ပြည်တော်ပြန်သင့် မပြန်သင့် (၃)

Tuesday, 23 August 2011 15:29
Print
U_Aye_Saungအခု သမ္မတဦးသိန်းစိန် ပြန်လာဖို့ခေါ်တာက စီးပွားရေး လုပ်ချင်တဲ့သူတွေကို ခေါ်တာပါ၊ လွတ်လွတ်လပ်လပ် နိုင်ငံရေး လုပ်ချင်တဲ့သူတွေကို ခေါ်တာ မဟုတ်ပါဘူး၊ တကယ် ဖြေရှင်းရမှာက နိုင်ငံရေးပြဿနာပါ၊ စစ်အာဏာရှင်စနစ်ကို ထိခိုက်မယ့် သူတွေကိုတော့ တကယ် ပြန်ခေါ်မှာ မဟုတ်ပါဘူး။
(ဦးအေးဆောင်၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး)

U_Zaw_Minယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို မလွှတ်သေးဘဲ ပြည်ပမှာရှိနေတဲ့ သူတွေ ပြန်လာပါဆိုတာ အဓိပ္ပာယ်မရှိဘူး၊ အရပ်ထဲမှာပြောသလို ပါးစပ်နဲ့လည်း ပြောမရဘူး၊ ပြန်စေချင်ရင် မြန်မာပြည်မှာရှိတဲ့ ပြဿနာတွေ ပြေလည်ပြီးမှ ဥပဒေကြောင်းအရ လွတ်ငြိမ်းချမ်းသာခွင့် အတိအကျ ထုတ်ရမယ်၊ ဒီမိုကရေစီ အရေးအတွက် လုပ်ဖော်ကိုင်ဘက်တွေက ထောင်ထဲမှာ၊ ကိုယ်ကတော့ အေးအေးဆေးဆေးပြန်တယ် ဆိုတာ သဘာဝကို မကျဘူး။
(ကိုဇော်မင်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ)

U_Myint_Waiနိုင်ငံတနိုင်ငံမှာ အစိုးရ ဆန့်ကျင်တဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ် ဆိုရင် ဖွဲ့စည်းပုံကို ပြင်ရမယ်၊ ဥပဒေအသစ် ဆွဲရမယ်၊ သာမန် နိုင်ငံရေးလုပ်တဲ့လူက နိုင်ငံရေး မလုပ်တော့ပါဘူး ဆိုပြီး ပြန်သွားဖို့ လွယ်ပေမယ့် တချို့ အစိုးရဆန့်ကျင်ရေး လုပ်တဲ့ တပ်မတော်သားဟောင်းတွေ အတွက်တော့ အခု ထုတ်ထားတဲ့ စစ်ခုံရုံး ဥပဒေ အဆင့်ဆင့်ကို ချေဖျက်ဖို့ အရင် လုပ်ရမယ်။ သေသေချာချာ ထုတ်ပြန်မပေးရင်တော့ ပြန်ဖို့တော့ မရှိဘူး။
(တပ်မတော်လေ ရဲဘော်ဟောင်း ဦးမြင့်ဝေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ)

အဓိက လိုအပ်ချက်တွေကို အရင် မလုပ်ဘဲနဲ့ ပြင်ပမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းက လူတွေကို ပြန်လာနိုင်ပါတယ် ဆိုတဲ့ အနှစ်သာရမဲ့တဲ့ စကားလုံးတွေကို ကျနော်တို့ကတော့ အယုံအကြည် မရှိပါဘူး။

ယနေ့ အချိန်မှာတော့ သူ ပြောသွားတဲ့ စကားတွေက ဘာနဲ့ သွားတူနေလဲ ဆိုတော့ ပထမတခေါက် အကျဉ်းသားတွေ ပြန်လွတ်သလိုပဲ၊ ထောင်တနှစ်လျှော့ပေးသွားတဲ့ ပုံစံမျိုးပဲ၊ သိပ်အနှစ်သာရ မရှိဘူး။
(ကိုအောင်လတ်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊  နိုင်ငံခြားရေးရာ ကော်မတီ)

U_Sein_Winပြန်လာစေ့ချင်တယ်ဆိုတာ ဟိုတဘက်ကလည်း လိုအပ်တဲ့ ပတ်ဝန်းကျင် အခြေအနေတခု ဖန်တီးပေးနိုင်မှ ဖြစ်တာ။  သိပ်ပြီးတော့ စွန့်စားရမယ့် ဟာဗျ။ စွန့်စားရမယ့်ဟာ ဆိုတာက ရောက်သွားရင် အမေနဲ့ ပြန်တွေ့မှာလား၊ ဒါမှမဟုတ် ကုန်သွယ်စီးပွား ပြန်လုပ်မှာလား၊  အဲလိုဆိုရင်တော့ ပြဿနာ မရှိဘူး။  သို့သော် နိုင်ငံရေး ပြန်လုပ်တယ်၊ ယုံကြည်ချက်အတွက်ကို စွဲကိုင်ပြီး ပြန်လုပ်မယ် ဆိုရင် ဟိုဘက်မှာ အခြေအနေရှိမှ ရမှာဗျ၊ အခြေအနေ မရှိရင် ခင်ဗျား ချောင်ပိတ်ခံရတာနဲ့ပဲ အဖက်တင်မှာပဲ။
(ကိုစိန်ဝင်း၊ တာဝန်ခံအယ်ဒီတာ၊ မဇ္ဈိမသတင်းဌာန)

