ဦးကျော်ဆန်း ပြောဆိုချက်များ အစိုးရသတင်းစာ ထိန်ချန်

နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပတ်သက်သည့် ပြောကြားချက် အပါဝင် စာနယ်ဇင်းသမား တချို့၏ မေးမြန်းချက်များကို အစိုးရ သတင်းစာများ၌ ထိန်ချန်ဖော်ပြထားကြောင်း သိရှိရသည်။

Your_Question_Make_me_sad_and_cry
“ဦးကျော်ဆန်းက တပ်မတော်က KIA နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို နှိမ်နင်းနိုင်တဲ့ အင်အားရှိတယ်။ မတိုက်ချင်လို့၊ ငြိမ်းချမ်းရေးလိုလားလို့ မတိုက်တာဆိုတဲ့သဘော ထည့်ပြောတယ်။ ဒါပေမယ့် သတင်းစာထဲမှာ ပါလာတာက SSA (၀မ်ဟိုင်း) နေရာကို တပ်မတော်က မတိုက်ဘူး။ မတိုက်တာက ၀မ်ဟိုင်းက SSA ရဲ့နေရာအဖြစ် သတ်မှတ်ပေးထားလို့ တပ်မတော်ကနေ မတိုက်ပါဘူးလို့ ပြောတာလေးပဲ” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည် စာနယ်ဇင်းသမားတဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာစတင်ယူပြီး ၄ လကျော်အကြာတွင် နေပြည်တော်၌ သြဂုတ်လ ၁၂ ရက်နေ့က ပြည်ပ သတင်းဌာန ကိုယ်စားလှယ်များနှင့် ပြည်တွင်း စာနယ်ဇင်းသမားများကို ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားရင်း ငိုကြွေးခဲ့ကြောင်း၊ သတင်းထောက်တချို့ မေးမြန်းသော မေးခွန်းများနှင့် ဦးကျော်ဆန်း ဖြေဆိုသော အဖြေများကို အစိုးရသတင်းစာများတွင် မဖော်ပြထားကြောင်း ပြည်တွင်းသတင်းထောက်များက ပြောသည်။

Venus သတင်းဂျာနယ်မှ အယ်ဒီတာ ကိုထက်နိုင်ဇော်က “တပ်မတော်နှင့် KIA အကြား ဖြစ်ပွားသော စစ်ပွဲများတွင် KIA မှာပဲ တာဝန်ရှိတယ်လို့ ဆိုလိုချင်တာပါလား” ဟု မေးမြန်းသော မေးခွန်းကို ၀န်ကြီး ဦးကျော်ဆန်း ပြန်လည် ဖြေကြားချက်အား သတင်းစာတွင် ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည် အယ်ဒီတာတဦးက “ကိုထက်နိုင်ဇော် မေးခွန်းကို ၀န်ကြီးက ကျနော် ၂ နာရီလောက် ရှင်းလာတာ နားမလည်လို့လား။ ထုတ်ပြန်ချက် စာရွက်လည်းပေးထားတယ်။ ပြန်ဖတ်ကြည့်ပါ။ KIA မှာ အလုံးစုံတာဝန်ရှိတယ်ဆိုပြီး ဦးကျော်ဆန်းက ပြန်ဖြေတယ်။ အဲဒီမေးခွန်းကြားကတည်းက တော်တော် စိတ်မကောင်း ဒေါသထွက်တဲ့လေသံမျိုးနဲ့ ၀န်ကြီးက ပြန်ဖြေတာ။ ဒါပေမယ့် အဲဒီမေးခွန်းကိုတော့ သတင်းစာမှာ မဖော်ပြဘူး” ဟု ပြောသည်။

သတင်းထောက်များက မြစ်ဆုံရေကာတာ စီမံကိန်းအကြောင်းကို မကြာခဏ မေးမြန်းခဲ့ပြီး ယင်းမေးခွန်းများကို ဖြေကြားရင်းနှင့်ပင် ဝန်ကြီး ဦးကျော်ဆန်းက ငိုကြွေးခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတက်ရောက်ခဲ့သည့် အယ်ဒီတာက ဆက်လက်၍ “မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ သတင်းထောက်တွေက ခဏခဏ မေးကြတယ်။ အဓိက ဆိုလိုတာက မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်တယ်ဆိုတာကို သတင်းထောက်တွေက မေးခွန်းမေးရင်း ထောက်ပြကြတယ်။ နောက်ဆုံး ဇေယျာမြတ်ခိုင် (မော်နီတာ သတင်းဂျာနယ်) မေးတဲ့ မြစ်ဆုံစီမံကိန်း မေးခွန်းကို ဖြေရင်းနဲ့ပဲ ၀န်ကြီးလည်း ငိုတော့တာပဲ” ဟု ပြောသည်။

