ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

“ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ အနုပညာရှင်များ၏ ပြပွဲ ဖွင့်ပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့စဉ် ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်နိုင်ရန် ဆုတောင်းပေးခဲ့ကြောင်း သိရသည်။

News_Save_The_Irrawaddy_Sep__22__2011Yan_Paiရန်ကုန်တိုင်း ဒဂုံမြို့နယ် ယောမင်းကြီးလမ်း ရှိ Gallery 65 တွင် ယနေ့နံနက်က ဖွင့်လှစ်ခဲ့သည့် အဆိုပါပြပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီ မြစ်ကြီး တည်တံ့ရေးကို အားလုံးက စုစုစည်းစည်း လုပ်မယ်ဆိုရင် ညီညွတ်ရေး အတွက်လည်း ဖြစ်တယ်။ အားလုံး ယုံကြည်တဲ့ ကိစ္စတခုကို အခြေခံပြီး ညီညွတ်မှုယူနိုင်ရင် တဖြည်းဖြည်းနဲ့ ညီညွတ်ရေး ပိုဖြစ်လာနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း အဆိုပါ ပြပွဲသို့ သွားရောက်ခဲ့သည့် စာနယ်ဇင်း သမားတဦးက ဆိုသည်။

ယခုပြပွဲတွင် အနုပညာရှင် ၅၄ ဦး၏ ဧရာဝတီနှင့် ပတ်သက်သည့် ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ ၁၄၂ ခုကို ပြသထားသည်ဟု သိရသည်။

ပြပွဲစီစဉ်သူ တဦးဖြစ်သည့် ဦးရဲနိုင်မိုးက ပြပွဲတင်ဓာတ်ပုံများသည် ၂၀၀၉ – ၂၀၁၀ ခုနှစ်များ၌ သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ဓာတ်ပုံဆရာများ စုပေါင်းကာ မန္တလေးမြို့မှနေ၍ မေခ၊ မေလိခ ပေါင်းဆုံသည့် ကချင်ပြည်နယ် မြစ်ဆုံအထိ ဧရာ ၀တီမြစ်အတွင်း အထက်အောက် သွားလာ ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်သည်ဟု ရှင်းပြသည်။

“ဧရာဝတီမြစ်ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ပြီးရင် ဒီလိုမြင်ကွင်းမျိုးတွေ မြင်ရမှာမဟုတ်တော့ဘူး။ ဒါကြောင့် အမှတ်ရ ပြပွဲလုပ် တာပါ” ဟု ၎င်းက ဆိုသည်။

ယခု ပြပွဲမှ ဓာတ်ပုံ ပညာရှင်များ ဖြစ်ကြသည့် မျိုးမြင့်ဆွေ၊ စိုးဝင်းငြိမ်း၊ ထွန်းဝင်းငြိမ်း၊ ညီပုလေး၊ ဦးဖေမောင်သိန်းတို့၏ လက်ရာများ ပါဝင်သော “မြစ်တစင်း၏ ပုံရိပ်” အမည်ရှိ ဓာတ်ပုံစာအုပ်ကိုလည်း ယနေ့ စတင်ဖြန့်ချိလိုက်ကြောင်း ဦးရဲနိုင်မိုးက ဆက်လက် ရှင်းပြသည်။yp400

ပြပွဲတွင် ကာတွန်း စိုးသော်တာ၏ “တရားခံများတွင် သမိုင်းတရားခံမှာ အဆိုးဆုံးဖြစ်သည်” ဆိုသည့် ကာတွန်းကို စာပေစိ စစ်ရေးက တားမြစ်သည့် အတွက် ဖြုတ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ပြပွဲ ဖွင့်ပွဲကို ပရိသတ် ၁၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး နိုင်ငံရေး ပါတီများ၊ နာမည်ကြီး စာရေးဆရာ၊ ရုပ်ရှင်၊ ဂီတ အနုပညာ ရှင်များ၊ စာပေနှင့် စာနယ်ဇင်း အသိုင်းအ၀န်းအပြင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ လာရောက်ကြောင်း သိရသည်။

ဧရာဝတီ မြစ်အတွင်း ကိုယ်တိုင်သွားရောက် ဓာတ်ပုံရိုက်ကူး တင်ပြခဲ့သည့် မန္တလေးသား စာရေးဆရာ ညီပုလေးကလည်း “ဧရာဝ တီက အရင်လို မဟုတ်တော့ဘူး။ ကမ်းတလျှောက် ရေပိုက်တွေနဲ့ထိုးပြီး ရွှေတွေကျင်နေတာ အရမ်းပျက်စီးပြီး အကျည်းတန်နေပြီ။ စိတ်မချမ်းသာဘူး” ဟု ဆိုသည်။

ဧရာဝတီမြစ်အတွင်း တရုတ်နိုင်ငံမှ လာရောက် ရွှေကျင်ခြင်း၊ သတ္တုတူးဖော်ခြင်း ပြုလုပ်နေသည့် ဖောင်များ၊ သင်္ဘောများကိုလည်း အထက်ပိုင်း မြစ်ကြောင်းတလျောက် တွေ့မြင်ရပြီး သစ်လုံးတင်သင်္ဘော အများအပြား သွားလာနေသည်ကို တွေ့ရကြောင်း
သောင်များ အလွန်အကျွံ ထွန်းနေသည့်အတွက် မြစ်ကြောင်းမှာ ကျဉ်းမြောင်းသွားသည်ကို သတိထားမိကြောင်း စာရေးဆရာညီပု လေးက ဆက်လက်ပြောပြသည်။

ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မေလိခ မြစ်နှစ်သွယ်သည် မြစ်ကြီးနားမြို့ တန်ဖဲ ရွာ အနီးတွင် ပေါင်းဆုံ၍ ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့ကို ဖြတ် သန်းစီးဆင်းသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်အာဏာ ရယူခဲ့ချိန်မှစ၍ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်နေသည့် မြစ်နှင့် ချောင်းလက်တက်များတွင် ဆည်များ တည်ဆောက်ခဲ့ခြင်း၊ မြစ်ကူးတံတားများ တည်ဆောက်ခြင်းတို့ကြောင့် မြစ်ကြောင်းများ ပြောင်းလဲကာ ရေနည်းပါးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုအစိုးရက ထပ်မံ၍ ဧရာဝတီမြစ်ဖျား မေခနှင့် မေလိခဆုံရာ မြစ်ဆုံဒေသ၌ တရုတ်အစိုးရပိုင် (CPI) ကုမ္ပဏီဖြင့် ပူးပေါင်းကာ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ပြုလုပ် နေသည့် အတွက် ပြည်သူများက အတိအလင်း ဆန့်ကျင်ကန့်ကွက် ပြောဆိုမှုများ ပြုလုပ်နေသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်