မပျောက်ဆုံးနိုင်မယ့် ၈၈ ထဲက အမေ့အပြုံး

Saturday, 07 August 2010 15:23 အမှတ်တရ ၈.၈.၈၈
Print
မြူနှင်းတွေကြား နေထွက်စ ပြုနေတဲ့ မနက်ခင်းမှာ မျက်စိတဆုံး ကျယ်ဝန်းတဲ့ လယ်ကွင်း တွေကြား ခုတ်မောင်းနေတဲ့ ရထားက ကျနော့်ကို လှုပ်နှိုး လိုက်ပါတယ်။ အလွန်လှပတဲ့ နံနက်ခင်းတခုပေါ့။ ဒီ ရထားက မန္တလေးကနေ အမေ စောင့်နေတဲ့ ရန်ကုန်က ကျနော့်အိမ်တင်မက အလွန်ရှည်လျားတဲ့ ခရီးတခုဆီကိုလည်း ဦးတည်မယ်ဆိုတာ ကျနော် မသိခဲ့ပါဘူး။

irr-kyawzwamoe
ကျော်စွာမိုးသည် ၁၉၈၈ ခုနှစ် အရေး အခင်းတွင် ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့ မှုကြောင့် စစ်အစိုးရက ဖမ်းဆီး၍ ထောင် ၁၀ နှစ် ပြစ်ဒဏ် ချခံခဲ့ရပြီး ထောင်တွင်း၌ ၈ နှစ်ကြာ နေခဲ့ရသူ ဖြစ်သည်။ ယခု ဧရာဝတီ သတင်းဌာန၏ မန်နေးဂျင်း အယ်ဒီတာ တာဝန်ကို ယူထားသည်။
ကျနော် အိမ်ပြန် ရောက်တဲ့ ညမှာပဲ စစ်ထောက်လှမ်းရေးတွေ ရောက်ရှိလာတယ်။ ကျနော့်ကို မေးစရာရှိလို့ ခေါ်သွားမယ့် အကြောင်း အမေ့ကို ပြောတယ်။ သူတို့ ရည်ရွယ်ချက်ကို အမေ သိပေမယ့်လည်း တည်တည် ငြိမ်ငြိမ် ခေါင်းညိတ် ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အမေ့ရင်ထဲမှာ ငိုနေခဲ့မယ်ဆိုတာ ကျနော် သိလိုက်တယ်။ အေးစက်ပြီး သွေးကွက် အစွန်းအထင်း တွေရှိတဲ့ အခန်းထဲကို ကျနော့်ကို ခေါ်ဆောင် သွားခဲ့တယ်။ အဲဒီည ကတော့ ၁၉၉၁ ခုနှစ်ရဲ့ ဒီဇင်ဘာ ညတည ပါပဲ။

အဲဒီညရဲ့ အဖြစ်အပျက်ဟာ ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ အဲဒီနောက်ပိုင်း တလျှောက်လုံး ကျနော် လုပ်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေရဲ့ ရလဒ်ပါပဲ။ ရှစ်လေးလုံး မတိုင်ခင် တရက် ၁၉၈၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ ကျနော် အပါအ၀င် ကျနော်တို့ အထက်တန်း ကျောင်းက ကျောင်းသားတွေ ချီတက်ဆန္ဒ ပြခဲ့တယ်။ အဲဒီမှာ စစ်သား တယောက်က ကျနော့် ရင်ဘတ်ကို သူ့သေနတ်မှာ တပ်ထားတဲ့ လှံစွပ်နဲ့ ထောက်ပြီး ဟန့်တား ခြိမ်းခြောက် ခဲ့တယ်။

အဲဒီနောက်ပိုင်း နေ့တွေမှာလည်း ကျနော်တို့ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ချီတက်ဆန္ဒ ပြခဲ့တယ်။ ပစ်ခတ်နေတဲ့ ကျည်ဆန်တွေ ကြားထဲကနေ ထွက်ပြေးခဲ့ ကြရတယ်။ ကျနော်တို့ ကျောင်းသား သမဂ္ဂက ထုတ်ဝေတဲ့ အိုးဝေဆိုတဲ့ နိုင်ငံရေး စာစောင်ကို လျှို့လျှို့ဝှက်ဝှက်နဲ့ ဖြန့်ချိခဲ့ကြတယ်။ ကျောင်းသားကြီး တချို့က စစ်သင်တန်းတွေ ပေးတဲ့အတွက် အဲဒီသင်တန်းတွေကိုလည်း တက်ခဲ့ကြတယ်။ နောက် ကျနော်ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မွန်ရွာလေးတရွာ အထိ သွားပြီး အဲဒီမှာ တပ်စွဲထားတဲ့ ကျောင်းသားတပ်မတော်ကို ဒီက အခြေအနေတွေမှန်သမျှ  သတင်းစကား ပို့ပေးခဲ့တယ်။

ကျနော်လုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်မှု လုပ်ရပ်တွေအားလုံးက စစ်ထောက်လှမ်းရေးအတွက် အာရုံစိုက်စရာဖြစ်လာခဲ့ တယ်။ ကျနော့် အိမ်ကို အစိုးရဆန့်ကျင်ရေးသမားတယောက်ရဲ့ အိမ်လို့ မြင်လာပြီး လေးကြိမ်ဝင်ရောက်ရှာဖွေခဲ့တယ်။ နှစ်ကြိမ်က ကျနော့်အတွက်။ ကျန်တဲ့နှစ်ကြိမ်ကတော့  ကျနော့်အကိုအတွက်။

