ဆင်ရေး ဝင်ခဲ့ရတုန်းက အကြောင်းတွေ အများဆုံး ကြားရလေ့ရှိတယ်။ သူနဲ့ ရေစက်ဆုံတဲ့ လ-၁၃ ကိုလည်း အတော် သံယောဇဉ်ရှိပုံပဲ။

ရှမ်းပြည်အရှေ့ပိုင်း၊ တြိဂံဒေသကို ရောက်နေတာလည်း ၁၅ နှစ်လောက် ရှိနေပါပြီ၊ တပ်ကြပ်ကြီး လုပ်သက်တင် ၁၀ နှစ် ကျော်နေပြီ၊ ပညာ အရည်အချင်းအရ တပ်ခွဲ/တပ်ကြပ်ကြီး (တပ်ခွဲရဲ့ တပ်ထောက်ကိစ္စတွေ ကိုင်ရတဲ့ သူ) လုပ်ဖို့ အရည်အချင်း မှီပေမယ့် မလုပ်ဘဲ ငြင်းပြီး တိုက်စရာ ရှိရင် ရှေ့ဆုံးကနေ အသေခံ တိုက်ရတဲ့ တပ်စုတပ်ကြပ်ကြီးပဲ လုပ်နေတာပါ။ တပ်ခွဲ/တပ်ကြပ်ကြီး ရာထူးကို မက်မောကြသူတွေ ရှိတတ်ကြပေမယ့် ဆရာကြီးအေးမင်းကတော့ စာရင်းဇယားတွေနဲ့ ခေါင်းရှုပ်မခံချင်ဘူးလို့ ဆိုတယ်၊ သူက အလိုလောဘ အင်မတန်နည်းတဲ့သူကိုး။

တပ်မတော်မှာ ဒုအရာခံဗိုလ် ရာထူးရဖို့က မလွယ်ကူတဲ့ ကိစ္စပါ။ ဒုအရာခံဗိုလ် (စာရေး) ဆိုရင်တော့ တမျိုးပေါ့။ သူတို့ကတော့ လုပ်သက်နဲ့ လုပ်ငန်း ကျွမ်းကျင်မှုပေါ် မူတည်ပြီး ရာထူး ပုံမှန် တက်သွားနိုင်တယ်။ ခြေလျင်စစ်သား တယောက် ဒုအရာခံဗိုလ် ဖြစ်လာဖို့က အင်မတန် ခက်တယ်။ တပ်ခွဲ/တပ်ကြပ်ကြီးကနေလည်း ဒုအရာခံဗိုလ် ရာထူးကို ရနိုင်တယ်၊ ဆရာကြီးအေးမင်းတို့လို တပ်ခွဲ/တပ်ကြပ်ကြီးရာထူး မယူတဲ့ ဖိုက်တာ တပ်ကြပ်ကြီးတွေထဲကနေလည်း လုပ်သက်ရင့်ပြီး စစ်မြေပြင် ထူးချွန်မှု ရှိတဲ့ အကျင့်စာရိတ္တ မင်နီ ထိမထားသူတွေကို တပ်ရင်းမှူးတွေက ကာကွယ်ရေး ဦးစီးချုပ်ရုံး အထိ တင်ပြရတယ်။ အဲဒီမှာ ရုံးချုပ်က အရာခံဗိုလ် ရွေးချယ်ရေး အဖွဲ့ကနေ သေချာ စိစစ် ရွေးချယ်ပြီးမှ အကျင့်သိက္ခာ စံပြ ဖြစ်သူ၊ စစ်မြေပြင်မှာ ထူးချွန်သူတွေကို ဒုအရာခံဗိုလ် အဖြစ် ရွေးချယ်တာပါ။ (ဘာကြောင့်လဲ ဆိုတော့ တပ်ရင်း တရင်းမှာ အရာခံဗိုလ်၊ ဒုအရာခံဗိုလ် ဆိုတဲ့ ဆရာကြီးတွေဟာ စစ်သည်အားလုံးရဲ့ စံပြ ဖြစ်နေသင့်လို့ပါပဲ။ တပ်ရင်းအရာခံဗိုလ် ဆရာကြီးတွေ ဆိုရင် အတွေ့အကြုံရင့်တာ အပြင် အကျင့်သိက္ခာကလည်း လေးစားစရာ ကောင်းတာမို့ အရာရှိငယ်တွေ ကိုယ်တိုင်က တလေးတစား ဆက်ဆံရတာပါ။)

