မနောပွဲတွင် စစ်အစိုးရ ဆန့်ကျင်စာ ဖြန့်ဝေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ စတင်သည့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတွင် ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက စစ်အစိုးရ ဆန့်ကျင်ရေးစာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

Kachin-Manaw-2011မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အစိုးရ အရာရှိများက ပွဲတော်ကျင်းပရေး ကော်မတီတွင် ပါဝင်ထိန်းချုပ်မှုများ ပြုလာသောကြောင့် ကျေနပ်မှု မရှိသည့်အပြင်၊ စစ်အာဏာရှင်စနစ် ကျဆုံးစေရန် လှုံ့ဆော်သည့်အနေဖြင့် စာများဖြန့်ဝေရခြင်း ဖြစ်ကြောင်း ကချင် ကျောင်းသားသမဂ္ဂ အဖွဲ့ကဆိုသည်။

“A4 ဆိုဒ် စာရွက် ၂၀၀၀ မှာ ၂၀၀၈ အခြေခံ ဥပဒေအား အလိုမရှိ၊ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အလိုမရှိ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်၊ နအဖ စစ်အစိုးရ ကျဆုံးရန် ဆိုတာတွေ ရေးပြီး မနက်က ဖြန့်ပါတယ်။ မြို့ထဲက လမ်းတွေမှာ ကျဲဖြန့်တယ်။ တချို့ကို သစ်ပင်နဲ့ တိုင်တွေမှာ ကပ်ခဲ့တယ်” ဟု ကချင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တဦးက ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့် နှစ်များက ပွဲတော်ကျင်းပရေးကော်မတီတွင် ကချင်ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့မှ ကချင်တိုင်းရင်းသား လူကြီးများသာ ပါဝင်ခဲ့သော်လည်း ယခုနှစ်၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိများပါဝင် ချယ်လှယ်လာကြောင်း၊ ထို့ပြင် ယခင်နှစ်များက မနောကွင်း အ၀င်မုခ်ဦး၌ “ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” ဟု ရေးသားခဲ့သော်လည်း ယခုနှစ်တွင်မူ “၆၃ နှစ်မြောက် ကချင်ရိုးရာ ယဉ်ကျေးမှု ပြည်ထောင်စု မနောပွဲတော်” ဟု ရေးသားသုံးနှုန်းလာ၍ ဒေသခံများက မကျေနပ်ကြဘဲ စိတ်ပါဝင်စားမှု နည်းနေကြောင်း သူကဆိုသည်။

ဆက်လက်၍ ၎င်းက “ကြေးမုံ သတင်းစာမှာလည်း ပြည်ထောင်စု မနောပွဲလို့ ရေးလာတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ အရင်နှစ်တွေကလောက် ပြည်သူလူထုက အားတက်သရော မရှိကြဘူး။ ကျနော်တို့က မနောပွဲကို ဆန့်ကျင်ချင်တာ မဟုတ်ပါဘူး။ ကချင်တိုင်းရင်းသားတွေရဲ့ ပွဲကို အစိုးရက ဒီလို ထိန်းချုပ်တာတွေ လုပ်လာတာကို ဆန့်ကျင်တာပါ” ဟု ပြောသည်။

မနောပွဲတော် လုံခြုံရေးကိုလည်း ယခင်နှစ်များကဲ့သို့ ကချင်ယဉ်ကျေးမှုအဖွဲ့ဝင် လူငယ်များက တာဝန် မယူရတော့ဘဲ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များကိုသာ တာဝန်ပေးထားသည်ဟု အဆိုပါ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်က ဆိုသည်။

မြစ်ကြီးနားမြို့ခံတဦးကလည်း “အခုက ခါတိုင်းလုပ်နေကျ မနောကွင်းမှာ ဆိုပေမယ့် သူတို့ဟာသူတို့ လုပ်နေတာ ဆိုတော့ သိပ် စိတ်မ၀င်စားကြဘူး။ ကျောင်းသားတွေကိုဆို အတင်း သွားခိုင်းတယ်။ စိတ်မ၀င်စား ပေမယ့်လည်း အတင်းအဓမ္မ ခိုင်းနေတော့ သွားကြရတာပေါ့” ဟု ပြောသည်။

အဆိုပါ မနောပွဲတော်ကို ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရုပ်မြင်သံကြားလိုင်း တခုဖြစ်သည့် Studio 35 မှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း၊ Iron Cross တေးဂီတအဖွဲ့မှ စင်တင်တေးဂီတ ဖျော်ဖြေခြင်းများ ရှိမည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်