မြစ်ဆုံစီမံကိန်းနှင့် ဆက်စပ်ပြီး နိုင်ငံခြားပညာရှင်တချို့သည် မြန်မာအပေါ် အထင်သေးလွန်းလှပြီး မြန်မာများသည် မလုပ်တတ်၊ မကိုင်တတ်နှင့် ရေရှည်မကြည့်တတ်သယောင် သုံးသပ်ကြကြောင်း၊ နိုင်ငံတော် အကြီးအကဲများအနေဖြင့် နိုင်ငံနှင့်လူမျိုး နစ်နာမည့်ကိစ္စကို မလုပ်ပါကြောင်း၊ တပ်မတော်အစိုးရသည် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံတွင် အနည်းငယ်မျှသာရှိတော့သည့် နိုင်ငံခြားငွေကြေးဖြင့် ရပ်တည် လည်ပတ်ကာ ယနေ့အခြေအနေ ရောက်ရှိစေရန် လုပ်ဆောင်ပေးခဲ့ကြောင်း၊ မည်မျှပင် ကောင်းအောင် လုပ်ပေးသော်လည်း အကောင်းမမြင်မှုများ ရှိနေကြောင်း၊ အထူးသဖြင့် အမေရိကန်ကဲ့သို့သော အင်အားကြီး နိုင်ငံကြီးများက ၀ိုင်းဝန်း လက်ညှိုးထိုး ဝေဖန်ကြကြောင်း ပြောကြားရင်း ၀န်ကြီး ဦးကျော်ဆန်းသည် မျက်နှာနီမြန်းကာ မျက်ရည်ကျခဲ့သည်။

နောက်ဆုံးတွင် ဦးကျော်ဆန်း စကားတခွန်းမျှ မပြောနိုင်တော့ဘဲ ထိုင်ချသွားခဲ့သည်။

“ဦးကျော်ဆန်း မျက်နှာကြီး နီမြန်းပြီး မျက်ရည်တွေကျလာတယ်။ ဘေးနားက အရာရှိတွေက ရေတိုက်တဲ့သူက တိုက်။ ပြာယာခတ်ကုန်တယ်။ သတင်းစာရှင်းလင်းပွဲ တက်လာတဲ့ ဒုဝန်ကြီးတွေလည်း တယောက်မျက်နှာ တယောက်ကြည့်ပြီး အကုန်တိတ်ဆိတ်သွားတယ်။ အခမ်းအနားမှူးက သတင်းစာရှင်းလင်းပွဲ ပြီးဆုံးပြီလို့ ကြေညာဖို့ စပြောတဲ့အချိန်ကျမှ ဦးကျော်ဆန်းက ရတယ်၊ မေးခွန်းကို မဖြေနိုင်လို့မဟုတ်ဘူး။ ခံစားချက်ကြောင့် ဖြစ်သွားတာဆိုပြီး မေးခွန်းကို ပြန်ဖြေတယ်” ဟု သတင်းထောက်တဦးက ပြောသည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် ဦးကျော်ဆန်းက ၄င်းမျက်ရည်ကျ ငိုကြွေးခဲ့သည့်ကိစ္စကို မဖွရန်နှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် ပြည်တွင်းပြည်ပ သတင်းထောက်များကို ရယ်မောပြီး လိုက်လံပြောဆို နှုတ်ဆက်ခဲ့သည်။

ပြည်တွင်း စာနယ်ဇင်းဆရာတဦးက “ဦးကျော်ဆန်းက မေးတဲ့မေးခွန်းတွေကိုလည်း ဝေ့လည်ကြောင်ပတ်ဖြေတယ်။ သတင်းစာရှင်းလင်းပွဲ အမေးအဖြေကဏ္ဍ မစခင်ကလည်း ဦးကျော်ဆန်းက သင့်တင့်လျှောက်ပတ်တဲ့ မေးခွန်းပဲ မေးကြပါဆိုပြီး သတင်းထောက်တွေကို မေတ္တာရပ်ခံတယ်” ဟု ပြောသည်။

ယခင် နအဖ စစ်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးကျော်ဆန်းသည် အစိုးရသစ် လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနအပြင် ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်း ကိုင်တွယ်ရသည်။

သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ဆန်းက မိမိအနေနှင့် ယခင်က ယဉ်ကျေးမှုဝန်ကြီးဌာနကို အလုပ်နည်းပါးသော ၀န်ကြီးဌာနအဖြစ် ရှုမြင်ခဲ့ပြီး နိုင်နင်းမည်ဟု ထင်မြင်ခဲ့ကြောင်း၊ လက်တွေ့တွင် ယဉ်ကျေးမှု ၀န်ကြီးဌာနသည် အလုပ်များလွန်းလှပြီး ဌာန ၂ ခု၏ အလုပ်များကြောင့် မအားမလပ်ဖြစ်နေကြောင်း သတင်းထောက်များကို ပြောသည်။

“၀န်ကြီးဌာန ၂ ခုကိုင်ထားပေမယ့် ၀န်ကြီးဌာနတခုရဲ့ ၀န်ကြီးတဦးရတဲ့ လစာဖြစ်တဲ့ ၆ သိန်းပဲကျနော်ရတယ်” ဟု ဦးကျော်ဆန်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ၀န်ကြီး ဦးကျော်ဆန်းဦးဆောင်သော ၁၁ ဦးပါ အဖွဲ့ကို နိုင်ငံတော်ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့အဖြစ် သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန် ခန့်အပ်ခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်