ကျနော်ကတော့ မပြန်ဘူး။ ကျနော် ထောင်ထဲမှာ နှစ် ၂၀ နီးပါး နေခဲ့ပြီးပြီ။ သမ္မတပြောသွားတဲ့ မိန့်ခွန်းထဲမှာ ဘာအာမခံချက်မှ မရှိဘူးလေ။ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ကျနော်တို့ရဲဘော်တွေကိုတောင် မလွှတ်သေးဘူး။ အရင်အစိုးရကလည်း အခုလိုပဲ ခေါ်ခဲ့သေးတယ်။ အဲဒါကို ယုံကြည်ပြီး သွားတဲ့လူတွေ ထောင်ထဲမှာ ဖမ်းထားတာ
အများကြီးပဲ ရှိတယ်။

ကျနော်အ့နေနဲ့လည်း  ထောင်ထဲမှာ ထပ်နေဖို့ အဆင်သင့် မဖြစ်သေးဘူး။ အရပ်သား အစိုးရ ဆိုပေမယ့် အရင် စစ်အစိုးရလူတွေပဲ ဖြစ်နေတယ်။ နောက်တခုက ဒီမိုကရေစီ အခင်းအကျင်း တခုမှ မတွေ့ရသေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြုပြင်သရွေ့ဒီမိုကရေစီ စံချိန် စံညွန်း ဖြစ်လာမှာ မဟုတ်တဲ့ အတွက် မယုံကြည်သေးဘူး။ အာမခံချက် တခုခုပေးပြီး ခေါ်ရင်တောင် မပြန်သေးဘူး။ စာရွက်ပေါ်မှာ အပြောင်းအလဲ လုပ်ပေမယ့် လက်တွေ့ မလုပ်သမျှ မယုံကြည်သေးတဲ့အတွက် ပြန်ဖို့ အစီအစဉ် မရှိသေးပါဘူး။
(ကိုလင်းသန့်၊ သတင်းထောက်၊ ဧရာဝတီသတင်းဌာန)

Toe_Zaw_Lattစိတ်ဝင်စားစရာကောင်းပါတယ်။ ခေါ်တာက သိပ်ပြီးတော့ အထွေထွေဆန်လွန်းပါတယ်။ ဘယ်ကဏ္ဍမှာ ခေါ်လဲ ဆိုတာ ရှင်းရှင်းလင်းလင်းလည်း မပြောသေးပါဘူး။ ဘယ်ကဏ္ဍကို လာလုပ်ဖို့ ပြောနေတာလဲ၊ NGO လာလုပ်ဖို့ ပြောနေတာလား။  ဖွံ့ဖြိုး တိုးတက်ရေးတွေက ဘာဖွံဖြိုးတိုးတက်ရေးလဲ၊ ဥပမာ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေ လာလုပ်ဖို့ ပြောနေတာလား။ ဒါမှမဟုတ် နိုင်ငံရေးတွေ လုပ်ခွင့်ပေးမှာလား။

ကျနော်တို့ ဗမာပြည်ကနေ ထွက်လာတာက ဗမာပြည်ကို ကောင်းစေချင်လို့ လုပ်နိုင်မယ့် နည်းလမ်းတွေ လာရှာတာပါ။ ပြည်ပမှာ လာနေချင်လို့နေတာ မဟုတ်ပါဘူး။ ကျနော်ဆိုလည်း ပြည်ပမှာ ၂၃ နှစ် ရှိပါပြီ၊ ဒီအတိုင်း နေနေတာတော့ မဟုတ်ပါဘူး၊ ပိုမို ပွင့်လင်းအောင် မြန်မာပြည်ရဲ့ society တခု အနေနဲ့ လုပ်နေတာပါ။ တကယ်လို့များ မြန်မာပြည်ထဲမှာ အဲဒီလို ပေးလုပ်မယ် ဆိုရင် ကျနော်တို့ အတိုင်းထက်အလွန် ၀မ်းသာပြီး ပြန်ပါ့မယ်။ ဒါပေမယ့် ရိုးရိုးပြန်လာပြီး ဘာမှ မလုပ်နဲ့ဆို ကျနော်တို့ မပြန်သေးပါဘူး။ လုပ်နိုင်တဲ့ နေရာကနေပဲ လုပ်မှာပါ။

DVB ဟာ မြန်မာပြည် ပြန်ခွင့်ရမယ် ဆိုရင် တကယ်ပြန်ပြီး လုပ်ဖို့ ရှိပါတယ်။ နဂိုကတည်းက အများပြည်သူနဲ့ ဆိုင်တဲ့ သတင်းမီဒီယာတခုလို့ ပြောပြီးသားပါ။
(ကိုတိုးဇော်လတ်၊ ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန၊ ထိုင်းနိုင်ငံဌာနခွဲ တာဝန်ခံ)