ဝနှင့် ကချင် တရုတ်ထောက်ခံမှု လိုလားဟု ICG ထုတ်ပြန်

Tuesday, 21 September 2010 19:17 ဧရာဝတီမြစ်ရဲ့ ပဲ့တင်သံ
Print
ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) နှင့် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့က မြန်မာနိုင်ငံ အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် ရရှိရန်အတွက် တရုတ်အစိုးရ၏ ထောက်ခံမှုရရန် ကြိုးစားခဲ့ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာ ရေးအဖွဲ့ (ICG) က ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

News-China-Policyအဆိုပါ အစီရင်ခံစာတွင် KIO သည် တရုတ်ပြည်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများကဲ့သို့ အုပ်ချုပ်ခွင့် ရရှိရန် တရုတ်အစိုးရနှင့် ဆွေးနွေးခဲ့ပြီး တရုတ်အစိုးရက ယင်းတောင်းဆိုချက်ကို ထောက်ခံစေ လိုသည်ဟု China's Myanmar Strategy: Elections, Ethinic Politics and Economics ဟု အမည်ပေးထားပြီး စာမျက်နှာ ၂၀ ပါရှိသည့် ယင်း အစီ ရင်ခံစာတွင် ရေးသားထားသည်။

ICG ၏ တရုတ်ပြည်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Stephanie Kleine- Ahlbrandtကလည်း “၀တွေလည်း ဒီအယူအဆမျိုးရှိပါတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုတဲ့စကားလုံးမျိုးတော့ အတိအကျ မသုံးဘူး”ဟု ဧရာဝတီ ကို ပြောသည်။

ထို့အပြင် တိုင်းရင်းသားများအနေဖြင့် တရုတ်အစိုးရသည် စစ်အစိုးရနှင့်နီးကပ်စွာ ဆက်ဆံနေခြင်းကို သဘောမကျကြောင်း၊ ကချင် နှင့် ၀ လက်နက်ကိုင်အဖွဲ့များကို စစ်အစိုးရနှင့် ဆွေးနွေးရန် တရုတ်အစိုးရက ဖိအားပေးနေခြင်းသည် ၎င်း၏ အကျိုးစီးပွား အတွက် တိုက်တွန်းနေခြင်း ဖြစ်သည်ဟု မြင်ကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် လက်ရှိအခြေအနေတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူမည်ဆိုလျှင်လည်း စစ်မှန်သော ငြိမ်းချမ်းရေး ရမည်မဟုတ်ဟု တိုင်းရင်းသားများက ယုံကြည်နေကြောင်းလည်း ပါရှိသည်။

ထို့အပြင် တရုတ်-မြန်မာနယ်စပ်တွင်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်း လဲရေး နှင့် ပတ်သက်၍ စစ်အစိုးရက ပြတ်ပြတ်သားသား အရေးမယူခြင်းသည် တရုတ်နိုင်ငံမှ ကြားဝင်ညှိနှိုင်းမှုများရှိကြောင်း၊ ထိုသို့ စစ်အစိုးရဘက်မှ စစ်ရေးအရ အရေးမယူခဲ့သည့်အတွက် တရုတ်အစိုးရ၏ စိုးရိမ်စိတ်များ လျော့ပါးခဲ့ရကြောင်း အစီရင်ခံစာ၌ ရေးသား ထားသည်။

စစ်အစိုးရက ယင်း အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် ယခုနှစ် ဧပြီလအတွင်း ပြောင်းလဲရန် နောက်ဆုံး ရာဇသံ ပေးခဲ့သော်လည်း တိကျသည့် အရေးယူဆောင်ရွက်ခဲ့ ခြင်းမရှိပေ။

လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှုမဖြစ်နိုင်ဟု နိုင်ငံတကာ အသိုင်းအ၀န်းက ပြောဆိုနေသော် လည်း တရုတ်နိုင်ငံအနေဖြင့်မူ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံရန် အလားအလာမြင်တွေ့နေရကြောင်း၊ ၎င်းရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အရပ်သား အစိုးရတရပ်နှင့် ဆက်ဆံရမည်ဆိုလျှင် နိုင်ငံတကာအလယ်တွင် တရုတ်ပြည်၏ ပုံရိပ် ပိုမို ကောင်း မွန် လာမည် ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

လက်ရှိ အခြေအနေတွင်တရုတ်ပြည်သည် ဆူဒန်၊ အီရန်၊ မြောက်ကိုရီးယား နှင့် မြန်မာ အစရှိသည့် ရက်စက်ကြမ်းကြူတ်သော အစိုးရများနှင့် ဆက်ဆံနေသည်ဟု နိုင်ငံတကာ အသိုင်းအ၀န်းတွင် ဝေဖန်ခံနေရသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် စစ်အစိုးရနှင့် ပိုမိုနီးကပ်စွာဆက်ဆံမှု ပြုလုပ်နေခြင်းသည် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ အပေါ် ထိတွေ့ဆက်ဆံသည့် မူဝါဒ ကျင့်သုံးလာခြင်းသည်လည်း အကြောင်းရင်းတရပ် ဖြစ်ကြောင်း၊ ထိုမူဝါဒသည် မြန်မာနိုင်ငံ အပေါ်တွင် သက်ရောက်နေသည့် တရုတ်၏ သြဇာနှင့် ရင်းနှီးမြုပ်နှံမှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်သည်ဟု တရုတ် အစိုးရက ယူဆပြီး ဆက်ဆံရေး တိုးမြှင့်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ဆက်ဆံရေး တိုးမြှင့်မှုကြောင့် ၂၀၀၉ ခုနှစ် မတ်လမှ စတင်ပြီး မြန်မာနိုင်ငံသို့ တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင် သုံးဦး လာရောက်လည်ပတ်ခဲ့ခြင်းကို ထောက်ပြပြောဆိုသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ရွှေမန်း၊ ဗိုလ်ချုပ်ကြီး ဟောင်း သီဟသူရ တင်အောင်မြင့်ဦး တို့ တရုတ်ပြည်သို့ ငါးရက်ကြာ ခရီး သွားရောက်ခဲ့ သေးသည်။

ယင်းခရီးစဉ်တွင် တရုတ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးခဲ့ ကြောင်း၊ တရုတ်အစိုးရက နှစ်နိုင်ငံ နယ်စပ်တွင် ချစ်ကြည်ရေးပျက်ပြားစေမည့် အတိုက်အခံ လှုပ်ရှားများကို ခွင့်မပြုကြောင်း ပြောဆိုသည်ဟု စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သော ဇွန်လအတွင်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ စစ်အစိုးရနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် ၁၅ ချက် လက်မှတ်ရေးထိုးခဲ့ပြီး ရခိုင်ကမ်းလွန်ဒေသမှ ထွက်သည့် သဘာဝဓာတ်ငွေ့ များကို သယ်ယူမည့် ပိုက်လိုင်းစီမံကိန်း၊ ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်းစသည့် ကဏ္ဍတို့ ပါဝင်သည်။

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တွင် တရုတ်တို့၏ ရင်းနှီးမြုပ်နှံမှုများသည် ဒေသခံလူထုကို အကျိုးမပြုဘဲ သဘာဝ ပတ်ဝန်းကျင်နှင့် တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများကိုပါ ပျက်စီးစေကြောင်း၊ ထိုသို့ ဆိုးကျိုးများကို တရုတ်အစိုးရမှ မထိန်းနိုင်လျှင် ဒေသခံများ၏ အကြမ်းဖက် တုံ့ပြန်မှုများကို ခံရနိုင်ကြောင်း ထောက်ပြသည်။

ယခုနှစ် ဧပြီလအတွင်းက ကချင်ပြည်နယ် မြစ်ဆုံဒေသရှိ စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်နေသည့် စီမံ ကိန်း ဧရိယာအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သေးသည်။