နောက်ဆုံး ကျနော့်ကို ဖမ်းမိခဲ့တာကတော့ မန္တလေးကပြန်ရောက်တဲ့ ၁၉၉၁ ခုနှစ်ရဲ့ ဒီဇင်ဘာည ပါပဲ။  ပြီးတော့ စစ်ခုံရုံးမှာ ကျနော့်ကို ထောင် ၁၀ နှစ်ချခဲ့တယ်။ 

အားပေးတဲ့အပြုံးတွေနဲ့ အမေ ပထမဆုံး ထောင်ဝင်စာ လာတွေ့ခဲ့တယ်။ အမေ့မျက်နှာဟာ ၀မ်းနည်း ပူဆွေး မနေ ပေမယ့်၊ မျက်ဝန်းတွေက ငိုကြွေးမနေပေမယ့် သူ့ရင်ထဲမှာတော့ မျက်ရည်တွေပြည့်လျှံနေမယ်ဆိုတာ ကျနော် သိနေ ခဲ့တယ်။

ရှစ်နှစ်ကြာပြီးနောက် ကျနော် ထောင်ကလွတ်လာတဲ့ အချိန်မှာတော့ အမေ့အပြုံးတွေကို ကျနော် မြင်ခွင့်မရှိတော့ပါ ဘူး။ ကျနော် ထောင်ကျနေတုန်းမှာပဲ အမေ ဆုံးပါးသွားခဲ့တယ်။

ဒါတွေဟာ ကျနော့် အတွက် ပေးဆပ်ခဲ့ရ ဆုံးရှုံးခဲ့ရတာတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင် ကျနော့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ တိုက်ပွဲဝင်ခဲ့သူတွေရဲ့ အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ရင် မဖြစ်စလောက်ပါဘဲ။ ကိုကိုးကျွန်းပြန် ဦးထွန်းစိန်၊ တောပြန် ကိုဘိုနီအောင်၊ ဗကသ ကိုကျော်သိုက်၊ ကဗျာတွေရေးတဲ့ ABSDF က ကိုထက်မိုး ၊ နောက်  ABSDF မှာ ဂုရုလို့ အမည်တွင်တဲ့ ကိုမြင့်အောင်၊ သူတို့တွေဆိုရင် အသက်ကိုတောင် စွန့်လွှတ်ခဲ့ကြတဲ့ အထိပါပဲ။  

သူတို့ ဟာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ထောင်ထဲမှာ၊ ထောင်ကလွတ်ပြီး ထိုင်းမြန်မာနယ်စပ်မှာ တော်လှန်ရေး လုပ် ရင်း သေဆုံးခဲ့ရတဲ့လူတွေထဲက တချို့ဖြစ်ပါတယ်။

သူတို့တွေ စွန့်လွှတ် အနစ်နာခံခဲ့တဲ့ ၈၈ ဒီမိုကရေစီ တိုက်ပွဲမရှိခဲ့ရင် မြန်မာပြည်ဟာ ဒီနေ့မြင်တွေ့နေရတဲ့ အခြေအနေ ကို ရောက်နေမှာ မဟုတ်ပါဘူး။

အာဏာရှင် နေ၀င်းရဲ့ မဆလ ပါတီ ပြုတ် ကျသွားခဲ့မှာမဟုတ်ဘူး၊ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေး မှာ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့NLD ပါတီဟာလည်း အဲဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရပြီး အနိုင်ရ ရှိခဲ့မှာမဟုတ်ဘူး။

စစ်အစိုးရက တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲတဲ့ စာချုပ်တွေလည်း ချုပ်ခဲ့မှာ မဟုတ် ဘူး။ လက်ရှိ စစ်အစိုးရအနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲကို စီစဉ်မှာ မဟုတ်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် ပါတီ တွေလည်း စစ်အစိုး ရဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ကို စိန်ခေါ်အံတုဖို့ အခွင့် အရေး ရမှာမဟုတ်ဘူး ။

8888-22-01နောက်ဆုံး အနေနဲ့ ၈၈ ဒီမိုကရေစီ တိုက်ပွဲ မရှိဘဲ မြန်မာပြည် အကြောင်း ကမ္ဘာသိအောင် သတင်း ဖြန့်ချိ နေတဲ့ ကျနော် တို့ရဲ့ ပြည်ပ စာနယ်ဇင်း အဖွဲ့အစည်း တွေလည်း ရှိလာမှာ မဟုတ်ဘူး။

ကျနော်တို့ အားလုံး ငြင်းလို့ မရတဲ့ အချက်က ၈၈ မျိုးဆက်တွေ ပေးဆပ်ခဲ့လို့ ကျနော်တို့  ဒီနေရာကို ရောက်လာ ခဲ့တယ် ဆိုတာပါပဲ။ ဒီနေ့ အထိလည်း ကျောင်းသား ခေါင်းဆောင်ဟောင်း မင်းကိုနိုင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀  ကျော်ဟာ သူတို့ရဲ့ ဘ၀တွေကို ထောင်ထဲမှာ ပေးဆပ်နေ ရတုန်းပါ။

အခု ကျနော်တို့ လျှောက်နေတဲ့ လမ်းက ထောင်ပေါင်း များစွာသော သွေးတွေ၊ ဘ၀တွေ၊ ၀ိညာဉ်တွေနဲ့ တည်ဆောက် ခဲ့ရတယ် ဆိုတာ ကျနော်တို့ မမေ့သင့်ပါဘူး။