ဆရာကြီးအေးမင်းလည်း တပ်ကြပ်ကြီး လုပ်သက်တင် ၁၀ နှစ် ကျော်ပြီမို့ အခုချိန်လောက်ဆိုရင်တော့ တပ်ခွဲအရာခံဗိုလ်လောက် ဖြစ်နေပြီ ထင်ပါတယ်။ သူ့ဆီက ကြားခဲ့ရတဲ့ မှတ်မှတ်ရရ စကား တခွန်းတော့ ရှိတယ်။ “ခွန်ဆာကြီး ငြိမ်းချမ်းရေး ယူသွားတာတော့ တော်တော် ကျေးဇူး တင်ပါတယ်၊ သူသာ ငြိမ်းချမ်းရေး မယူခဲ့ရင် အခုချိန် ကျနော့်ကို မြင်ရမှာ မဟုတ်ဘူး” လို့ ဆိုတယ်။ ခွန်ဆာ ငြိမ်းချမ်းရေး မယူခင် ၉၆-၉၇ ထဲမှာ ရှမ်းပြည်အရှေ့ပိုင်းမှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ထိုးစစ်တွေထဲမှာ သူတို့ တပ်ရင်းလည်း ပါခဲ့တယ်။ သူ့တပ်စုမှာ တပ်စုမှူး အပါအဝင် အားလုံးနီးပါး ကျဆုံးသွားတာပါ၊ ကံကောင်းလို့သာ သူအသက် မသေဘဲ ကျန်ခဲ့ပေမယ့် ဒီတိုက်ပွဲစဉ်ထဲမှာ သူ့ကိုယ်သူ တထစ်ချ သေမယ်လို့ သူထင်ခဲ့တယ်။ သူ့ရဲဘော်တွေလည်း အတော်များများ ကျသွားပြီ၊ တွယ်တာစရာလည်း မရှိ၊ ဒီနေ့ ငါမသေသေးရင် နောက်နေ့ တိုက်ပွဲမှာ သေလိမ့်မယ်လို့ပဲ စိတ်ထဲမှာ ထင်နေပြီး တိုက်ခိုက်ခဲ့ရတယ် လို့ ဆိုတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ခွန်ဆာက တိုက်ပွဲကို မဆက်ဘဲ ငြိမ်းချမ်းရေး ယူလိုက်တယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာ ဒေသ အတော်များများ ငြိမ်းချမ်းသွားတယ်။ တိုက်ပွဲတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သေပြီလို့ပဲ စိတ်ထဲမှာထားပြီး တိုက်ပွဲ ဝင်ခဲ့တဲ့ ရဲဘော်တွေလည်း အသက် အန္တရာယ်က လွတ်မြောက်သွားတယ်။

အခုတော့ ရှမ်း (ရှေ့) တကြောမှာလည်း သေနတ်သံတွေ ပြန်ကြားလာရပြီ၊ ကျနော့် ဆရာကြီးလည်း တိုက်ပွဲတွေ ဝင်နေရပြန်ပြီလား မသိပါ။ ဆရာကြီးကို တပ်မတော်ကနေ ကျန်းကျန်းမာမာနဲ့ အငြိမ်းစား ယူသွားတာ မြင်ချင်ပါတယ်။ ဆရာကြီးအေးမင်းကတော့ သေချာတယ်၊ အသက် ၆၀ မပြည့်မချင်း တပ်မတော်ကနေ ထွက်ခွာမှာ မဟုတ်ဘူး၊ တပ်မတော်သာ သူ့အိမ်၊ ရဲဘော်တွေသာ သူ့ဆွေမျိုး ဖြစ်နေတာကိုး။ စစ်သက် ၃၀ နီးပေမယ့် သူ့မှာ တပ်မတော်ကနေ အငြိမ်းစားယူတဲ့အခါ နေဖို့ထိုင်ဖို့ စုဆောင်းထားတာ ဘာမှ မရှိသေးဘူး။ အပြင်မှာလည်း နေဖို့အိမ်လည်း မရှိ၊ ဆွေမျိုးလည်း မရှိပါ။ အသက် ၆၀ ပြည့်သည် အထိ တပ်တွေ တခုပြီး တခု ပြောင်းရင်း ဖြတ်သန်းခဲ့တဲ့ ဆရာကြီးတွေ အငြိမ်းစားယူတဲ့ အချိန်မှာ အပြင်မှာ နေစရာ မရှိလို့ ဒုက္ခ ရောက်ရတာတွေ အများကြီး ကြားဖူးပါတယ်။ အခုတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြန်လည် နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားချက်နဲ့ စစ်မှုထမ်းဟောင်း အိမ်ရာ အစီအစဉ်တွေ အကောင်အထည် ဖော်နေတာ ကြားရတော့ ဝမ်းသာမိတယ်။ ဆရာကြီးအေးမင်း အပါအဝင် တကယ်ခံစားခွင့်ရသင့်တဲ့ စစ်မှုထမ်းကြီးတွေ ခံစားခွင့်ရကြပါစေလို့လည်း ဆန္ဒပြုပါတယ်။ ဘာလို့လဲ ဆိုတော့ အထက် ဌာနက စေတနာကောင်းကောင်း၊ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အကောင်အထည် ဖော်ပေးတာကို ကြားကနေ စစ်သည်ရဲ့ ရသင့်တဲ့ ခံစားခွင့်ကို ငွေပေးမှ တင်ပေးမယ်၊ မပေးရင် ခေါက်ထားမယ် ဆိုတဲ့ ခြစားတဲ့ တပ်စာရေးတွေ ရှိတတ်လို့ပါ (စာရေးတိုင်းကို မဆိုလိုပါ၊ လေးစားထိုက်သူတွေလည်း အများကြီးပါ)။ ဆရာကြီးအေးမင်းတို့လို လူရိုးလူအေး၊ လူရည် မလည်တဲ့ စစ်သားကြီးတွေ အညစ်မခံရစေချင်ဘူး။

ဆရာကြီးတို့ မိသားစုဟာ တပ်မတော်အတွက်၊ နိုင်ငံအတွက် ပေးဆပ်ခဲ့တာတွေ သိပ်များပါတယ်။ စစ်သားတယောက်ရဲ့ ဇနီး၊ စစ်သားနှစ်ယောက်ရဲ့ မိခင်၊ ဆရာကြီးရဲ့အမေ ချို့ချို့ငဲ့ငဲ့ နဲ့ ဆုံးပါး သွားတာဟာ အင်မတန် စိတ်မကောင်း ဖြစ်စရာပါ။ တပ်မတော်က အငြိမ်းစားယူပြီးတဲ့ တနေ့မှာ ကျနော့် ဆရာကြီးလည်း လုံလောက်တဲ့ ပင်စင်လစာနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ကျန်းကျန်းမာမာ နေနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Facebook တွင် တွေ့ရသည့် တပ်မတော်အရာရှိတဦး၏ ဆောင်းပါးကို ခွင့်ပြုချက်တောင်းပြီး ဖော်ပြပါသည်။